မဇ္ဈိမနိကာယ်

၅—ဗောဓိရာဇကုမာရသုတ်

၃၂၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားသမင်တို့အား ဘေးမဲ့ပေးရာဖြစ်သော ပဲစင်းငုံတော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဗောဓိမင်းသား၏ ကောကနဒမည်သောပြာသာဒ်သည် မကြာမီက ဆောက်လုပ်၍ ပြီး၏။ ရဟန်း ပုဏ္ဏားနှင့် လူတစ်စုံတစ်ယောက်မျှ မနေဖူးသေးချေ။ ထိုအခါ ဗောဓိမင်းသားသည် သဉ္ဇိကာပုတ္တလုလင်ကို (ဤသို့) ပြောဆို၏— “အချင်းသဉ္ဇိကာပုတ္တလာလော့၊ သင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ့စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကိုဦးတိုက်လော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းများကို မေးလျှောက်လေလော့— ‘အသျှင်ဘုရား ဗောဓိမင်းသားသည် အသျှင်ဘုရား၏ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်းသန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းများကို မေးလိုက်ပါ၏’ဟု (လျှောက်လေလော့)။ (ထို့ပြင်) အသျှင်ဘုရား မြတ်စွာဘုရားသည် နက်ဖြန်အဖို့ ဗောဓိမင်းသား၏ ဆွမ်းကို ရဟန်းသံဃာနှင့်အတူလက်ခံတော်မူပါဟူ ၍လည်း လျှောက်လေလော့”ဟု (ပြောဆို၏)။ “အရှင်မင်းသား ကောင်းပါပြီ”ဟုသဉ္ဇိကာပုတ္တလုလင် သည် ဗောဓိမင်းသားအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးနောက်မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေကာ “ဗောဓိမင်းသားသည် အသျှင်ဂေါတမ၏ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်းသန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများ ကို မေးလိုက်ပါ၏၊ ‘အသျှင်ဘုရား (ထို့ပြင်) အသျှင်ဂေါတမသည် နက်ဖြန်အဖို့ ဗောဓိမင်းသား၏ ဆွမ်း ကို ရဟန်းသံဃာနှင့်အတူလက်ခံတော်မူပါ’ ဟူ၍လည်း လျှောက်လိုက်ပါ၏”ဟု လျှောက်၏။ မြတ်စွာ ဘုရားသည်ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် သဉ္ဇိကာပုတ္တလုလင်သည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှထကာမြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ဗောဓိမင်းသားထံသို့ ချဉ်းကပ်၍ ဗောဓိမင်းသားအား”အရှင် အကျွန်ုပ်တို့သည် အရှင်မင်းသား၏ စကားဖြင့် ထိုအသျှင်ဂေါတမကို ဗောဓိမင်းသားသည်အသျှင်ဂေါတမ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလိုက်ပါသည်၊ (ထို့ပြင်) ‘အသျှင်ဂေါတမသည် နက်ဖြန်အလို့ငှါ ဗောဓိမင်းသား၏ ဆွမ်းကို ရဟန်းသံဃာနှင့်အတူလက်ခံတော်မူပါ’ ဟူ၍လည်း လျှောက် လိုက်ပါ၏ဟု (ဤသို့) လျှောက်ခဲ့ပါကုန်ပြီ၊ ရဟန်းဂေါတမကလည်း လက်ခံလိုက်ပါ၏”ဟု ဆို၏။

၃၂၅။ ထိုအခါ ဗောဓိမင်းသားသည် ထိုညဉ့်လွန်မြောက်ပြီးနောက် မိမိနန်းတော်၌ မွန်မြတ်သောခဲဖွယ်ဘောဇဉ်ကို စီရင်ပြီးလျှင် ကောကနဒပြာသာဒ်ကိုလည်း နောက်ဆုံး လှေကားထစ်တိုင်အောင်ပုဆိုးဖြူ တို့ဖြင့် ခင်းစေပြီးလျှင် သဉ္ဇိကာပုတ္တလုလင်ကို (ဤသို့) ပြောဆို၏—“အချင်းသဉ္ဇိကာပုတ္တလာလော့၊ သင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ‘အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ’ဟု မြတ်စွာဘုရားအား အချိန် (တန်ကြောင်း) ကို လျှောက်လေလော့”ဟု (မိန့်ဆို၏)။ “အရှင် ကောင်းပါပြီ”ဟု သဉ္ဇိကာပုတ္တလုလင်သည် ဗောဓိမင်းသားအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ “အသျှင် ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားအားအချိန် (တန်ကြောင်း) ကို လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို့ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် ဗောဓိမင်းသား၏ အိမ်သို့ ချဉ်းကပ်တော်မူ၏။

ထိုအခါ ဗောဓိမင်းသားသည် မြတ်စွာဘုရားကို ငံ့လင့်လျက် အပြင်တံခါးမုခ်၌ ရပ်နေ၏။ ဗောဓိမင်းသားသည် အဝေးမှပင် ကြွလာသော မြတ်စွာဘုရားကို မြင်၍ ခရီးဦးကြိုဆိုကာ မြတ်စွာဘုရားကိုရှိခိုးလျက် ရှေ့သွားပြု၍ ကောကနဒပြာသာဒ်သို့ ချဉ်းကပ်၏၊ ထိုအခါ မြတ်စွာဘုရားသည် နောက်ဆုံးလှေကားထစ်ကို ကပ်၍ ရပ်တော်မူ၏။

ထိုအခါ ဗောဓိမင်းသားသည် မြတ်စွာဘုရားအား— “အသျှင်ဘုရား ဘုန်းကြီးတော်မူသော မြတ်စွာဘုရားသည် ပုဆိုးတို့ကို နင်းတော်မူပါ၊ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားသည် ပုဆိုးတို့ကိုနင်းတော်မူပါ၊ ယင်းသို့ နင်းခြင်းသည် အကျွန်ုပ်အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးဖြစ်ရန်ချမ်းသာရန် ဖြစ်ရာပါ၏”ဟု (လျှောက်၏)။ ဤသို့လျှောက်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ဗောဓိမင်းသားသည် မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်၏— “အသျှင်ဘုရား ဘုန်းကြီးတော်မူသော မြတ်စွာဘုရားသည် ပုဆိုးတို့ကိုနင်းတော်မူပါ၊ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားသည် ပုဆိုးတို့ကို နင်းတော်မူပါ၊ ယင်းသို့နင်းခြင်းသည် အကျွန်ုပ်အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်ရာပါ၏”ဟုလျှောက်၏။

၃၂၆။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို လှည့်ကြည့်တော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ဗောဓိမင်းသားကို “မင်းသား ပုဆိုးတို့ကို ရုပ်သိမ်းလော့၊ မြတ်စွာဘုရားသည် ပုဆိုးဖြူအခင်းကို နင်းတော်မူမည် မဟုတ်၊ နောင်လာနောက်သား ရဟန်းအများကို မြတ်စွာဘုရားသည် အစဉ်စောင့်ရှောက်တော်မူ၏”ဟု မိန့်ဆို၏။ ထိုအခါ ဗောဓိမင်းသားသည် ပုဆိုးတို့ကို ရုပ်သိမ်းစေပြီးလျှင်ကောကနဒပြာသာဒ်ထက်၌ နေရာကို ခင်းစေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူကောကနဒပြာသာဒ်သို့ တက်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ ထိုအခါ ဗောဓိမင်းသားသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ မြတ်စွာဘုရားသည် ဆွမ်းစားပြီး၍သပိတ်မှလက်ကို ဖယ်ပြီးသောအခါ ဗောဓိမင်းသားသည် နိမ့်သော ထိုင်စရာ တစ်ခုကို ယူ၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့်လျော်ရာ၌ ထိုင်နေသော ဗောဓိမင်းသားသည် မြတ်စွာဘုရားအား “အသျှင်ဘုရားအကျွန်ုပ်အား ချမ်းသာနှင့်ရင်းနှီးသဖြင့် ချမ်းသာကို မရနိုင်၊ ဆင်းရဲဒုက္ခနှင့် ရင်းနှီးမှ ချမ်းသာသုခကိုရနိုင်၏ဟု ဤသို့သော အကြံဖြစ်ပါသည်” ဟူ၍ လျှောက်၏။

၃၂၇။ မင်းသား ငါ့အားလည်း ဘုရားမဖြစ်မီ သစ္စာလေးပါးကို ထိုးထွင်း၍ မသိသေးသော ဘုရားလောင်းမျှသာ ဖြစ်နေစဉ်က “ချမ်းသာနှင့် ရင်းနှီးသဖြင့် ချမ်းသာကို မရနိုင်၊ ဆင်းရဲဒုက္ခနှင့် ရင်းနှီးမှချမ်းသာ သုခကို ရနိုင်၏”ဟု ဤသို့သော အကြံဖြစ်ဖူးပြီ။ မင်းသား နောက်အခါ၌ ပျိုမျစ်သည်သာဖြစ်၍ကောင်းစွာ နက်သော ဆံပင်ရှိသော ကောင်းသော အရွယ်ဖြစ်သော ပဌမအရွယ်နှင့် ပြည့်စုံသောထိုငါသည် အမိအဖများ မလိုလားသဖြင့် မျက်ရည်စက်လက် ငိုးကြွေးကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်၍ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထိုငါသည် ဤသို့ရဟန်းပြုလျက် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာသည် (အတုမရှိ) မြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်း ကာလာမအနွယ် အာဠာရထံသို့ ချဉ်းကပ်မိပြီ၊ ချဉ်းကပ်ပြီးနောက် ကာလာမအနွယ် အာဠာရကို “ငါ့သျှင် ကာလာမ ငါသည် ဤသာသနာ၌ မြတ်သောအကျင့်ကို ကျင့်လို၏”ဟု ဤစကားကို ပြောဆို၏။ မင်းသား ဤသို့ ပြောဆိုသော် ကာလာမအနွယ်အာဠာရသည် ငါ့ကို “အသျှင် နေပါလော့၊ ဤတရားကား ပညာရှိ ယောကျာ်းသည် မကြာမီပင် မိမိ၏ဆရာအယူကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်ရာသော သဘောရှိပါ၏”ဟု ဤစကားကို ပြောဆို၏။

မင်းသား ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို သင်ယူ၏၊ ထိုငါသည် ထိုမျှ လောက်နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏၊ “သိ၏၊ မြင်၏” ဟူ၍ ငါလည်း ဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆို (ကြကုန်) ၏။ မင်းသား ထိုငါ့အား ဤအကြံသည် ဖြစ်၏— “ကာလာမအနွယ် အာဠာရသည် ဤတရားကို ‘ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေရာ၏’ဟု သက်သက် ယုံကြည်ချက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ် ကာလာမအနွယ် အာဠာရသည် ဤတရားကို သိလျက် မြင်လျက်နေ၏”ဟု (အကြံဖြစ်၏)။

မင်းသား ထိုအခါ ငါသည် ကာလာမအနွယ် အာဠာရထံသို့ ချဉ်းကပ်ပြီး၍ ကာလာမအနွယ် အာဠာရကို”ငါ့သျှင်ကာလာမ အဘယ်မျှလောက်ဖြင့် ဤတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက် မှောက်ပြုကာပြည့်စုံစေ၍ နေ၏ဟု ပြောကြားသနည်း”ဟု ပြောဆို၏။ မင်းသား ဤသို့ ပြောဆိုသော်ကာလာမအနွယ် အာဠာရသည် အာကိဉ္စညာယတနဈာန်သမာပတ်ကို ပြောကြား၏။ မင်းသား ထိုငါ့အားဤသို့ အကြံဖြစ်၏ “ကာလာမအနွယ် အာဠာရအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏၊ ကာလာမအနွယ် အာဠာရအားသာလျှင် လုံ့လဝီရိယရှိသည်မဟုတ်။ ငါ့အားလည်း လုံ့လဝီရိယရှိ၏။ပ။ သတိ။ပ။ သမာဓိ။ပ။ ငါ့အားလည်း ပညာရှိ၏၊ ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏ဟု အာဠာရ ပြောကြားသော တရားကို မျက်မှောက်ပြုရန် ငါအားထုတ်ရမူ ကောင်းပေမည်” ဟူ၍ (အကြံဖြစ်၏)။ မင်းသား ထိုငါသည် မကြာမီပင်လျင်မြန်စွာသာလျှင် ထိုတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏။ မင်းသား ထိုအခါ ငါသည် ကာလာမအနွယ် အာဠာရထံသို့ ချဉ်းကပ်၍ ကာလာမအနွယ် အာဠာရအား”ငါ့သျှင်ကာလာမ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏ဟု ပြောကြားသောဤတရားကား ဤမျှသာလော”ဟု ပြောဆို၏။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြားသော တရားကား ဤမျှသာတည်းဟု (ဆို၏)။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါ နေသောတရားလည်း ဤမျှသာတည်းဟု (ပြောဆို၏)။

ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော်အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့အားအရတော်လေစွ၊ ငါတို့သည် ကောင်းစွာ ရအပ်လေစွ၊ ဤသို့ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေ၏၊ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေသော တရားကိုကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြား၏။ ဤသို့ ငါသိသောတရားကို သင်သိ၏၊ သင်သိသော တရားကို ငါသိ၏။ ဤသို့လျှင် ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါ သူတော်ကောင်း (ဖြစ်သောငါတို့) နှစ်ဦးစလုံးပင် ဤ ဂိုဏ်းကို (ရှေ့) ဆောင်ကြကုန်အံ့ဟု (ပြောဆို၏)။ မင်းသား ဤသို့လျှင်ကာလာမအနွယ် အာဠာရသည် ငါ၏ ဆရာဖြစ်လျက် မိမိ၏တပည့်ဖြစ်သော ငါ့ကို မိမိနှင့်အညီအမျှထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော် ခြင်းဖြင့်လည်း ပူဇော်၏၊ မင်းသား ထိုငါ့အား ဤသို့သောအကြံဖြစ်၏ “ဤတရားသည် ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်မက်မှုကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ကောင်းစွာ သိခြင်းအကျိုးငှါ မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်၊ အာကိဉ္စညာ ယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏”ဟု (အကြံဖြစ်၏)။ မင်းသား ထိုငါသည် ထိုတရားကို တန်ဆာမဆင်ဘဲ ထိုတရားမှ ငြီးငွေ့၍ ဖဲခွါခဲ့၏။

၃၂၈။ မင်းသား ထိုငါသည် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာ သည့်အတုမရှိမြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်း ရာမ၏သား ဥဒကထံသို့ ချဉ်းကပ်မိပြီ၊ ချဉ်းကပ်ပြီးနောက် ရာမ၏သား ဥဒကကို “ငါ့သျှင် ငါသည် ဤသာသနာ၌ မြတ်သောအကျင့်ကို ကျင့်လို၏”ဟု ဤစကားကို ပြောဆို၏။ မင်းသား ဤသို့ ပြောဆိုသော် ရာမ၏သား ဥဒကသည် ငါ့ကို”အသျှင် နေပါလော့၊ ဤတရားကား ပညာရှိယောကျာ်းသည် မကြာမီပင် မိမိ၏ ဆရာ့အယူကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်ရာသော သဘောရှိပါ၏”ဟု ဤစကားကိုပြောဆို၏၊ မင်းသား ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို သင်ယူ၏၊ မင်းသားထိုငါသည် ထိုမျှလောက် နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏ “သိ၏၊ မြင်၏” ဟူ၍ ငါလည်းဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆိုကြကုန်၏။ မင်းသား ထိုငါ့အား ဤအကြံသည် ဖြစ်၏ “ရာမသည် ဤတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာ၏ဟု သက်သက်ယုံကြည်ချက်မျှဖြင့် ဟောကြားသည် မဟုတ်၊ စင်စစ် ရာမသည် ဤတရားကို သိလျက် မြင်လျက်နေ၏”ဟု အကြံဖြစ်၏။

မင်းသား ထိုအခါ ငါသည် ရာမ၏သား ဥဒကထံသို့ ချဉ်းကပ်၍ ရာမ၏သား ဥဒကကို “ငါ့ သျှင်ရာမအဘယ်မျှလောက်ဖြင့် ဤတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏ဟု ပြောကြားသနည်း”ဟု ဤစကားကို ပြောဆို၏။ မင်းသား ဤသို့ ပြောဆိုသော် ရာမ၏သားဥဒကသည် နေဝသညာနာသညာယတနသမာပတ်ကို ပြောကြား၏၊ မင်းသား ထိုငါ့အား ဤသို့သောအကြံသည်ဖြစ်၏ “ရာမအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း’သဒ္ဓါ’ ရှိ၏။ ရာမအားသာလျှင် လုံ့လ ‘ဝီရိယ’ ရှိသည် မဟုတ်၊ ငါ့အားလည်း လုံ့လ ‘ဝီရိယ’ ရှိ၏။ ရာမအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အောက်မေ့ခြင်း ‘သတိ’ ရှိ၏။ ရာမအားသာလျှင် တည်တံ့ခြင်း ‘သမာဓိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း တည်တံ့ခြင်း ‘သမာဓိ’ ရှိ၏။ ရာမအားသာလျှင် အသိဉာဏ်ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ်ရှိ၏။ ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုကာ ပြည့်စုံစေ၍ နေ၏ဟု ရာမပြောကြားသော တရားကိုမျက်မှောက်ပြုခြင်းငှါ ငါအားထုတ်ရမူ ကောင်းပေမည်”ဟု (အကြံဖြစ်၏)။ မင်းသား ထိုငါသည်မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ နေ၏။

မင်းသား ထိုအခါ ငါသည် ရာမ၏သား ဥဒကထံသို့ ချဉ်းကပ်၍ ရာမ၏သား ဥဒကအား ဤစကားကို ပြောဆို၏ “ငါ့သျှင်ရာမ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားသော ဤတရားကား ဤမျှသာလော”ဟု (ပြောဆို၏)။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားသော တရားကား ဤမျှသာတည်းဟု (ဆို၏)။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေသော တရားလည်း ဤမျှသာတည်းဟု (ပြောဆို၏)။ ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော် အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့မှာအရတော်လေစွ၊ ငါတို့မှာ အလွန်အရတော်လေစွ၊ ဤသို့ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေ၏၊ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေသော တရားကိုကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ (ငါ) ပြောကြား၏။ ဤသို့ ငါသိသောတရားကို သင် သိ၏၊ သင်သိသော တရားကို ငါ သိ၏။ ဤသို့လျှင် ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် (ငါ) လည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါ သင်သည် ဤဂိုဏ်းကို (ရှေ့) ဆောင်ပါလော့ဟု (ပြောဆို၏)။

မင်းသား ဤသို့လျှင် ရာမ၏သား ဥဒကသည် ငါ၏ သီတင်းသုံးဖော်ဖြစ်လျက် ငါ့ကို ဆရာအရာ၌ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏။ မင်းသား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ဤတရားသည် ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်စွမ်းမှုကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ကောင်းစွာ သိခြင်းအကျိုးငှါ မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်၊ နေဝသညာ နာသညာယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏”ဟု (အကြံဖြစ်၏)။ မင်းသား ထိုငါသည် ထိုတရားကို တန်ဆာမဆင်ဘဲ ထိုတရားမှ ငြီးငွေ့၍ ဖဲခွါခဲ့၏။

၃၂၉။ မင်းသား ထိုငါသည် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာ သည်အတုမရှိမြတ်သော ငြိမ်းအေးသော နိဗ္ဗာန်နည်းဟု ရှာဖွေရင်း မဂဓတိုင်းတို့၌ အစဉ်အတိုင်းဒေသစာရီလှည့်လည်သော် ဥရုဝေလတော သေနာနိဂုံးဆီသို့ သက်ရောက်၏။ ထိုအရပ်၌ မွေ့လျော်ဖွယ်ရာမြေအဖို့ကိုလည်းကောင်း၊ ကြည်နူးဖွယ်ကောင်းသော တောအုပ်ကိုလည်းကောင်း၊ စီးဆင်းနေသော မြစ်ကိုလည်းကောင်း၊ မွေ့လျော်ဖွယ်ကောင်းသော သန့်ရှင်းသော ဆိပ်ကမ်းကိုလည်းကောင်း၊ အနီးအနားမှဆွမ်းခံရွာကိုလည်းကောင်း မြင်၏၊ မင်းသား ထိုငါ့အား ဤသို့သော အကြံသည်ဖြစ်၏— “အချင်းတို့မြေအဖို့သည် မွေ, လျော်ဖွယ်ရှိစွတကား၊ တောအုပ်သည် ကြည်နူးဖွယ်ရှိစွတကား၊ မြစ်သည်လည်းစီးဆင်းနေ၏၊ ဆိပ်ကမ်းသည်လည်း သန့်ရှင်း၍ မွေ့လျော်ဖွယ်ကောင်း၏၊ ဆွမ်းခံရွာသည်လည်း နီးနား၏၊ ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်လိုသော အမျိုးသားအား ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်ရာ၏တကား”ဟု (အကြံဖြစ်၏)။ မင်းသား ထိုငါသည် ထိုအရပ်၌ပင်လျှင် “ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်၏”ဟု ထိုင်နေ၏။

မင်းသား စင်စစ် ငါ့အား ရှေးက မကြားဖူးကုန်သော အံ့သြဖွယ်ရာ ဥပမာသုံးရပ်တို့သည်ထင်လာကုန်၏။ မင်းသား ရေ၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုသည် ရှိ၏၊ ထိုအခါ ယောကျာ်းသည် မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟု လာရာ၏။ မင်းသားထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ စင်စစ် ထိုယောကျာ်းသည် ဤမည်သောရေ၌ ချထားအပ်သည့်အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူ၍ ပွတ်တိုက်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေး၏)။ အသျှင်ဘုရား မဖြစ်နိုင်ပါ၊ အဘယ့်ကြောင့်နည်းဟူမူ—အသျှင်ဘုရား ဤမည်သော ထင်းသည် စို၍ အစေးရှိသည့်ပြင် ရေ၌လည်း ချထားသောကြောင့်တည်း၊ ထိုယောကျာ်းသည် ကိုယ်ပင်ပန်းရုံ စိတ်ဆင်းရဲရုံသာ ဖြစ်ရာပါ၏ဟု (လျှောက်၏)။

မင်းသား ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ မကင်းဆိတ်ဘဲ နေကုန်၏။ အကြင် သမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့်တွေဝေခြင်း လိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှုပူဆာခြင်းကို ကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး၊ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါမထိုက်တန်ကုန်၊ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ မင်းသား ငါ့အား ရှေးက မကြားဖူးသောဤရှေးဦးစွာ အံသြဖွယ်ရာ ဥပမာသည် ထင်လာ၏။

၃၃ဝ။ မင်းသား ငါ့အား ရှေးက မကြားဖူးသော နှစ်ခုမြောက် အံသြဖွယ်ရာ အခြားဥပမာသည်ထင်လာပြန်၏။ မင်းသား ရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုသည် ရှိ၏၊ ထိုအခါ ယောကျာ်းသည် မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟု့လာရာ၏။ မင်းသား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ် ထိုယောကျာ်းသည် ဤမည်သောရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူ၍ ပွတ်တိုက်သော် မီးကိုဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားမဖြစ်နိုင်ပါ၊ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဘုရား ဤမည်သော ထင်းစိုသည် ရေမှဝေးစွာ ကုန်း၌ချထားစေကာမူ အစေးရှိသေးသောကြောင့်တည်း၊ ထိုယောကျာ်းသည် ကိုယ်ပင်ပန်းရုံ စိတ်ဆင်းရဲရုံသာဖြစ်ရာပါ၏ဟု (လျှောက်၏)။

မင်းသား ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့်တွေဝေခြင်း လိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှုပူ ဆာခြင်းကို ကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး၊ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမား ကြမ်းတမ်း စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါမထိုက်တန်ကုန်၊ အကယ်၍ ထိုအသျှင်သမဏ ဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ မင်းသား ငါ့အား ရှေးက မကြားဖူးသောအံသြဖွယ်ရာ နှစ်ခုမြောက် ဤဥပမာသည် ထင်လာ၏။

၃၃၁။ မင်းသား ငါ့အား ရှေးက မကြားဖူးသော အံသြဖွယ်ရာ သုံးခုမြောက် အခြားဥပမာသည် လည်းထင်လာ၏။ မင်းသား ရေမှဝေးစွာ ကုန်း၌ ချထားအပ်သည့် ခြောက်သွေ့သော ထင်းသည် ရှိ၏၊ ထိုအခါယောကျာ်းသည် မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟု လာရာ၏။ မင်းသား ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ စင်စစ် ထိုယောကျာ်းသည် ရေမှဝေးစွာ ကုန်း၌ချထားအပ်သည့် ခြောက်သွေ့သော ထင်းကို မီးပွတ်ခုံသို့ ယူ၍ ပွတ်တိုက်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှား ပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဖြစ်နိုင်ပါ၏။ အဘယ်ကြောင့်နည်းဟူမူ—အသျှင်ဘုရား ဤမည်သော ထင်းသည် ခြောက်သွေ့နေ၍ရေမှဝေးစွာ ကုန်း၌ ချထားသောကြောင့်ပါတည်းဟု (လျှောက်၏)။

မင်းသား ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့်တွေဝေခြင်း လိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှု ပူဆာခြင်းကို ကောင်းစွာ ပယ်ပြီးဖြစ်၏၊ ကောင်းစွာ ငြိမ်းပြီးဖြစ်၏၊ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါထိုက်တန်ကုန်၏၊ အကယ်၍ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ မင်းသား ငါ့အား ရှေးကမကြားဖူးသော အံသြဖွယ်ရာသုံးခုမြောက် ဤဥပမာသည် ထင်လာ၏။ မင်းသား ငါ့အား ရှေးက မကြားဖူးကုန်သော ဤအံသြဖွယ်ရာဥပမာသုံးရပ်တို့သည် ထင်လာကုန်၏။

၃၃၂။ မင်းသား ထိုငါ့အား “ငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက်စိတ်ဖြင့် စိတ်ကို ဖိနှိပ်ရမူ ဖျစ်ညှစ်ရမူ ပင်ပန်းစေရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏၊ မင်းသား ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို့ဖိနှိပ်၏၊ ဖျစ်ညှစ်၏၊ ပင်ပန်းစေ၏၊ မင်းသား ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့်အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ် ဖျစ်ညှစ် ပင်ပန်းစေသော် လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏။ မင်းသား အားရှိသော ယောကျာ်းသည် အားနည်းသော ယောကျာ်းကို ဦးခေါင်း၌ကိုင်၍ဖြစ်စေ ပခုံး၌ ကိုင်၍ဖြစ်စေ ဖိနှိပ်ရာ ဖျစ်ညှစ်ပင်ပန်းစေရာသကဲ့သို့၊ မင်းသား ဤအတူပင်လျှင်သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်ဖျစ်ညှစ် ပင်ပန်းစေသော် ငါ၏ လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏၊ မင်းသား ငါသည် မတွန့်တိုသောလုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်း မရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်း ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်းရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။

၃၃၃။ မင်းသား ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှုကိုသာလျှင် ရှုဆင်ခြင်ရမူ’ဈာန်ကို ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါသည်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် နားတွင်းတို့မှ ထွက်သောလေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာ ဖြစ်၏။ မင်းသား ပန်းပဲသမားတို့၏ ဖားဖိုကို ဆွဲမှုတ်သော် လွန်ကဲပြင်းထန်သော အသံသည် ဖြစ်သကဲ့သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် ငါ၏ နားတွင်းမှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာ ဖြစ်၏။ မင်းသား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည်ထင်ပြီ၊ အားထုတ်ခြင်း ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။

မင်းသား ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါသည်ခံတွင်းမှလည်း ကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်းပိတ်ပင် ထား၏၊ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော်လွန်ကဲပြင်းထန်သောလေတို့သည် ဦးထိပ်၌ တိုးဝှေ့ ကုန်၏။ မင်းသား အားရှိသော ယောကျာ်းသည်ထက်သောချွန်းဖြင့် ဦးထိပ်၌ ကြိတ်နှိပ်ရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော်လွန်ကဲပြင်းထန်သော လေတို့သည် ဦးထိပ်၌ တိုးဝှေ့ကုန်၏။ မင်းသား ငါသည် မတွန့်တိုသော လုံ့လကိုအားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်း ထိုးကျင့်ထားသောငါ၏ ကိုယ်သည် ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အားထုတ် ခြင်းကြောင့်သာလျှင် ပူလောင်ခြင်းရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။

မင်းသား ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း နှာခေါင်းမှလည်းကောင်းနားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောဦးခေါင်းကိုက်ခဲခြင်းတို့သည် ဖြစ်ကုန်၏။ မင်းသား အားရှိသော ယောကျာ်းသည် ခိုင်ခံသော သားရေလွန်ပိုင်းဖြင့် ဦးခေါင်းကို ရစ်ပတ် ထားရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်း ကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ဦးခေါင်း ကိုက်ခဲ ခြင်းတို့သည် ဖြစ်ကုန်၏၊ မင်းသားငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်း ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထို ဆင်းရဲကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်းရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။

မင်းသား ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ဝမ်းကို ထိုးဆွရစ်မွှေကုန်၏။ မင်းသား ကျွမ်းကျင်သော နွားသတ်သမားသည်သော်လည်းကောင်း၊ နွားသတ်သမား၏တပည့်သည်သော်လည်းကောင်း ထက်သော သားလှီးဓားငယ်ဖြင့် ဝမ်းကို ထိုးဆွရစ်မွှေရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ဝမ်းကို ထိုးဆွ ရစ်မွှေကုန်၏။ မင်းသား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသောသတိသည် ထင်ပြီ၊ အားထုတ်ခြင်း ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။

မင်းသား ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် ကိုယ်၌ လွန်ကဲပြင်းထန်သော ပူလောင်ခြင်းသည်ဖြစ်၏၊ မင်းသား အားရှိသော ယောကျာ်းနှစ်ယောက်တို့သည် အားနည်းသော ယောကျာ်းကို အသီးအသီးလက်မောင်းတို့၌ ကိုင်၍ မီးကျီတွင်း၌ ကင်ကုန်ရာသကဲ့သို့ အပြန်ပြန်ကင်ကုန်ရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် ကိုယ်၌ လွန်ကဲပြင်းထန်သော ပူလောင်ခြင်းသည် ဖြစ်၏၊ မင်းသား ငါသည် မတွန့်တိုသော လုံလကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည်ထင်ပြီ၊ အားထုတ်ခြင်း ထိုးကျင့်ထားသော ငါ၏ကိုယ်သည် ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။ မင်းသား စင်စစ်ငါ့ကို နတ်တို့သည် မြင်၍”ရဟန်းဂေါတမသည် သေပြီ”ဟု ဆိုကုန်၏။ အချို့နတ်တို့သည် “ရဟန်းဂေါတမသည် မသေသေး၊ စင်စစ်ကား သေခါနီးနေ၏”ဟု ဆိုကုန်၏။ အချို့နတ်တို့သည် “ရဟန်းဂေါတမသည် မသေသေး၊ သေခါနီးလည်း မဟုတ်၊ ရဟန်းဂေါတမသည် ရဟန္တာဖြစ်၍ နေခြင်းသာ ဖြစ်၏၊ ရဟန္တာ၏ နေခြင်းကားဤသို့သဘောရှိ၏”ဟု ဆိုကုန်၏။

၃၃၄။ မင်းသား ထိုငါ့အား “ငါသည် လုံးဝ အစာအာဟာရဖြတ်၍ ကျင့်ရမူ ကောင်းပေမည်”ဟုဤအကြံသည် ဖြစ်၏။ မင်းသား ထိုအခါ ငါ့ထံသို့ နတ်တို့သည် ချဉ်းကပ်၍ “အသျှင် သင်သည် လုံးဝအစာအာဟာရကို ဖြတ်၍ မကျင့်ပါလင့်၊ အသျှင် အကယ်၍ သင်သည် လုံးဝ အစာအာဟာရကို ဖြတ်၍ကျင့်အံ့၊ သင့်အား ငါတို့သည် နတ်သြဇာကို အမွေးတွင်းတို့မှ တစ်ဆင့်သွင်းအံ့၊ ထိုနတ်သြဇာဖြင့် သင့်သည် မျှတလတ္တံ့”ဟု ဤစကားကို ဆိုကုန်၏၊ မင်းသား ထိုငါ့အား “ငါသည်လည်း လုံးဝမစားဟု ဝန်ခံမူ ဤနတ်တို့သည်လည်း ငါ့အား နတ်သြဇာကို အမွေးတွင်းတို့မှ တစ်ဆင့် သွင်းကုန်ငြားအံ့၊ ထိုနတ်သြဇာဖြင့်လည်း ငါသည် မျှတငြားအံ့၊ ထိုဝန်ခံခြင်းသည် ငါ့အား မုသားသာတည်း”ဟု ဤအကြံသည်ဖြစ်၏၊ မင်းသား ထိုငါသည် ထိုနတ်တို့ကို တားမြစ်၍ မသင့်ဟု ပြောဆို၏။

မင်းသား ထိုငါ့အား “ငါသည် တစ်လက်ဖက် တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလာပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုရမူ ကောင်းပေမည်”ဟု အကြံသည် ဖြစ်၏၊ မင်းသား ထိုငါသည် တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျို၏။ မင်းသား တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ်အနည်းငယ်သော အစာအာဟာရကို မျိုသော ထိုငါ၏ ကိုယ်သည်အလွန်ပိန်ကြုံ ခြင်းသို့ ရောက်၏၊ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ အင်္ဂါကြီးငယ်တို့သည်ကန်စွန်းနွယ်၏ အဆစ်တို့ကဲ့သို့လည်းကောင်း၊ နွယ်ပုပ်နွယ်ငန်း၏ အဆစ်တို့ကဲ့သို့လည်းကောင်းဖြစ်ပေါ်နေကုန်၏။ ထို အစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ တင်ပါးဆုံသားသည် ကုလားအုပ်ခြေရာကဲ့သို့ ဖြစ်ပေါ်နေ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ ကျောက်ကုန်းရိုးသည်ပုတီးကုံးကဲ့သို့ အနိမ့်အမြင့် ဖြစ်ပေါ်နေ ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ နံရိုးတို့သည်ဖရိုဖရဲ အထက်တင် အောက်ကျ ပျက်စီး ကျနေသော ဇရပ်ဆွေး၏ အခြင်တို့ကဲ့သို့ ဖရိုဖရဲ အထက်တင်အောက်ကျ ဖြစ်နေကုန်၏။ ထိုအစာ အာဟာရနည်းပါးမှုကြောင့်ပင် နက်သော ရေတွင်း၌ ရေဝန်းသည်နက်ရှိုင်း၍ အောက်သို့ဝင်နေသည်ဟု ထင်ရသကဲ့သို့ ငါ၏ မျက်ကွင်းတို့၌ မျက်လုံးတို့သည် နက်ရှိုင်း၍အောက်သို့ဝင်နေသည်ဟု ထင်ရကုန် ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် အနုဆွတ်ထားသောဘူးခါးသီးသည် လေ နေပူဖြင့် တွေ့ထိ ကာ ရှုံ့တွနေသကဲ့သို့ ငါ၏ ဦးခေါင်းရေသည် ရှုံ့တွနေ၏။

မင်းသား ထိုငါသည် “ဝမ်းရေကို သုံးသပ်အံ့”ဟု သုံးသပ်သော် ကျောက်ကုန်းရိုးကိုသာလျှင် ကိုင်မိ၏၊ “ကျောက်ကုန်းရိုးကို သုံးသပ်အံ့”ဟု သုံးသပ်သော် ဝမ်းရေကိုသာလျှင် ကိ်ုင်မိ၏၊ မင်းသား ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ဝမ်းရေသည် ကျောက်ကုန်းရိုးသို့ ကပ်သည်အထိ ဖြစ်ပေါ်နေ၏။ မင်းသား ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ထိုငါသည် “ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိ်ုလည်းကောင်း စွန့်အံ့”ဟု သွားသော် ထိုနေရာ၌သာ မှောက်ခုံလဲကျ၏။ မင်းသား ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ထိုငါသည် ဤကိုယ်ကိုသာလျှင် သက်သာစေလို၍ လက်ဖြင့် ကိုယ်တို့ကိုပွတ်သပ်၏။ မင်းသား လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်သော် အမြစ်ဆွေးနေကုန်သော အမွေးတို့သည်ငါ၏ ကိုယ်မှ ကျွတ်ကျကုန်၏။

မင်းသား စင်စစ် ငါ့ကို လူတို့မြင်၍ “ရဟန်းဂေါတမသည် မည်းသောအဆင်း ရှိ၏”ဟု ဆိုကုန်၏၊ အချို့လူတို့သည် “ရဟန်းဂေါတမသည် မည်းသောအဆင်းရှိသည် မဟုတ်၊ ရဟန်းဂေါတမသည် ရွှေသောအဆင်းရှိ၏”ဟု ဆိုကုန်၏။ အချို့လူတို့သည် “ရဟန်းဂေါတမသည် မည်းသောအဆင်းရှိသည်မဟုတ်၊ ရွှေသော အဆင်းရှိသည်လည်း မဟုတ်၊ ရဟန်းဂေါတမသည် ကြမ်းပိုးကျောက်ကုန်း အရေအဆင်းရှိ၏”ဟုဆိုကုန်၏။ မင်းသား ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ထိုမျှလောက် စင်ကြယ်ဖြူဖွေးလျက်ရှိသောငါ၏ အရေအဆင်းသည် အလွန်ပျက်စီးနေ၏။

၃၃၅။ မင်းသား ထိုငါ့အား “အတိတ်ကာလက အားထုတ်ခြင်းကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားခဲ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်၊ အနာဂတ်ကာလ၌လည်း အားထုတ့်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားလတ္တံ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်လတ္တံ့၊ ဤခံစားခြင်းထက်မပိုလွန်၊ ဤယခု ပစ္စုပ္ပန်ကာလ၌လည်း အားထုတ်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားနေကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက်မပိုလွန် ငါသည် ဤစပ်ရှားသော ပြုနိုင်ခဲသော အမှုကိုပြုကျင့်ခြင်းဖြင့် လူတို့၏ ကုသိုလ်ကမ္မပထတရားထက် လွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်အထူးကို မရခဲ့။ သစ္စာလေးပါးကို သိရန် အခြားလမ်းစဉ် ရှိသေးသလော”ဟု ဤအကြံသည်ဖြစ်၏။ မင်းသား ထိုငါ့အား “ငါသည် ခမည်းတော်သကျမင်း၏ (လယ်ထွန်မင်္ဂလာ) အမှု၌ အေးသောသပြေပင်အရိပ်ဝယ် ထိုင်လျက် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှကင်းဆိတ်၍ သာလျှင် ကြံစည်ခြင် ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော (နီဝရဏ) ဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍နေဖူးသည်ကို အမှတ် ရ၏။ ဤပဌမဈာန်သည် သစ္စာလေးပါးတို့ကို သိခြင်းငှါလမ်းစဉ်ဖြစ်တန်ရာ၏”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါ့အား “ဤသည်ပင်လျှင်သစ္စာလေးပါးတို့ကို သိခြင်းငှါ လမ်းစဉ်တည်း”ဟု အောက်မေ့ခြင်းသို့ အစဉ်လိုက်သော စိတ်သည်ဖြစ်၏။ မင်းသား ထိုငါ့အား “ကာမဂုဏ်တို့မှ ကင်း၍ သာလျှင် အကုသိုလ်တရားတို့မှ ကင်း၍သာလျှင်ဖြစ်သော ပဌမဈာန်ချမ်းသာကို ငါသည် ကြောက်လေသ လော”ဟု ဤအကြံသည် ဖြစ်၏၊ မင်းသားထိုငါ့အား “ကာမဂုဏ်တို့မှ ကင်း၍သာလျှင် အကုသိုလ် တရားတို့မှ ကင်း၍သာလျှင် ဖြစ်သောပဌမဈာန် ချမ်းသာကို ငါမကြောက်”ဟု ဤအကြံသည် ဖြစ်၏။

မင်းသာ ထိုငါ့အား “ဤသို့ အလွန်ပိန်ကြုံသောအဖြစ်သို့ ရောက်သော ကိုယ်ဖြင့် ထို (ပဌမဈာန်) ချမ်းသာကို ရရန်မလွယ်၊ ငါသည် ကြမ်းတမ်းသောထမင်း မုယောမုန့် အစာအာဟာရကို စားရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါသည် ကြမ်းတမ်းသောထမင်း မုယောမုန့် အစာအာဟာရကို စား၏။ မင်းသား ထိုအခါ ငါ၏ အထံ၌ “ရဟန်းဂေါတမသည် ရသောတရားကို ငါတို့အားပြောကြားလတ္တံ့”ဟု ပဉ္စဝဂ္ဂီရဟန်းတို့သည် လုပ်ကျွေးနေကုန်၏။ မင်းသား ကြမ်းတမ်းသောထမင်းမုယောမုန့် အစာအာဟာရကို ငါစားသောအခါ “ရဟန်းဂေါတမသည် ပစ္စည်းများပြားခြင်းငှါ ကျင့်၏၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်းမှ ထွက်လာသူ ဖြစ်၏၊ ပစ္စည်းများပြားခြင်းငှါ လှည့်လည်၏”ဟု ငြီးငွေ့၍ ထိုပဉ္စဝဂ္ဂီရဟန်းတို့သည် ငါ၏ အထံမှ ဖဲခွါသွားကုန်၏။

၃၃၆။ မင်းသား ငါသည် ကြမ်းတမ်းသော အစာအာဟာရကို စား၍ အားကိုယူကာ ကာမဂုဏ် တို့မှကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍နေ၏။ ဝိတက် ဝိစာရတို့ ငြိမ်းခြင်းကြောင့်ဒုတိယဈာန်သို့ ရောက်၍ နေ၏။ပ။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ဤသို့တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ရောက်လတ်သော် ထိုငါသည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှု ဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် များပြားသောရှေ့၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ နိုင်၏၊ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကို လည်းကောင်း။ပ။ ဤသို့ အမည်အနွယ်နှင့်တကွအဖြစ်သနစ်နှင့်တကွ များပြားသော ရှေ့၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၏။ မင်းသား ငါသည်ညဉ့်၏ ရှေးဦးပဌမယာမ်၌ ရှေးဦးစွာသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင် ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ် အလင်းရောင့်ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအားအဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့ တည်း။

ထိုငါသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါတို့၏ သေခြင်း ‘စုတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ ကိုသိသောဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိ အမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့်သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ် သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါအဆင်းမလှသောသတ္တဝါ ကောင်းသော လားရာ ‘ဂတိ’ ရှိသော သတ္တဝါ မကောင်းသောလားရာ ‘ဂတိ’ ရှိသော သတ္တဝါတို့ကို မြင်ပြီ၊ ကံအားလျော် စွာ ဖြစ်သောသတ္တဝါတို့ကို သိပြီ။ပ။ မင်းသား ငါသည် ညဉ့်၏ အလယ်ဖြစ်သော သန်းခေါင်ယံ၌ နှစ်ခုမြောက် ဤအသိဉာဏ် ‘ဝိဇ္ဇာ’ ကိုရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ် ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင် ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာ အားထုတ်လျက်တည်ကြည်သောစိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ် အရောင်အလင်းဖြစ်ပေါ်သကဲ့သို့တည်း။

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ရောက်လတ်သော် ထိုငါသည် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော ဉာဏ်အလို့ငှါ စိတ်ကိုရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် “ဤကား ဆင်းရဲ”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤသည်တို့ကား အာသဝေါတရားတို့”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကားအာသဝေါတရားတို့၏ ဖြစ်ပေါ်ခြင်း၏အကြောင်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား အာသဝေါတရားတို့ချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ဤသို့ သိသော ဤသို့မြင်သော ထိုငါ၏ စိတ်သည်ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိ ဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊ “ပဋိသန္ဓေနေ မူကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါး သော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။ မင်းသား ငါသည် ညဉ့်၏နောက်ဆုံးဖြစ်သော မိုးသောက်ယံ၌ သုံးခုမြောက် ဤအသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ် ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင်ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင်ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ် အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။

၃၃၇။ မင်းသား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏—“ငါသိအပ်ပြီးသော ဤတရားကားနက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာ မဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏။ ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်ကုန်၏၊ ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက်အလွန်နှစ်ခြိုက်နေကြသော ဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်းဖြစ်သော ဤပဋိစ္စသမုပ္ပါဒ့်တရားကို မြင်နိုင်ခဲ၏၊ ပြုပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏၊ ငါသည် တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည် ငါ၏ တရားကို မသိနားမလည်နိုင်ကုန်ရာ၊ သို့ဖြစ်လျှင် ထိုတရားဟောမှုသည်ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကိုယ် (ငါ) ညှဉ်းဆဲရုံသာ ဖြစ်ရာ၏”ဟု (စိတ်အကြံဖြစ်ခဲ့၏)။ မင်းသား ထို့ပြင် အလွန်အံ့သြဖွယ်ကောင်းသော ဤဂါထာတို့သည်လည်း ငါ့အား ရှေးက မကြားဖူးဘဲစိတ်ထဲ၌ ထင်လာပြန်ကုန်၏—“ငါသည် ခဲယဉ်းစွာကျင့်သဖြင့် သိအပ်ပြီးသော တရားကို ယခုအခါ ဟောခြင်းငှါ မသင့်လျော်ချေ၊ ရာဂဒေါသနှိပ်စက်ခံနေရသော သူတို့သည် ဤတရားကို လွယ်ကူ စွာ သိနိုင်ကြမည် မဟုတ်ချေ။

အဝိဇ္ဇာအမှောင်ထု ဖုံးလွှမ်းလျက် ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက် နဲ၍ အဏုမြူသဖွယ်မြင်နိုင်ခဲသော (သံသရာ့) အဆန်တရားကို မြင်နိုင်ကြမည် မဟုတ်ချေ”ဟု (စိတ်ထဲ၌ထင်ပေါ်လာပြန်ကုန်၏)။

၃၃၈။ မင်းသား ဤသို့ ဆင်ခြင်သော ငါ၏ စိတ်နှလုံးသည် တရားဟောရန် မညွတ်ဘဲ ကြောင့်ကြမဲ့နေရန် ညွတ်ခဲ့၏။ ထိုအခါ ငါ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ သဟမ္ပတိဗြဟ္မာအား ဤသို့အကြံဖြစ် ပေါ်လာ၏— “အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ အချင်းတို့ လောကသည်ပျက်စီးတော့ မည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူ သော မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန်ညွတ်တော်မမူဘဲ ကြောင့်ကြမဲ့နေရန် ညွတ် တော်မူတုံဘိ၏”ဟု (အကြံဖြစ်၏)။ မင်းသား ထို့နောက်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ထို့အထူ ထိုသဟမ္ပတိဗြဟ္မာသည်ဗြဟ္မာ့ပြည်မှ ကွယ်ခဲ့ပြီးလျှင် ငါ၏ရှေ့၌ ထင်ရှားပေါ်လာ၏။ မင်းသား ထိုအခါ ထိုသဟမ္ပတိဗြဟ္မာသည်အပေါ်ရုံကို ပခုံးတစ်ဖက်၌ တင်၍ လကျာ်ဒူးကို မြေ၌ထောက်လျက် ငါ့ဆီသို့ လက်အုပ်ချီပြီးလျှင်ဤစကားကို လျှောက်၏— “မြတ်စွာဘုရား ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည်တရားဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာ ဘုရားသည်တရားဟောတော်မူပါလော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့ သည်ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကိုသိသူတို့သည် ရှိပါကုန်လတ္တံ့”ဟု (လျှောက်၏)။ မင်းသား သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကို လျှောက်ပြန်၏—

“ရှေးအခါ မဂဓတိုင်း၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ သည် ကြံဆအပ်သောမစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှား ဖြစ်ပေါ် ခဲ့ပါသည် အမြိုက်နိဗ္ဗာန်၏ တံခါးကိုဖွင့်လှစ်တော်မူပါလော့၊ အညစ်အကြေး ကင်း တော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော်သိတော်မူအပ်သော (သစ္စာ လေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေ။

ကောင်းမြတ်သော ပညာရှင်ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် မြင်စွမ်းနိုင်သောဉာဏ်မျက်စိရှိတော်မူသော မြတ်စွာဘုရား ကျောက်တောင်ထိပ်၌ ရပ်တည်လျက် ထက်ဝန်းကျင်လူအပေါင်းကို ကြည့်ရှုသကဲ့သို့၊ ထို့အတူ စိုးရိမ်ပူ ဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရားသည်ပညာ (ဓမ္မ) ဖြင့်ပြီးသော ပြာသာဒ် ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့အနှိပ်စက်ခံနေကြရ သဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို ကြည့်ရှုတော်မူပါလော့။

ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား ထတော်မူပါလော့။ ့ယာဉ်မှူးနှင့်တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရားလောက၌ လှည့်လည်တော်မူပါလော့။ ဘုန်း ကြီးတော်မူသော မြတ်စွာဘုရား တရားဟောတော်မူပါလော့၊ (တရားကို) သိသူတို့ သည် ရှိပါကုန်လတ္တံ့”ဟု (လျှောက်၏)။

၃၃၉။ မင်းသား ထိုအခါ ငါဘုရားသည် ဗြဟ္မာ၏ တောင်းပန်ခြင်းကို အသိအမှတ် ပြုပြီးလျှင်သတ္တဝါတို့၌ သနားခြင်းကိုလည်း အကြောင်းပြု၍ ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်ခဲ့၏၊ ငါဘုရားသည်ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးသူ, (ပညာ) မျက်စိ၌ (ကိလေသာ) မြူ များပြားသူ၊ ဣန္ဒြေရင့်ကျက်ပြီးသူ, ဣန္ဒြေနုသေးသူ၊ ကောင်းသောအခြင်းအရာရှိသူ, မကောင်းသောအခြင်းအရာ ရှိသူ၊ သိစေရန်လွယ်ကူသူ, သိစေရန်ခက်ခဲသူ၊ တမလွန်လောကအပြစ်တို့ကို ဘေးဟုရှုလျက် နေလေ့ရှိသူ အချို့နှင့် တမလွန်လောကအပြစ်တို့ကို ဘေးဟု ရှုလျက်နေလေ့မရှိသူအချို့တို့ကို မြင်တော်မူ၏။ ဥပမာသော်ကား ဥပ္ပလကြာတော၌လည်းကောင်း ပဒုမ္မာကြာတော၌လည်းကောင်း ပုဏ္ဍရိက်ကြာတော၌လည်းကောင်း အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာပုဏ္ဍရိက်ကြာ တို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေမှ မပေါ်ထွက် သေးကုန်၊ ရေထဲ၌မြုပ်၍ ဖွံ့ဖြိုးကုန်၏။ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေနှင့်အညီ တည်ကုန်၏။ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေပေါ်သို့ တက်၍ တည်ကုန်၏၊ ရေနှင့် မလိမ်းကပ်ကုန်။ မင်းသား ဤအတူသာလျှင် ငါဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကိုကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးသူ, (ပညာ) မျက်စိ၌ (ကိလေသာ) မြူများပြားသူ၊ ဣန္ဒြေရင့်ကျက်ပြီးသူ, ဣန္ဒြေနုသေးသူ၊ ကောင်းသောအခြင်းအရာရှိသူ, မကောင်းသောအခြင်းအရာရှိသူ၊ သိစေရန်လွယ်ကူသူ, သိစေရန် ခက်ခဲသူ၊ တမလွန်လောကအပြစ်တို့ကိုဘေးဟု ရှုလေ့ရှိသူ အချို့နှင့် တမလွန်လောက အပြစ်တို့ကို ဘေးဟု မရှုဘဲ နေလေ့ရှိသူ အချို့တို့ကိုမြင်တော်မူသောကြောင့် ငါသည် သဟမ္ပတိဗြဟ္မာ အား ဂါထာဖြင့် မိန့်တော်မူ၏—

“ဗြဟ္မာ လေ့လာပြီးသော တရားမြတ်ကို ပင်ပန်းရုံသာဟု အမှတ်ရှိသည်ဖြစ်၍ လူတို့အား မဟောခဲ့ပြီ၊ (မဟောဘဲ နေရန် အကြံ ဖြစ်ခဲ့ပြီ)၊ ပညာတည်းဟူသော နားနှင့် ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း’သဒ္ဓါတရား’ ကို စေလွှတ်ကြကုန် လော့၊ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ငါ ဖွင့်ထားပြီ”ဟု (မိန့်တော်မူ၏)။

၃၄ဝ။ မင်းသား ထိုအခါ သဟမ္ပတိဗြဟ္မာသည် “ငါဘုရားသည် တရားဟောရန် ခွင့်ပြုတော်မူလိုက်ပြီ”ဟု (သိသဖြင့်) ငါ့ကို ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ထိုနေရာ၌ပင် ကွယ်သွားလေ၏။

မင်းသား ထိုငါ့အား “အဘယ်သူ့ကို ရှေးဦးစွာ တရားဟောရပါအံ့နည်း၊ အဘယ်သူသည် ဤတရားတော်ကို လျင်မြန်စွာ သိနိုင်လတ္တံ့နည်း”ဟု အကြံဖြစ်၏။ မင်းသား ထိုငါ့အား “ဤကာလာမအနွယ်ဖြစ်သော အာဠာရရသေ့သည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ကာလရှည်မြင့်စွာကပင် ပညာမျက်စိ၌ (ကိလေသာ) မြူ နည်းပါးနေ၏၊ ငါသည် ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့အား တရားကို ရှေးဦးစွာ ဟောရမူ ကောင်းပေမည်၊ ထိုအာဠာရရသေ့သည် ဤတရားကို လျင်စွာပင်သိနိုင်လတ္တံ့”ဟု ဤသို့သော အကြံသည် ဖြစ်၏။ မင်းသား ထိုအခါ ငါ့ကို နတ်သားသည် ချဉ်းကပ်၍”အသျှင်ဘုရား ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့သည် သေပြီး၍ ခုနစ်ရက်ရှိပါပြီ”ဟု ဤစကားကိုလျှောက်၏၊ ငါ့မှာလည်း “ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့သည် သေပြီး၍ ခုနစ်ရက်ရှိပြီ”ဟုဉာဏ်အမြင်သည် ထင်ရှားဖြစ်၏။ မင်းသား ထိုငါ့အား “ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့သည်ကြီးစွာသော ဆုံးရှုံးခြင်းကြီး ဆုံးရှုံးခဲ့ပြီ၊ အကြောင်းမူကား အကယ်၍ ထိုအာဠာရရသေ့သည် ဤတရားကို နာရပါမူ လျင်စွာပင် သိနိုင်ရာ၏”ဟု ဤသို့သော အကြံသည် ဖြစ်၏။

မင်းသား ထိုငါ့အား “အဘယ်သူအား ငါသည် ရှေးဦးစွာ တရားဟောရအံ့နည်း၊ အဘယ်သူသည်ဤတရားကို လျင်မြန်စွာ သိနိုင်လတ္တံ့နည်း”ဟု ငါ့အား အကြံဖြစ်ပြန်၏။ မင်းသား ထိုငါ့အား “ရာမ၏သား ဖြစ်သော ဥဒကရသေ့သည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ကာလရှည်မြင့်စွာကပင် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးနေ၏၊ ငါသည် ရာမ၏သားဖြစ်သော ဥဒကရသေ့အား တရားကို ရှေးဦးစွာ ဟောရမူ ကောင်းပေမည်၊ ထို (ဥဒကရသေ့) သည် ဤတရားကို လျင်စွာပင်သိနိုင်လတ္တံ့”ဟု ဤသို့သော အကြံသည် ဖြစ်၏။ ထိုအခါ နတ်သားသည် ငါ့အား “အသျှင်ဘုရားရာမ၏သားဖြစ်သော ဥဒက ရသေ့သည် ယမန်နေ့က သေဆုံးခဲ့ပါပြီ”ဟု လျှောက်၏။

ငါ့အားလည်း “ရာမ၏ သားဖြစ်သော ဥဒက ရသေ့သည် ယမန်နေ့က သေဆုံးခဲ့ပြီ”ဟု အသိဉာဏ်ထင်ရှားဖြစ်ပေါ်ခဲ့ပြီ။ မင်းသား ငါ့အား “ရာမ၏ သားဖြစ်သော ဥဒက ရသေ့သည် ဆုံးရှုံးခြင်းကြီးဆုံးရှုံးခဲ့ပြီ၊ အကြောင်းမူကား အကယ်၍ ထိုဥဒက ရသေ့သည် ဤတရားကို နာရပါမူ လျင်စွာပင် သိနိုင်ရာ၏”ဟု ဤသို့သော အကြံသည် ဖြစ်၏။

၃၄၁။ မင်းသား ထိုငါအား “အဘယ်သူ့အား ငါသည် ရှေးဦးစွာ တရားဟောရအံ့နည်း၊ အဘယ်သူသည် ဤတရားကို လျင်မြန်စွာ သိနိုင်လတ္တံ့နည်း”ဟု အကြံဖြစ်ပြန်၏။ မင်းသား ထိုငါ့အား “(ငါးယောက်အစုရှိသော) ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါ့အား ကျေးဇူးများကုန်၏။ ယင်း ပဉ္စဝဂ္ဂီရဟန်းတို့သည်ပဓာနအလုပ်ကို အားထုတ်နေသော ငါ့ကို လုပ်ကျွေးဖူးကုန်၏၊ ငါသည် ပဉ္စဝဂ္ဂီရဟန်းတို့အား တရားကိုရှေးဦးစွာ ဟောရမူ ကောင်းပေမည်”ဟု အကြံဖြစ်ပြန်၏။ မင်းသား ထိုငါ့အား “ယခုအခါ ပဉ္စဝဂ္ဂီရဟန်းတို့သည် အဘယ်အရပ်၌ နေကြကုန်သနည်း”ဟု အကြံဖြစ်ပြန်၏။ မင်းသား ငါသည် အထူးသဖြင့်သန့်ရှင်းစင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခုဉာဏ်’ဖြင့် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ နေကုန်သော ပဉ္စဝဂ္ဂီရဟန်းတို့ကို မြင်တော်မူ၏။ မင်းသား ထိုအခါ ငါဘုရားသည် ဥရုဝေလတော၌ မွေ့လျော်တော်မူသရွေ့ နေပြီးလျှင် ဗာရာဏသီပြည်သို့ ဒေသစာရီလှည့်လည်ခဲ့၏။

မင်းသား ဥပကအာဇီဝက (တက္ကတွန်း) သည် ဂယာနှင့် ဗောဓိပင်အကြား ခရီးရှည်သွားသောငါဘုရားကို မြင်၍ ငါ့ကို “ငါ့သျှင် သင်၏ ဣန္ဒြေတို့သည် အထူးသဖြင့် ကြည်လင်ကုန်၏၊ အရေအဆင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ ငါ့သျှင် သင်သည် အဘယ်သူ့ကို ရည်ညွှန်း၍ ရဟန်းပြုသနည်း၊ သင်၏ဆရာကား အဘယ်သူနည်း၊ သင်သည် အဘယ်သူ၏ တရားကို နှစ်သက်သနည်း”ဟု ဆိုလတ်သော်ငါဘုရားသည် ဥပကအာဇီဝက (တက္ကတွန်း) ကို ဂါထာတို့ဖြင့် မိန့်ကြား၏—

“ဥပက ငါသည် အလုံးစုံကို လွှမ်းမိုးနိုင်၏၊ အလုံးစုံကို သိ၏၊ တရားအားလုံး တို့၌ (ကိလေသာဖြင့်) မလိမ်းကျံ၊ အလုံးစုံကို စွန့်အပ်ပြီ၊ တဏှာ၏ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြုရသောကြောင့် ကိလေသာမှလွတ်ပြီ၊ ကိုယ်တိုင် အထူးသိမြင် ပြီးဖြစ်၍ အဘယ်သူ့ကို (ဆရာဟူ၍) ညွှန်းရအံ့နည်း။

ဥပက ငါ့အား ဆရာမရှိ၊ ငါနှင့်တူသူ မရှိ၊ နတ်နှင့်တကွသော လောက၌ ငါ့အား ဖက်ပြိုင်နိုင်သောပုဂ္ဂိုလ်သည်လည်း မရှိ။

ငါသည် လောက၌ ရဟန္တာတည်း၊ ငါသည် အတုမရှိသောသူတည်း၊ နတ်လူ တို့၏ ဆရာတည်း၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော တစ်ဆူတည်းသော ဘုရားတည်း၊ ကိလေသာမီးငြိမ်းသည်ဖြစ်၍ ချမ်းမြ၏။

ငါသည် ဓမ္မစကြာတရားကို ဟောခြင်းငှါ ကာသိတိုင်း ဗာရာဏသီပြည်သို့ သွား အံ့၊ သူကန်းသဖွယ်ဖြစ်သော လောက၌ (တရားတည်းဟူသော) အမြိုက်စည်ကြီးကို တီးခတ်ပေအံ့”ဟု (မိန့်ကြား၏)။

ငါ့သျှင် သင် ဝန်ခံသည့်အတိုင်းဆိုလျှင် “အဆုံးမရှိသော ဉာဏ်နှင့် ပြည့်စုံသော မာရ်ငါးပါးကို့အောင်သော ဘုရားဖြစ်ထိုက်ပေ၏”ဟု (ဆို၏)။

“ဥပက အာသဝေါတရားတို့ကုန်ခြင်းသို့ ရောက်သော ငါကဲ့သို့သော ပုဂ္ဂိုလ်တို့ သည် စင်စစ်ဇိနမည်ကုန်၏၊ ငါသည် ယုတ်မာသော အကုသိုလ်တရားတို့ကို အောင်အပ်ပြီး ဖြစ်သောကြောင့်ဇိနမည်၏”ဟု (မိန့်တော်မူ၏)။

မင်းသား ဤသို့ မိန့်ကြားသော် ဥပကတက္ကတွန်းသည် “ငါ့သျှင်ဟုတ်ပေရာ၏”ဟု ဆိုကာ ဦးခေါင်းကိုညိတ်လျက် လမ်းဖယ်၍ သွားလေ၏။

၃၄၂။ မင်းသား ထိုအခါ ငါဘုရားသည် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်ခဲ့သော် ဗာရာဏသီပြည်ဣသိပတနမည်သော မိဂဒါဝုန်တော ပဉ္စဝဂ္ဂီရဟန်းတို့ထံသို့ ချဉ်းကပ်ခဲ့၏။ မင်းသား ပဉ္စဝဂ္ဂီရဟန်းတို့သည် အဝေးမှ ကြွလာတော်မူသော ငါဘုရားကို မြင်ကြ၍ “ငါ့သျှင်တို့ လာဘ်များခြင်းငှါ ကျင့်၍ကမ္မဋ္ဌာန်းလုပ်ငန်းမှ ထွက်သော လာဘ်များခြင်းငှါ လှည့်လည်သော ဤရဟန်းဂေါတမသည် ကြွလာ၏၊ ထိုရဟန်းဂေါတမကို ရှိမခိုးရ၊ ခရီးဦးကြိုမှု မပြုရ၊ ထိုရဟန်းဂေါတမ၏ သပိတ်သင်္ကန်းကို လှမ်းမယူရ၊ (သို့ရာတွင်) နေရာကိုကား ထားထိုက်၏၊ ရဟန်းဂေါတမသည် အကယ်၍ အလိုရှိလျှင် ထိုင်လိမ့်မည်”ဟုအချင်းချင်း ကတိကဝတ်ပြုကုန်၏။ မင်းသား ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ထံသို့ ချဉ်းကပ်မိသော်ပဉ္စဝဂ္ဂီရဟန်းတို့သည် မိမိတို့ ကတိကဝတ်ဖြင့် မတည်နိုင်ကုန်ဘဲ ငါဘုရားကို ခရီးဦးကြို ပြုကြပြီးလျှင်တစ်ယောက်သည် ငါဘုရား၏ သပိတ်သင်္ကန်းကို လှမ်းယူ၏၊ တစ်ယောက်သည် နေရာ ခင်း၏၊ တစ်ယောက်သည် ခြေဆေးရေကို တည်၏၊ တစ်ယောက်သည် ခြေဆေး အင်းပျဉ်ကို တည်ထား၏၊ တစ်ယောက်သည် ခြေပွတ်အိုးခြမ်းကို အနီး၌ ထား၏၊ ငါဘုရားသည် ခင်းထားသော နေရာ၌ထိုင်ပြီးလျှင် ခြေတို့ကို ဆေးကြော၏။ သို့သော် ငါဘုရားကို ဂေါတမဟူသော အမည်ဖြင့်လည်းကောင်း၊ ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့်လည်းကောင်း ခေါ်ဝေါ်ပြောဆိုကုန်၏။

ဤသို့ ပြောဆိုကုန်သည်ရှိသော် ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား “ရဟန်းတို့ ငါ့ကို ဂေါတမဟူသော အမည်ဖြင့်လည်းကောင်း၊ ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့်လည်းကောင်း မပြောဆိုကြကုန်လင့်။ ရဟန်းတို့ ငါဘုရားသည် ရဟန္တာတည်း၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော ဘုရားတည်း၊ ရဟန်းတို့ နားထောင်ကုန်လော့၊ အမြိုက်နိဗ္ဗာန်ကို (ငါ) ရပြီ၊ ငါသည် ဆုံးမအံ့၊ ငါသည် တရားဟောအံ့၊ ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာဝင်သောအမျိုးကောင်းသားတို့ လိုလားအပ်သော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့”ဟု ပြောခဲ့၏၊ မင်းသား ဤသို့ ပြောသော် ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါဘုရားအား ဤသို့ဆိုကုန်၏—“ငါ့သျှင်ဂေါတမ သင်သည် ပြုနိုင်ခဲသော ဣရိယာပုထ်ကို ပြုသဖြင့်လည်းကောင်း၊ ကျင့်နိုင်ခဲသော အကျင့်ကို ကျင့်သဖြင့်လည်းကောင်း ပြုနိုင်ခဲသော အမှုကို ပြုသဖြင့်လည်းကောင်းလူတို့၏ ကုသိုလ် တရားထက် လွန်မြတ်သော အရိယာအဖြစ်ကို ပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကိုမရခဲ့ပေ၊ လာဘ်များခြင်းငှါ ကျင့်၍ ကမ္မဋ္ဌာန်း (လုပ်ငန်း) မှ ထွက်လျက် လာဘ်များခြင်းငှါလှည့်လည်သော သင်သည် ယခုအခါ လူတို့၏ ကုသိုလ်တရားထက် လွန်မြတ်သော အရိယာအဖြစ်ကိုပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကို အဘယ်မှာ (သင်) ရနိုင်ပါအံ့နည်း”ဟု (ပြောကုန်၏)။

မင်းသား ဤသို့ ပြောကုန်သော် ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား “ရဟန်းတို့ ငါဘုရားသည်လာဘ်များခြင်းငှါ မကျင့်၊ ကမ္မဋ္ဌာန်းလုပ်ငန်းမှလည်း ထွက်သည် မဟုတ်၊ လာဘ်များခြင်းငှါ မလှည့်လည်၊ ရဟန်းတို့ ငါဘုရားသည် ရဟန္တာတည်း၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသောဘုရားတည်း၊ ရဟန်းတို့ နားထောင်ကုန်လော့၊ အမြိုက်နိဗ္ဗာန်ကို (ငါ) ရပြီ၊ ငါသည် ဆုံးမအံ့၊ ငါသည်တရားဟောအံ့၊ ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာဝင်သော အမျိုးကောင်းသားတို့ လိုလားအပ်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေရလတ္တံ့”ဟု ပြော၏၊ မင်းသား နှစ်ကြိမ်မြောက်လည်း ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါဘုရားအား ဤသို့ဆိုကုန်၏။ နှစ်ကြိမ်မြောက်လည်း ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား ဤသို့ပင် မိန့်တော်မူ၏။ပ။ မင်းသား သုံးကြိမ်မြောက်လည်း ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါဘုရားအား “ငါ့သျှင်ဂေါတမ သင်သည်ပြုနိုင်ခဲသော ဣရိယာပုထ်ကို ပြုသဖြင့်လည်းကောင်း၊ ကျင့်နိုင်ခဲသော အကျင့်ကိုကျင့်သဖြင့်လည်းကောင်း၊ ပြုနိုင်ခဲသော အမှုကို ပြုသဖြင့်လည်းကောင်း လူတို့၏ ကုသိုလ်တရားထက်လွန်မြတ်သော အရိယာအဖြစ်ကို ပြုစွမ်း နိုင်သော ဉာဏ်အမြင်အထူးကို မရခဲ့ပေ၊ လာဘ်များခြင်းငှါကျင့်၍ ကမ္မဋ္ဌာန်း (လုပ်ငန်း) မှ ထွက်လျက် လာဘ်များခြင်းငှါ လှည့်လည်သော သင်သည် ယခုအခါလူတို့၏ ကုသိုလ်တရားထက် လွန်မြတ်သော အရိယာအဖြစ်ကို ပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကိုအဘယ်မှာ (သင်) ရနိုင်ပါအံ့နည်း”ဟု ပြော ကုန်၏။

ဤသို့ ပြောကုန်လတ်သော် ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား “ဤမှ ရှေးအခါ၌ ဤသို့သောစကားကို ငါပြောဖူးသည်ကို သင်တို့မှတ်မိကြကုန်သလော”ဟု ပြောဆို၏။ မမှတ်မိပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ငါသည် ရဟန္တာတည်း၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိသော ဘုရားတည်း၊ ရဟန်းတို့ နားထောင်ကုန်လော့၊ အမြိုက်နိဗ္ဗာန်ကို (ငါ) ရပြီ၊ ငါသည် ဆုံးမအံ့၊ ငါသည် တရားဟောအံ့၊ ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ကောင်းစွာ ဝင်သော အမျိုးကောင်းသားတို့ လိုလားအပ်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သောအတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့”ဟု ဆို၏။ မင်းသား ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား (ဘုရားအဖြစ်ကို) သိစေရန် တတ်နိုင်ခဲ့လေပြီ။ မင်းသား နှစ်ပါးကုန်သော ရဟန်းတို့ကိုလည်း ဆုံးမ၏၊ သုံးပါးသော ရဟန်းတို့သည် ဆွမ်းအတွက် လှည့်လည်ကြကုန်၏၊ ရဟန်းသုံးပါးတို့သည် ဆွမ်းအလို့ငှါလှည့်လည်၍ ဆောင်ယူခဲ့သော ထိုဆွမ်းဖြင့် ခြောက်ဦးသားတို့ မျှတကြကုန်၏။ မင်းသားသုံးပါးကုန်သော ရဟန်းတို့ကိုလည်း ဆုံးမ၏၊ နှစ်ပါးကုန်သော ရဟန်းတို့သည် ဆွမ်းအတွက်လှည့်လည်ကြကုန်၏၊ နှစ်ပါးကုန်သော ရဟန်းတို့သည် ဆွမ်းအလို့ငှါ လှည့်လည်ကြ၍ ဆောင်ယူလာသောဆွမ်းဖြင့် ခြောက်ဦးသားတို့သည် မျှတကြကုန်၏။

၃၄၃။ မင်းသား ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါက ဤသို့ဆုံးမ ဤသို့ကန်မြစ်အပ်သည်ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေရကုန်ပြီဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူလတ်သော်ဗောဓိမင်းသာသည် မြတ်စွာဘုရားကို “အသျှင်ဘုရား မြတ်စွာဘုရားဟူသော ဆုံးမသူဆရာကို ရသောရဟန်းသည် အဘယ်မျှလောက် ကြာမြင့်မှ ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သောအရဟတ္တ ဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍နေရပါသနည်း”ဟု လျှောက်၏။

မင်းသား ထိုသို့ဖြစ်မူ ဤအရာ၌ သင်မင်းသားကိုသာလျှင် ပြန်၍ မေးအံ့၊ သင် နှစ်သက်သည့် အတိုင်းဖြေကြားလော့။ မင်းသား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းသားသည် ဆင်စီးအတတ်၌လည်းကောင်း၊ ချွန်းကိုင်အတတ်၌လည်းကောင်း တတ်မြောက်လိမ္မာသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏၊ အကျွန်ုပ်သည် ဆင်စီးအတတ်၌လည်းကောင်း၊ ချွန်းကိုင်အတတ်၌့လည်းကောင်း တတ်မြောက်လိမ္မာပါ၏ဟု (လျှောက်၏)။

မင်းသား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ တစ်ဦးသော ယောကျာ်းသည်”ဗောဓိမင်းသားသည် ဆင်စီးအတတ်ကိုလည်းကောင်း၊ ချွန်းကိုင်အတတ်ကိုလည်းကောင်း၊ တတ်မြောက်၏ထိုမင်းသား၏ အထံ၌ ဆင်စီးအတတ်ကိုလည်းကောင်း၊ ချွန်းကိုင်အတတ်ကိုလည်းကောင်း သင်ယူအံ့” ဟူ၍လာရောက်ရာ၏။ ထိုယောကျာ်းသည် ယုံကြည်မှု မရှိသူလည်း ဖြစ်ရာ၏၊ ယုံကြည်မှုရှိသူ ရောက်သင့်သော အရာသို့လည်း မရောက်ရာ။ ထိုယောကျာ်းသည် အနာရောဂါများသူလည်း ဖြစ်ရာ၏၊ အနာရောဂါကင်းသူ ရောက်သင့်သော အရာသို့လည်း မရောက်ရာ။ ထိုယောကျာ်းသည် ဟန်ဆောင်တတ်သူ မာယာများသူဖြစ်၏၊ ဟန်မဆောင်တတ်သူ မာယာမများသူ ရောက်သင့်သော အရာသို့လည်း မရောက်ရာ။ ထိုယောကျာ်းသည် ပျင်းရိသူလည်း ဖြစ်ရာ၏၊ ထက်သန်သော လုံ့လရှိသူ ရောက်သင့်သော အရာသို့လည်းမရောက်ရာ။ ထိုယောကျာ်းသည် ဉာဏ်နည်းသူလည်း ဖြစ်ရာ၏၊ ဉာဏ်ရှိသူ ရောက်သင့်သော အရာသို့လည်း မရောက်ရာ။

မင်းသား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ်အားဖြင့် ထိုသို့သဘောရှိသောယောကျာ်းသည် သင်၏ အထံ၌ ဆင်စီးအတတ် ချွန်းအတတ်ကို တတ်မြောက်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား တစ်ပါးပါးသော အင်္ဂါနှင့်မျှလည်း ပြည့်စုံသော ထိုယောကျာ်းသည် အကျွန်ုပ်၏အထံ၌ ဆင်စီးအတတ်ကိုလည်းကောင်း၊ ချွန်းကိုင်အတတ်ကိုလည်းကောင်း မတတ်မြောက်ရာပါ၊ အင်္ဂါငါးပါး လုံးနှင့် ပြည့်စုံသော ယောကျာ်းမှာမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (လျှောက်၏)။

၃၄၄။ မင်းသား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ဤလောက၌ ယောကျာ်းတစ်ယောက် သည်”ဗောဓိမင်းသားသည် ဆင်စီးအတတ်ကိုလည်းကောင်း၊ ချွန်းကိုင်အတတ်ကိုလည်းကောင်း၊ တတ်မြောက်၏၊ ငါသည် ဗောဓိမင်းသားအထံ၌ ဆင်စီးအတတ်ကိုလည်းကောင်း၊ ချွန်းကိုင်အတတ်ကိုလည်းကောင်း သင်ယူအံ့”ဟူ၍ လာရောက်ရာ၏။ ထိုယောကျာ်းသည် မင်းသားအား ယုံကြည်မှုရှိသူ ဖြစ်ရာ၏၊ ယုံကြည်သူ ရောက်သင့်သော အရာသို့လည်း ရောက်ရာ၏၊ ထိုယောကျာ်းသည် အနာရောဂါကင်းသူလည်း ဖြစ်ရာ၏၊ အနာရောဂါကင်းသူ ရောက်သင့်သော အရာသို့လည်း ရောက်ရာ၏၊ ထိုယောကျာ်းသည် ဟန်မဆောင်တတ်သူ မာယာမများသူလည်း ဖြစ်ရာ၏၊ ဟန်မဆောင်တတ်သူမာယာမများသူ ရောက်သင့်သော အရာသို့လည်း ရောက်ရာ၏။ ထိုယောကျာ်းသည် ထက်သန်သောလုံ့လရှိသူလည်း ဖြစ်ရာ၏၊ ထက်သန်သော လုံ့လရှိသူ ရောက်သင့်သော အရာသို့လည်း ရောက်ရာ၏။ ထိုယောကျာ်းသည် ဉာဏ်ရှိသူလည်း ဖြစ်ရာ၏၊ ဉာဏ်ရှိသူ ရောက်သင့်သော အရာသို့လည်းရောက်ရာ၏။ မင်းသား ထို အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ်အားဖြင့် ထိုယောကျာ်းသည်သင်၏ အထံ၌ ဆင်စီးအတတ် ကိုလည်းကောင်း၊ ချွန်းကိုင်အတတ်ကိုလည်းကောင်းတတ်မြောက်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင် ဘုရား တစ်ပါးပါးသော အင်္ဂါနှင့်မျှလည်းပြည့်စုံသော ထိုယောကျာ်းသည် အကျွန်ုပ်၏ အထံ၌ ဆင်စီး အတတ်ကိုလည်းကောင်းချွန်းကိုင်အတတ်ကိုလည်းကောင်း တတ်မြောက်ရာပါ၏၊ ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသော သူမှာမူကားအဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (လျှောက်၏)။

မင်းသား ဤဥပမာ အတူသာလျှင် ကမ္မဋ္ဌာန်းအားထုတ်သူတို့၏ အကြောင်းအင်္ဂါတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ—

မင်းသား ရဟန်းသည်

(၁) ယုံကြည်မှုရှိ၏၊ “ထိုမြတ်စွာဘုရား သည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောအကြောင်း ကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည် တော်မူ၏၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမ တတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်း ကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည် တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော် မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ဗောဓိ (မဂ်ဉာဏ် ဖိုလ်ဉာဏ် သဗ္ဗညုတဉာဏ်) ကို ယုံကြည်၏။

(၂) အနာကင်း၏၊ ရောဂါကင်း၏၊ အညီအမျှ ကျေကျက်စေတတ်သော မအေးလွန်း မပူလွန်းသောအလယ်အလတ်ဖြစ်သော ကမ္မဋ္ဌာန်းစီးဖြန်းရန်ခံ့သော ပါစကတေဇောဓာတ် (ဝမ်းမီး) နှင့် ပြည့်စုံ၏။

(၃) ဟန်ဆောင်ခြင်း လှည့်ပတ်ခြင်း မရှိ၊ ဆရာဖြစ်သော မြတ်စွာဘုရားအထံ၌ လည်းကောင်းပညာရှိကုန်သော သီတင်းသုံးဖော်တို့အထံ၌လည်းကောင်းဟုတ်မှန်သည့်အတိုင်း မိမိကိုယ်ကို ထင်စွာ ပြုတက်၏။

(၄) အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားစွမ်းရှိ၏၊ မြဲမြံစွာအားထုတ်မှုရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထား။

(၅) ပညာရှိ၏၊ အဖြစ် အပျက်ကို သိစွမ်းနိုင်သော ပညာနှင့် ပြည့်စုံ၏၊ စင်ကြယ်သော (ကိလေသာ ကို) ဖောက်ခွဲဖျက်ဆီးနိုင်သော ကောင်းစွာ ဒုက္ခ၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်စေနိုင်သော ပညာနှင့် ပြည့်စုံ ၏။ မင်းသား ဤသည်တို့ကား ကမ္မဋ္ဌာန်းစီးဖြန်းသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါငါးပါးတို့ပေတည်း။

၃၄၅။ မင်းသား ကမ္မဋ္ဌာန်းစီးဖြန်းမှုအကြောင်းအင်္ဂါ ငါးပါးတို့နှင့်ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်ရှိသော် ခုနစ်နှစ်ကြာလျှင် ကောင်းစွာသာလျှင် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေနိုင်ရာ၏။ မင်းသား ခုနစ်နှစ်တို့ကို ထားဦးလော့၊ ကမ္မဋ္ဌာန်းအားထုတ်မှု အကြောင်းအင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်ရှိသော်ခြောက်နှစ်ကြာလျှင် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကိုယခု ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေနိုင်ရာ၏။ ငါးနှစ်ကြာလျှင်။ လေးနှစ်ကြာလျှင်။ သုံးနှစ်ကြာလျှင်။ နှစ်နှစ်ကြာလျှင်။ တစ်နှစ်ကြာလျှင်။ မင်းသားတစ်နှစ်တို့ကို ထားဦးလော့၊ ကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်းအင်္ဂါ ငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည်မြတ်စွာ ဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်ရှိသော် ခုနစ်လကြာလျှင် ကောင်းစွာသာလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသောမြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက် မှောက်ပြုကာ ရောက်၍ နေနိုင်ရာ၏။

မင်းသား ခုနစ်လတို့ကို ထားဦးလော့၊ ဤကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်းအင်္ဂါ ငါးပါးတို့နှင့်ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်ရှိသော် ခြောက်လကြာလျှင် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ် အကျိုးကို ယခုဘဝ၌ပင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေနိုင်ရာ၏။ ငါးလကြာလျှင်။ လေးလကြာ့လျှင်။ သုံးလကြာလျှင်။ နှစ်လကြာလျှင်။ တစ်လကြာလျှင်။ လဝက်ကြာလျှင်။ မင်းသား လဝက်ကိုထားဦးလော့၊ ဤကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်း အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်ရှိသော် ခုနစ်ရက်ကြာလျှင် ကောင်းစွာသာလျှင် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေနိုင်ရာ၏။

မင်းသား ခုနစ်ရက်တို့ကို ထားဦးလော့၊ ဤကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်းအင်္ဂါ ငါးပါးတို့နှင့်ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်ရှိသော် ခြောက်ရက်ကြာလျှင် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေနိုင်ရာ၏။ ငါးရက်ကြာလျှင်။ လေးရက်ကြာ လျှင်။ သုံးရက်ကြာလျှင်။ နှစ်ရက်ကြာလျှင်။ တစ်ရက်ကြာလျှင်။ မင်းသား တစ်ရက်ကိုထားဦးလော့၊ ဤကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်း အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည်မြတ်စွာဘုရားတည်း ဟူသော ဆုံးမသူဆရာကို ရသည်ရှိသော် ညချမ်းအခါ ဆုံးမမူ နံနက်အခါ၌တရားအထူးကို ရပေလိမ့်မည်၊ နံနက်အခါ ဆုံးမမူ ညချမ်းအခါ၌ တရားအထူးကို ရပေလိမ့်မည်ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူ သည်ရှိသော် ဗောဓိမင်းသားသည် မြတ်စွာဘုရားကို “ညချမ်းအခါ၌ဆုံးမသည်ရှိသော် နံနက်အခါ၌ တရားအထူးကို ရစွမ်းနိုင်၏၊ နံနက်အခါ၌ ဆုံးမသည်ရှိသော်ညချမ်းအခါ၌ တရားအထူးကို ရစွမ်းနိုင်၏၊ မြတ်စွာဘုရားသည် အံ့သြဖွယ်ကောင်းလှပါ၏၊ တရားတော်သည် အံ့သြဖွယ်ကောင်းလှပါ၏၊ တရားတော်၏ ကောင်းစွာဟောကြားထားသည်၏ အဖြစ်သည် အံ့သြဖွယ်ကောင်းလှပါ၏”ဟု လျှောက်၏။

၃၄၆။ ဤသို့ လျှောက်လတ်သော် သဉ္ဇိကာပုတ္တလုလင်သည် ဗောဓိမင်းသားကို “ဤအရှင်ဗောဓိမင်းသားသည် ‘မြတ်စွာဘုရားသည် အံ့သြဖွယ်ကောင်းလှပါ၏၊ တရားတော်သည် အံ့သြဖွယ်ကောင်းလှပါ၏၊ တရားတော်၏ ကောင်းစွာ ဟောကြားထားသည်၏ အဖြစ်သည် အံ့သြဖွယ်ကောင်းလှပါ၏’ ဟူ၍ဤသို့သာလျှင် လျှောက်ထားဘိ၏၊ ထိုသို့ပင် လျှောက်ထားငြားသော်လည်း ထိုအသျှင်ဂေါတမကိုကိုးကွယ်ရာဟူ၍ မဆည်းကပ်၊ တရားတော်မြတ်ကိုလည်းကောင်း၊ ရဟန်းသံဃာအပေါင်းကိုလည်းကောင်းကိုးကွယ်ရာဟူ၍ မဆည်းကပ်”ဟု ပြောဆို၏။ အချင်းသဉ္ဇိကာပုတ္တ ဤသို့ မဆိုလင့်၊ အချင်းသဉ္ဇိကာပုတ္တဤသို့ မဆိုလင့်၊ အချင်းသဉ္ဇိကာပုတ္တ ငါသည် ဤသို့သော စကားကို မယ်တော်၏ မျက်မှောက်မှကြားနာမှတ်သား လိုက်ရပါ၏၊ မယ်တော်၏ မျက်မှောက်မှ ဤစကားကို ခံယူဖူး၏၊ အချင်းသဉ္ဇိကာပုတ္တအခါတစ်ပါး မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကိုယ်ဝန်ဆောင်ဖြစ်သော ငါ၏ မယ်တော်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် “အသျှင်ဘုရား အကျွန်ုပ်၏ ဝမ်းတိုက်ရှိ ဤသတို့သား၊ သို့မဟုတ် သတို့သမီးသည် အသျှင်ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်မြတ်ကိုလည်းကောင်း၊ ရဟန်းသံဃာအပေါင်းကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် ထိုသူငယ်ကို ယနေ့ကို အစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ရာဟူ၍ ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု လျှောက်ခဲ့ပြီ။

အချင်းသဉ္ဇိကာပုတ္တ အခါတစ်ပါး မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားသမင် တို့ကိုဘေးမဲ့ပေးရာဖြစ်သော ဤပဲစင်းငုံတော၌ပင်လျှင် သီတင်းသုံးနေတော်မူ၏။ ထိုအခါ ငါ့ကို နို့ထိန်း သည်ရင်ခွင်ဖြင့် ပိုက်ချီ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် သင့်လျော်ရာ၌ ရပ်တည် ကာ့”အသျှင်ဘုရား ဤဗောဓိမင်းသားသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်မြတ်ကိုလည်းကောင်း၊ ရဟန်းသံဃာအပေါင်းကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် ထိုဗောဓိမင်းသားကို ယနေ့ကို အစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ရာဟူ၍ ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု လျှောက်ဖူးပြီ။ အချင်းသဉ္ဇိကာပုတ္တ ထိုငါသည်သုံးကြိမ် မြောက်လည်း မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်မြတ်ကိုလည်းကောင်း ရဟန်းအပေါင်းကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့ကို အစပြု၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ရာဟူ၍ ဆည်းကပ်သော ဥပါသကာ ဟူ၍ မှတ်တော်မူပါလော့ဟု (လျှောက်လေသတည်း)။

ငါးခုမြောက် ဗောဓိရာဇကုမာရသုတ် ပြီး၏။