မဇ္ဈိမနိကာယ်

၉— သမ္မာဒိဋ္ဌိသုတ်

၈၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် အသျှင် သာရိပုတြာအား “ငါ့သျှင်” ဟု ပြန်ကြားလျှောက်ထားကြကုန်၏။ အသျှင်သာရိပုတြာသည် ဤသို့ မိန့်ဆိုတော်မူ၏။

“ငါ့သျှင်တို့ မှန်ကန်သောအယူ မှန်ကန်သောအယူဟု ဆို၏၊ ငါ့သျှင်တို့ အဘယ်မျှသော အကြောင်းဖြင့် အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်သနည်း၊ ထိုသူသည် တရားတော်၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူဖြစ်သနည်း” ဟု (မိန့်ဆိုတော်မူ၏)။

ငါ့သျှင် တပည့်တော်တို့သည် အသျှင်သာရိပုတြာ၏ အထံ၌ ဤ (ယခု) ဟောမြွက်သော တရား၏အနက်အဓိပ္ပါယ်ကို သိရန် အဝေးမှပင် လာကြရပါကုန်၏။ တောင်းပန်ပါ၏၊ ဤ (ယခု) ဟောမြွက်သောတရား၏ အနက်အဓိပ္ပါယ်ကို အသျှင်သာရိပုတြာပင် ဝေဖန်ဟောကြားတော်မူပါ၊ အသျှင်သာရိပုတြာ၏အထံမှ ကြားနာကြရ၍ ရဟန်းတို့သည် သင်ယူမှတ်သား ဆောင်ထားကြပါလိမ့်မည်ဟု လျှောက်ကြကုန်၏။

ငါ့သျှင်တို့ သို့ဖြစ်လျှင် နာကြားကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့ဟု မိန့်ဆို၏။ “ငါ့သျှင် ကောင်းပါပြီ” ဟု ရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကြ ကုန်၏။ အသျှင်သာရိ ပုတြာသည် ဤသို့ မိန့်ဆိုတော်မူ၏ —

“ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် အကုသိုလ်ကိုလည်း ခွဲခြား၍သိ၏၊ အကုသိုလ်၏အကြောင်းရင်းကိုလည်း ခွဲခြား၍သိ၏၊ ကုသိုလ်ကိုလည်း ခွဲခြား၍သိ၏၊ ကုသိုလ်၏အကြောင်းရင်းကိုလည်း ခွဲခြား၍သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည်မှန်ကန်သော အယူ ရှိသူဖြစ်၏၊ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ ထိုသူသည် တရားတော်၌မတုန်မလှုပ်သက်ဝင် ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ ရောက်လာသူဖြစ်၏။

ငါ့သျှင်တို့ အကုသိုလ်ဟူသည် အဘယ်နည်း၊ အကုသိုလ်၏ အကြောင်းရင်းဟူသည် အဘယ်နည်း၊ ကုသိုလ်ဟူသည် အဘယ်နည်း၊ ကုသိုလ်၏ အကြောင်းရင်းဟူသည် အဘယ်နည်း၊ ငါ့သျှင်တို့ အသက်သတ်ခြင်းသည် အကုသိုလ်တည်း၊ မပေးသည်ကို ယူခြင်း, ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း,မဟုတ်မမှန် ပြောဆိုခြင်း, ကုန်းချော ပြောဆိုခြင်း, ကြမ်းသော စကားပြောဆိုခြင်း,ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်း, (သူတစ်ပါးပစ္စည်းဥစ္စာကို) ရှေးရှုကြံစည်ခြင်း, သူတစ်ပါးပျက်စီးစေလိုခြင်းသည်အကုသိုလ်ပင် တည်း၊ အယူမှားခြင်းသည် အကုသိုလ်တည်း။ ငါ့သျှင်တို့ ဤတရားစုကို အကုသိုလ်ဟူ၍ဆိုရ၏။

ငါ့သျှင်တို့ အကုသိုလ်၏ အကြောင်းရင်းဟူသည် အဘယ်နည်း။ လိုချင်တပ်မက်ခြင်း ‘လောဘ’၊ ကြမ်းတမ်းပြစ်မှားခြင်း ‘ဒေါသ’၊ တွေဝေမိုက်မဲခြင်း ‘မောဟ’ သည် အကုသိုလ်၏ အကြောင်းရင်းတည်း၊ ငါ့သျှင်တို့ ဤတရားစုကို အကုသိုလ်၏ အကြောင်းရင်းဟူ၍ ဆိုရ၏။

ငါ့သျှင်တို့ ကုသိုလ်ဟူသည် အဘယ်နည်း။ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ် တည်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း, ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း,မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း, ကုန်းချော ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း, ကြမ်းသောစကားမှရှောင်ကြဉ်ခြင်း,ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်း, (သူတစ်ပါးပစ္စည်းဥစ္စာကို) ရှေးရှုမကြံခြင်း, သူတစ်ပါးမပျက်စီးစေလိုခြင်းသည် ကုသိုလ်တည်း၊ အယူမှန်ကန်ခြင်းသည် ကုသိုလ်တည်း။ ငါ့သျှင်တို့ ဤ့တရားစုကို ကုသိုလ်ဟူ၍ ဆိုရ၏။

ငါ့သျှင်တို့ ကုသိုလ်၏ အကြောင်းရင်းဟူသည် အဘယ်နည်း။ မတပ်မက်မလိုချင်ခြင်း ‘အလောဘ’၊ မကြမ်းတမ်းမပြစ်မှားခြင်း ‘အဒေါသ’နှင့် မတွေဝေခြင်း ‘အမောဟ’ သည် ကုသိုလ်၏အကြောင်းရင်းတည်း။ ငါ့သျှင်တို့ ဤတရားစုကို ကုသိုလ်၏ အကြောင်းရင်းဟူ၍ ဆိုရ၏။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ အကုသိုလ်ကို ခွဲခြား၍ သိ၏၊ ဤသို့အကုသိုလ်၏ အကြောင်းရင်းကို ခွဲခြား၍သိ၏။ ဤသို့ ကုသိုလ်ကို ခွဲခြား၍သိ၏၊ ဤသို့ ကုသိုလ်၏အကြောင်းရင်းကို ခွဲခြား၍သိ၏၊ (ထိုအခါ၌) ထို (အရိယာဖြစ်သောတပည့်) သည် အကြွင်း အကျန်မရှိတပ်မက်မှု အကိန်းတရား ‘ရာဂါနုသယ’ ကို ပယ်စွန့်၍ ထိခိုက်ပြစ်မှားမှု အကိန်းတရား ‘ပဋိဃာနုသယ’ကိုဖျောက်ဖျက်၍ ငါဟု စွဲယူခြင်း ဒိဋ္ဌိအလားရှိသော ထောင်လွှားခြင်းအကိန်းတရား ‘မာနာနုသယ’ကိုနုတ်ခွါ၍ မသိမှု ‘အဝိဇ္ဇာ’ ကို ပယ်စွန့်ပြီးလျှင် အသိဉာဏ် ‘ဝိဇ္ဇာ’ကို ဖြစ်စေလျက် ယခု ဘဝ၌ပင်ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုနိုင်၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ ထိုသူသည် တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူဖြစ်၏” ဟု (မိန့်တော်မူ၏)။

၉ဝ။ “ငါ့သျှင် ကောင်းပါပေ၏” ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာ မိန့်ကြားသော တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ အသျှင်သာရိပုတြာအား ပြဿနာကို ထပ်ဆင့်၍ မေးလျှောက်ကြကုန်၏။

“ငါ့သျှင် အရိယာဖြစ်သောတပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏အယူသည် ဖြောင့် မတ်၏၊ (ထိုသူသည်) တရားတော်၌ မတုန်မလှုပ်သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသည့်နည်းတူ အခြားရောက်လာကြောင်းလည်း ရှိပါသေးသလော” ဟု (မေးလျှောက်ကြကုန်၏)။

“ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် အာဟာရကိုလည်း ခွဲခြား၍သိ၏။ အာဟာရဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏။ အာဟာရချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ အာဟာရချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်းအရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ အာဟာရဟူသည် အဘယ်နည်း၊ အာဟာရဖြစ်ကြောင်းဟူသည် အဘယ်နည်း၊ အာဟာရချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ အာဟာရ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း။

ငါ့သျှင်တို့ ဖြစ်ပွားပြီး သတ္တဝါတို့ကိုလည်း တည်တံ့စေရန်၊ ဖြစ်ပွားဆဲ သတ္တဝါတို့ကိုလည်းချီးမြှောက်ထောက်ပံ့ရန် အာဟာရတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ အကြမ်းအနုဖြစ်သော အလုတ်အလွေးပြု၍ မျိုအပ်သည့် ကဗဠီကာရအာဟာရ၊ တွေ့ထိခြင်းဟူသော နှစ်ခုမြောက်ဖဿအာဟာရ၊ စိတ်စေ့ဆော်ခြင်းဟူသော သုံးခုမြောက် မနောသေဉ္စတနာအာဟာရ၊ သိမှု ‘ဝိညာဏ်’ ဟူသော လေးခုမြောက် ဝိညာဏအာဟာရတို့တည်း။

တပ်မက်မှု ‘တဏှာ’ ဖြစ်ခြင်းကြောင့် အာဟာရဖြစ်၏၊ တပ်မက်မှု ‘တဏှာ’ ချုပ်ပျောက်ခြင်းကြောင့် အာဟာရချုပ်ပျောက်၏။

အာဟာရချုပ်ခြင်းသို့ ရောက်ကြောင်းအကျင့်သည် အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။

ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာသိခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်ကန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်ကန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်ကန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်ကန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်ကန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့တည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ အာဟာရကို ခွဲခြား၍သိ၏၊ ဤသို့အာဟာရ၏ ဖြစ်ကြောင်းကို ခွဲခြား၍သိ၏။ ဤသို့ အာဟာရ၏ ချုပ်ငြိမ်းခြင်းကို ခွဲခြား၍သိ၏၊ အာဟာရချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကို ခွဲခြား၍သိ၏၊ (ထိုအခါ၌) ထိုအရိယာဖြစ်သော တပည့်သည်တပ်မက်မှု အကိန်းတရား ‘ရာဂါနုသယ’ ကို ပယ်စွန့်၍ ပြစ်မှားမှုအကိန်းတရား ‘ပဋိဃာနုသယ’ ကိုဖျောက်ဖျက်၍ ငါဟု စွဲယူခြင်းဒိဋ္ဌိအလားရှိသော ထောင်လွှားခြင်းအကိန်းတရား ‘မာနာနုသယ’ ကိုနုတ်ခွါ၍ မသိမှု ‘အဝိဇ္ဇာ’ ကို ပယ်စွန့်ပြီးလျှင် အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ဖြစ်စေလျက် ယခုဘဝ၌ပင်ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုနိုင်၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ ရောက်လာသူဖြစ်ပေ၏” ဟု (မိန့်တော်မူ၏)။

၉၁။ “ငါ့သျှင် ကောင်းပါပေ၏” ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာ မိန့်ကြားသော တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ အသျှင်သာရိပုတြာအား ပြဿနာကို ထပ်ဆင့်၍ မေးလျှောက်ကြပြန်ကုန်၏။

“ငါ့သျှင် အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသည်ဖြစ်၍ ထိုသူ၏ အယူသည်ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသည့်နည်းတူ အခြားရောက်လာကြောင်းလည်း ရှိပါသေးသလော” ဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏၊ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် ဆင်းရဲ ‘ဒုက္ခ’ကိုလည်း ခွဲခြား၍သိ၏။ ဆင်းရဲ ‘ဒုက္ခ’ ဖြစ်ကြောင်းကိုလည်း ခွဲခြား၍သိ၏။ ဆင်းရဲ ‘ဒုက္ခ’ ချုပ်ငြိမ်းခြင်းကိုလည်းခွဲခြား၍သိ၏။ ဆင်းရဲ ‘ဒုက္ခ’ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ ဆင်းရဲ ‘ဒုက္ခ’ဟူသည် အဘယ်နည်း၊ ဆင်းရဲ ‘ဒုက္ခ’ ဖြစ်ကြောင်းဟူသည် အဘယ်နည်း၊ ဆင်းရဲ ‘ဒုက္ခ’ ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ ဆင်းရဲ ‘ဒုက္ခ’ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။

ပဋိသန္ဓေတည် နေဖြစ်ပွားရခြင်း ‘ဇာတိ’ သည်လည်း ဆင်းရဲတည်း၊ အိုရခြင်းသည်လည်း ဆင်းရဲတည်း၊ သေရခြင်းသည်လည်း ဆင်းရဲတည်း၊ ပူဆွေးရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲရခြင်း စိတ်ဆင်းရဲရခြင်း ပြင်းစွာ ပင်ပန်းရခြင်းတို့သည်လည်း ဆင်းရဲတို့တည်း၊ မချစ်မနှစ်သက်အပ်သော အရာတို့နှင့် ပေါင်းဆုံရခြင်းသည်လည်း ဆင်းရဲတည်း၊ ချစ်နှစ်သက်အပ်သော အရာတို့နှင့် ကင်းကွာရခြင်းသည်လည်း ဆင်းရဲတည်း၊ အလိုရှိသော အရာကို မရခြင်းသည်လည်း ဆင်းရဲတည်း၊ အကျဉ်းချုပ်အားဖြင့် (တဏှာဒိဋ္ဌိ) ဥပါဒါန်တရားတို့၏ ကျက်စားရာ ခန္ဓာငါးပါးလုံးတို့သည်ပင် ဆင်းရဲတို့တည်းငြါ့သျှင်တို့ ဤတရားစုကို ဆင်းရဲ ‘ဒုက္ခ’ ဟူ၍ ဆိုရ၏။

ငါ့သျှင်တို့ ဆင်းရဲ ‘ဒုက္ခ’ဖြစ်ကြောင်းဟူသည် အဘယ်နည်း။ တစ်ဖန်ဘဝသစ်ကို ပြုလေ့ရှိသော နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်သည့် ထိုထိုအာရုံကို အလွန်နှစ်သက်တတ်သော တဏှာပင်တည်း။ ဤတဏှာဟူသည် အဘယ်နည်း၊ ကာမ၌တပ်မက်ခြင်း ‘ကာမတဏှာ’၊ ဘဝ၌တပ်မက်ခြင်း ‘ဘဝတဏှာ’၊ ဝိဘဝ၌တပ်မက်ခြင်း ‘ဝိဘဝတဏှာ’ပင်တည်း။ ငါ့သျှင်တို့ ဤတပ်မက်ခြင်းကို ဆင်းရဲ ‘ဒုက္ခ’ဖြစ်ကြောင်းဟူ၍ ဆိုရ၏။

ငါ့သျှင်တို့ ဆင်းရဲ ‘ဒုက္ခ’ ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း။ တဏှာ၏သာလျှင် အကြွင်းမဲ့ တပ်မက်ခြင်း ကင်းသောအားဖြင့် ချုပ်ငြိမ်းခြင်း၊ စွန့်ပစ်ခြင်း၊ စွန့်လွှတ်ခြင်း၊ လွတ်မြောက်ခြင်း၊ တွယ်တာကပ်ငြိမှု မရှိခြင်းပင်တည်း။ ငါ့သျှင်တို့ ဤချုပ်ငြိမ်းခြင်းကို ဆင်းရဲ ‘ဒုက္ခ’ ချုပ်ငြိမ်းခြင်းဟူ၍ ဆိုရ၏။

ငါ့သျှင်တို့ ဆင်းရဲ ‘ဒုက္ခ’ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။ ငါ့သျှင်တို့ဆင်းရဲ ‘ဒုက္ခ’ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာသိခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ ဆင်းရဲကို ခွဲခြား၍သိ၏၊ ဤသို့ဆင်းရဲဖြစ်ကြောင်းကို ခွဲခြား၍သိ၏။ ဤသို့ ဆင်းရဲချုပ်ငြိမ်းခြင်းကို ခွဲခြား၍သိ၏၊ ဤသို့ ဆင်းရဲချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကို ခွဲခြား၍သိ၏၊ (ထိုအခါ၌) ထိုအရိယာဖြစ်သော တပည့်သည်တပ်မက်မှုအကိန်းတရား ‘ရာဂါနုသယ’ ကို ပယ်စွန့်၍ ထိခိုက်ပြစ်မှားမှုအကိန်းတရား ‘ပဋိဃာနုသယ’ ကိုဖျောက်ဖျက်၍ ငါဟုစွဲယူခြင်းဒိဋ္ဌိ အလားရှိသော ထောင်လွှားမှု အကိန်းတရား ‘မာနာနုသယ’ ကို နုတ်ခွါ၍မသိမှု ‘အဝိဇ္ဇာ’ကို ပယ်စွန့်ပြီးလျှင် အသိဉာဏ် ‘ဝိဇ္ဇာ’ကို ဖြစ်စေလျက် ယခုဘဝ၌ပင် ဝဋ်ဆင်းရဲ၏အဆုံးကို ပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏။ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။

၉၂။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာမိန့်ကြားသော တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ အသျှင်သာရိပုတြာအား ပြဿနာကို ထပ်ဆင့်၍ မေးလျှောက်ကြပြန်ကုန်၏ ‘ငါ့သျှင် အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသည့် နည်းတူ အခြားရောက်လာကြောင်းလည်း ရှိပါသေးသလော’ဟု (မေးလျှောက်ကြပြန်ကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏၊ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် အိုခြင်း သေခြင်းကိုလည်း ခွဲခြား၍သိ၏၊ အိုခြင်း သေခြင်း၏ ဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ အိုခြင်း သေခြင်း၏ ချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ အိုခြင်း သခြင်း၏ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်းခွဲခြား ၍ သိ၏၊ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ မတုန်မလှုပ်သက်ဝင် ကြည်ညိုခြင်းနှင့်ပြည့်စုံ လျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူဖြစ်ပေ၏။

ငါ့သျှင်တို့ အိုခြင်း သေခြင်းဟူသည် အဘယ်နည်း၊ အိုခြင်း သေခြင်း၏ ဖြစ်ကြောင်း ဟူသည်အဘယ်နည်း၊ အိုခြင်း သေခြင်း၏ ချုပ်ငြိမ်းခြင်း ဟူသည် အဘယ်နည်း၊ အိုခြင်း သေခြင်း၏ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့် ဟူသည် အဘယ်နည်း။

ထိုထိုသတ္တဝါအမျိုးအစား၌ ထိုထို သတ္တဝါတို့၏ အိုခြင်း ရင့်ရော်ဆွေးမြေ့ခြင်း သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ရှုံ့ခြင်း အသက်ဆုတ်ယုတ်ခြင်း (မျက်စိစသော) ဣန္ဒြေတို့၏ ရင့်ရော်ခြင်းတည်း၊ ့ငါ့သျှင်တို့ ဤသဘော တရားကို အိုခြင်းဟူ၍ ဆိုရ၏။

ငါ့သျှင်တို့ သေခြင်းဟူသည် အဘယ်နည်း၊ ထိုထိုသတ္တဝါအမျိုးအစားမှ ထိုထိုသတ္တဝါတို့၏ စုတေခြင်းရွေ့လျောခြင်း ပျက်စီးခြင်း ကွယ်လွန်ခြင်း သေခြင်း သေဆုံးခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကောင်ကိုစွန့်ပစ်ခြင်း ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းတည်း။ ငါ့သျှင်တို့ ဤသဘောတရားကို သေခြင်းဟူ၍ ဆိုရ၏။

ဤသို့လျှင် အိုခြင်းသဘောတရားကိုလည်းကောင်း၊ သေခြင်းသဘောတရားကိုလည်းကောင်း (ဖော်ပြခဲ့ပြီ)။ ငါ့သျှင်တို့ ဤသဘောတရားကို အိုခြင်း သေခြင်းဟူ၍ ဆိုရ၏။

ပဋိသန္ဓေတည်နေဖြစ်ပွါးမှု ‘ဇာတိ’ ချုပ်ငြိမ်းခြင်းကြောင့် အိုခြင်း သေခြင်း ချုပ်ငြိမ်း၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် အိုခြင်း သေခြင်း၏ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ပေတည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ အိုခြင်း သေခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့ အိုခြင်း သေခြင်း၏ ဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ အိုခြင်း သေခြင်း၏ ချုပ်ငြိမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့ အိုခြင်း သေခြင်း၏ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကို ခွဲခြား၍သိ၏။ (ထိုအခါ၌) ထိုအရိယာဖြစ်သော တပည့်သည် အကြွင်းအကျန်မရှိ တပ်မက်မှုအကိန်းတရား ‘ရာဂါနုသယ’ ကို ပယ်စွန့်၍။ပ။ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြု၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

၉၃။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု။ပ။ ငါ့သျှင်။ပ။ ရှိပါသေးသလောဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏။ပ။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် (ပဋိသန္ဓေတည်နေဖြစ်ပွါးမှု) ဇာတိကိုလည်း ခွဲခြား၍ သိ၏၊ ဇာတိဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ ဇာတိချုပ်ငြိမ်းခြင်းကိုလည်းခွဲခြား၍ သိ၏၊ ဇာတိချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ (ပဋိသန္ဓေတည်နေဖြစ်ပွါးမှု) ဇာတိဟူသည် အဘယ်နည်း၊ ဇာတိဖြစ်ကြောင်းဟူသည်အဘယ်နည်း၊ ဇာတိချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ ဇာတိ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ဟူ သည် အဘယ်နည်း။

ထိုထိုသတ္တဝါအမျိုးအစား၌ ထိုထိုသတ္တဝါတို့၏ ဖြစ်ခြင်း ပြည့်ပြည့်စုံစုံဖြစ်ခြင်း သက်ရောက်ခြင်း ထင်ရှားဖြစ်ခြင်း ခန္ဓာတို့၏ထင်ရှားဖြစ်ပေါ်ခြင်း အာယတနတို့ကို ရခြင်းပင်တည်း။ ငါ့သျှင်တို့ ဤသဘောတရားကို ဇာတိ ဟူ၍ ဆိုရ၏။ (ကုသိုလ် အကုသိုလ်ကံဟူသော) ဘဝဖြစ်ခြင်းကြောင့် ဇာတိဖြစ်၏။ ဘဝချုပ်ငြိမ်းခြင်းကြောင့် ဇာတိချုပ်ငြိမ်း၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဇာတိချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ ဇာတိကို ခွဲခြား၍ သိ၏၊ ဤသို့ဇာတိဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ ဇာတိချုပ်ငြိမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့ ဇာတိချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကို ခွဲခြား၍ သိ၏။ (ထိုအခါ၌) ထိုအရိယာဖြစ်သော တပည့်သည် အကြွင်းအကျန်မရှိ တပ်မက်မှုအကိန်းတရား ‘ရာဂါနုသယ’ ကို ပယ်စွန့်၍။ပ။ အဆုံးကိုပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

၉၄။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု။ပ။ ငါ့သျှင်။ပ။ ရှိပါသေးသလောဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် ဘဝကိုလည်း ခွဲခြား၍ သိ၏၊ ဘဝဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ ဘဝချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ ဘဝချုပ်ငြိမ်းခြင်းသို့ ရောက် ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှ ဖြင့်လည်းအရိယာဖြစ်သော တပည့် သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင် ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ ဘဝဟူသည် အဘယ်နည်း၊ ဘဝဖြစ်ကြောင်းဟူသည် အဘယ်နည်း၊ ဘဝချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ ဘဝချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း။

ငါ့သျှင်တို့ ဘဝတို့သည် ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ ဤသုံးပါးတို့ပေတည်း။ စွဲလမ်းမှု ဥပါဒါန်ဖြစ်ခြင်းကြောင့် ဘဝ (ကမ္မဘဝ ဥပပတိ ္တဘဝ) ဖြစ်၏။ စွဲလမ်းမှုဥပါဒါန်ချုပ်ခြင်းကြောင့် ဘဝချုပ်၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဘဝချုပ်ခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ ဘဝကို ခွဲခြား၍ သိ၏၊ ဤသို့ဘဝဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ ဘဝ ချုပ်ငြိမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့ဘဝချုပ်ငြိမ်းခြင်း သို့ ရောက်ကြောင်း အကျင့်ကို ခွဲခြား၍ သိ၏။ (ထိုအခါ၌) ထိုအရိယာဖြစ်သောတပည့်သည် အကြွင်း အကျန်မရှိ တပ်မက်မှုအကိန်းတရား ‘ရာဂါနုသယ’ကို ပယ်စွန့်၍။ပ။ အဆုံးကိုပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

၉၅။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု။ပ။ ငါ့သျှင်။ပ။ ရှိပါသေးသလောဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် စွဲလမ်းခြင်းကိုလည်း ခွဲခြား၍သိ၏၊ စွဲလမ်းခြင်းဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ စွဲလမ်းခြင်း၏ ချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍သိ၏၊ စွဲလမ်းခြင်း ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏ အယူသည်ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ စွဲလမ်းခြင်း ‘ဥပါဒါန်’ ဟူသည် အဘယ်နည်း၊ စွဲလမ်းခြင်းဖြစ်ကြောင်းဟူသည် အဘယ် နည်း၊ စွဲလမ်းခြင်းချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ စွဲလမ်းခြင်းချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။

ငါ့သျှင်တို့ စွဲလမ်းခြင်းတို့သည် ကာမဂုဏ်၌ စွဲလမ်းခြင်း ‘ကာမုပါဒါန်’၊ အယူမှား၌ စွဲလမ်းခြင်း့ ‘ဒိဋ္ဌုပါဒါန်’၊ အကျင့်အလေ့၌ စွဲလမ်းခြင်း ‘သီလဗ္ဗတုပါဒါန်’၊ အတ ္တဟု စွဲလမ်းခြင်း ‘အတ ္တဝါဒုပါဒါန်’ လေးပါးတို့တည်း။ တပ်မက်မှု တဏှာဖြစ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏။ တပ်မက်မှုတဏှာ ချုပ်ငြိမ်းခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ငြိမ်း၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် စွဲလမ်းမှုချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေ တည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ စွဲလမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့စွဲလမ်းခြင်းဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ စွဲလမ်းခြင်း၏ ချုပ်ငြိမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့စွဲလမ်းခြင်း၏ ချုပ်ငြိမ်းခြင်းသို ရောက်ကြောင်းအကျင့်ကို ခွဲခြား၍ သိ၏။ (ထိုအခါ၌) ထိုအရိယာဖြစ်သော တပည့်သည် အကြွင်းအကျန်မရှိ တပ်မက်မှုအကိန်းတရား ‘ရာဂါနုသယ’ကို ပယ်စွန့်၍။ပ။ ဝဋ်ဆင်းရဲ၏ အဆုံးကိုပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

၉၆။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု။ပ။ ငါ့သျှင်။ပ။ ရှိပါသေးသလောဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် တပ်မက်မှု ‘တဏှာ’ ကိုလည်းခွဲခြား၍ သိ၏၊ တပ်မက်မှုဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ တပ်မက်မှု၏ ချုပ်ငြိမ်းခြင်းကိုလည်းခွဲခြား၍ သိ၏၊ တပ်မက်မှု၏ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏ အယူသည်ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ တပ်မက်မှု ‘တဏှာ’ ဟူသည် အဘယ်နည်း၊ တဏှာဖြစ်ကြောင်းဟူသည် အဘယ်နည်း၊ တဏှာချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ တဏှာချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည်အဘယ်နည်း။

ငါ့သျှင်တို့ တပ်မက်မှုအပေါင်း ‘တဏှာကာယ’တို့သည် အဆင်း၌ တပ်မက်မှု ‘ရူပတဏှာ’၊ အသံ၌တပ်မက်မှု ‘သဒ္ဒတဏှာ’၊ အနံ့၌ တပ်မက်မှု ‘ဂန္ဓတဏှာ’၊ အရသာ၌ တပ်မက်မှု ‘ရသတဏှာ’၊ အတွေ့အထိ၌ တပ်မက်မှု ‘ဖောဋ္ဌဗ္ဗတဏှာ’၊ (ကြွင်းကျန်သော) တရားတို့၌ တပ်မက်မှု ‘ဓမ္မတဏှာ’၊ ဤခြောက်ပါးတို့တည်း။

ခံစားမှု ‘ဝေဒနာ’ ဖြစ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏၊ ခံစားမှု ချုပ်ငြိမ်းခြင်းကြောင့် တပ်မက်မှုချုပ်ငြိမ်း၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် တပ်မက်မှု ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ တပ်မက်မှု ‘တဏှာ’ ကို ခွဲခြား၍ သိ၏၊ ဤသို့ တပ်မက်မှုဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ တပ်မက်မှုချုပ်ငြိမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့ တပ်မက်မှုချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကို ခွဲခြား၍သိ၏။ (ထိုအခါ၌) ထိုအရိယာဖြစ်သော တပည့်သည် အကြွင်းအကျန်မရှိ တပ်မက်မှု အကိန်းတရား ‘ရာဂါနုသယ’ကို ပယ်စွန့်၍။ပ။ ဝဋ်ဆင်းရဲ၏ အဆုံးကိုပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

၉၇။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု။ပ။ ငါ့သျှင်။ပ။ ရှိပါသေးသလောဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် ခံစားမှု ‘ဝေဒနာ’ ကိုလည်း ခွဲခြား၍သိ၏၊ ဝေဒနာဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ ဝေဒနာချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ ဝေဒနာ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်းအရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ရောက်လာ သူ ဖြစ်ပေ၏။

ငါ့သျှင်တို့ ခံစားမှု ‘ဝေဒနာ’ ဟူသည် အဘယ်နည်း၊ ဝေဒနာဖြစ်ကြောင်းဟူသည် အဘယ်နည်း၊ ဝေဒနာချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ ဝေဒနာ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည်အဘယ်နည်း။

ငါ့သျှင်တို့ ခံစားမှုအပေါင်း ‘ဝေဒနာကာယ’တို့သည် မျက်စိနှင့်တွေ့ထိခြင်းကြောင့်ဖြစ်သော ခံစားမှု၊ နားနှင့်တွေ့ထိခြင်းကြောင့်ဖြစ်သော ခံစားမှု၊ နှာခေါင်းနှင့်တွေ့ထိခြင်းကြောင့်ဖြစ်သော ခံစားမှု၊ လျှာနှင့်တွေ့ထိခြင်းကြောင့်ဖြစ်သော ခံစားမှု၊ ကိုယ်နှင့်တွေ့ထိခြင်းကြောင့်ဖြစ်သော ခံစားမှု၊ စိတ်နှင့်တွေ့ထိခြင်းကြောင့်ဖြစ်သော ခံစားမှု၊ ဤခြောက်ပါးတို့တည်း။

တွေ့ထိမှု ‘ဖဿ’ ဖြစ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ချုပ်ငြိမ်းခြင်းကြောင့်ခံစားမှု ‘ဝေဒနာ’ ချုပ်ငြိမ်း၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ခံစားမှု ‘ဝေဒနာ’ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ ခံစားမှု ‘ဝေဒနာ’ ကို ခွဲခြား၍ သိ၏၊ ဤသို့ ဝေဒနာဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ ဝေဒနာချုပ်ငြိမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့ဝေဒနာချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကို ခွဲခြား၍ သိ၏။ (ထိုအခါ၌) ထိုအရိယာဖြစ် သောတပည့်သည် အကြွင်းအကျန်မရှိ တပ်မက်မှုအကိန်းတရား ‘ရာဂါနုသယ’ ကို ပယ်စွန့်၍။ပ။ ဝဋ် ဆင်းရဲ၏အဆုံးကိုပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

၉၈။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု။ပ။ ငါ့သျှင်။ပ။ ရှိပါသေးသလောဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် တွေ့ထိမှု ‘ဖဿ’ ကိုလည်းခွဲခြား၍ သိ၏၊ ဖဿဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ ဖဿချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ ဖဿချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကို ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ တွေ့ထိမှု ‘ဖဿ’ ဟူသည် အဘယ်နည်း၊ ဖဿဖြစ်ကြောင်းဟူသည် အဘယ်နည်း၊ ဖဿ့ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ ဖဿ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း။

ငါ့သျှင်တို့ တွေ့ထိမှုအပေါင်း ‘ဖဿကာယ’တို့သည် မျက်စိနှင့် တွေ့ထိမှု၊ နားနှင့် တွေ့ထိမှု၊ နှာခေါင်းနှင့် တွေ့ထိမှု၊ လျှာနှင့် တွေ့ထိမှု၊ ကိုယ်နှင့် တွေ့ထိမှု၊ စိတ်နှင့် တွေ့ထိမှု၊ ဤခြောက်ပါးတို့တည်း။

စိတ်ဖြစ်ရာခြောက်ပါး ‘သဠာယတန’ ဖြစ်ခြင်းကြောင့် ဖဿ ဖြစ်၏၊ စိတ်ဖြစ်ရာခြောက်ပါး ‘သဠာ ယတန’ချုပ်ငြိမ်းခြင်းကြောင့် ဖဿချုပ်ငြိမ်း၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် တွေ့ထိမှု ‘ဖဿ’ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ပေတည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ တွေ့ထိမှု ‘ဖဿ’ ကို ခွဲခြား၍ သိ၏၊ ဤသို့ ဖဿဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ ဖဿချုပ်ငြိမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့ဖဿချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကို ခွဲခြား၍ သိ၏။ (ထိုအခါ၌) ထိုအရိယာဖြစ်သောတပည့် သည် အကြွင်းအကျန်မရှိ တပ်မက်မှုအကိန်းတရား ‘ရာဂါနုသယ’ ကို ပယ်စွန့်၍။ပ။ ဝဋ်ဆင်းရဲ၏အဆုံးကို ပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

၉၉။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု။ပ။ ငါ့သျှင်။ပ။ ရှိပါသေးသလောဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် စိတ်ဖြစ်ရာခြောက်ပါး ‘သဠာယတန’ကိုလည်း ခွဲခြား၍ သိ၏၊ သဠာယတနဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ သဠာယတနချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ သဠာယတနချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကို ခွဲခြား၍သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက်ဤသူတော် ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ စိတ်ဖြစ်ရာခြောက်ပါး ‘သဠာယတန’ ဟူသည် အဘယ်နည်း၊ သဠာယတနဖြစ်ကြောင်း ဟူသည်အဘယ်နည်း၊ သဠာယတန ချုပ်ငြိမ်းခြင်း ဟူသည် အဘယ်နည်း၊ သဠာယတန ချုပ်ငြိမ်းခြင်းသို့ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း။

ငါ့သျှင်တို့ စိတ်ဖြစ်ရာ ‘အာယတန’တို့သည် မျက်စိအကြည်ဟူသော စိတ်ဖြစ်ရာ ‘စက္ခာယတန’၊ နားအကြည်ဟူသော စိတ်ဖြစ်ရာ ‘သောတာယတန’၊ နှာခေါင်းအကြည်ဟူသော စိတ်ဖြစ်ရာ ‘ဃာနာယတန’၊ လျှာအကြည်ဟူသော စိတ်ဖြစ်ရာ ‘ဇိဝှါယတန’၊ ကိုယ်အကြည်ဟူသော စိတ်ဖြစ်ရာ ‘ကာယာယတန’၊ မနောအကြည်ဟူသော စိတ်ဖြစ်ရာ ‘မနာယတန’၊ ဤခြောက်ပါးတို့တည်း။

နာမ်ရုပ်ဖြစ်ခြင်းကြောင့် သဠာယတန ဖြစ်၏၊ နာမ်ရုပ်တို့ချုပ်ငြိမ်းခြင်းကြောင့် သဠာယတန ချုပ်ငြိမ်း၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် စိတ်ဖြစ်ရာခြောက်ပါး ‘သဠာယတန’ ချုပ်ငြိမ်းခြင်းသို့ရောက်ကြောင်း အကျင့်ပေတည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ စိတ်ဖြစ်ရာခြောက်ပါး ‘သဠာယတန’ ကို ခွဲခြား၍ သိ၏၊ ဤသို့ သဠာယတန ဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ သဠာယတနချုပ်ငြိမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့ သဠာယတနချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကို ခွဲခြား၍့သိ၏။ (ထိုအခါ၌) ထိုအရိယာဖြစ်သော တပည့်သည် အကြွင်းအကျန်မရှိ တပ်မက်မှုအကိန်းတရား ‘ရာဂါနုသယ’ ကို ပယ်စွန့်၍။ပ။ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

၁ဝဝ။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု။ပ။ ငါ့သျှင်။ပ။ ရှိပါသေးသလောဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် နာမ် ရုပ်ကိုလည်း ခွဲခြား၍ သိ၏၊ နာမ်ရုပ် ဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ နာမ်ရုပ် ချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ နာမ်ရုပ်၏ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်းအရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူဖြစ်ပေ၏။

ငါ့သျှင်တို့ နာမ်ရုပ် ဟူသည် အဘယ်နည်း၊ နာမ်ရုပ် ဖြစ်ကြောင်း ဟူသည် အဘယ်နည်း၊ နာမ်ရုပ်ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ နာမ်ရုပ် ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း။

ခံစားခြင်း ‘ဝေဒနာ’၊ သိမှတ်ခြင်း ‘သညာ’၊ စေ့ဆော်ခြင်း ‘စေတနာ’၊ တွေ့ထိခြင်း ‘ဖဿ’၊ နှလုံးသွင်းခြင်း ‘မနသိကာရ’၊ ငါ့သျှင်တို့ ဤတရားစုကို နာမ်ဟူ၍ ဆိုရ၏။ မဟာဘုတ်လေးပါး၊ ယင်းမဟာဘုတ်လေးပါးတို့ကို မှီ၍ဖြစ်သော ဥပါဒါန်ရုပ်၊ ငါ့သျှင်တို့ ဤတရားစုကို ရုပ်ဟူ၍ ဆိုရ၏။ ဤသို့လျှင်ဤနာမ်ကိုလည်းကောင်း၊ ဤရုပ်ကိုလည်းကောင်း (ဖော်ပြပြီ)။ ငါ့သျှင်တို့ ဤတရားစုကို နာမ် ရုပ် ဟူ၍ဆိုရ၏၊

ဝိညာဏ်ဖြစ်ခြင်းကြောင့် နာမ်ရုပ်ဖြစ်၏၊ ဝိညာဏ်ချုပ်ငြိမ်းခြင်းကြောင့် နာမ်ရုပ် ချုပ်ငြိမ်း၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် နာမ်ရုပ်ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ နာမ်ရုပ် ကို ခွဲခြား၍ သိ၏၊ ဤသို့နာမ်ရုပ် ဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ နာမ်ရုပ် ချုပ်ငြိမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့ နာမ်ရုပ်ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကို ခွဲခြား၍ သိ၏။ (ထိုအခါ၌) ထိုအရိယာဖြစ်သောတပည့်သည် အကြွင်းအကျန်မရှိ တပ်မက်မှု အကိန်းတရား ‘ရာဂါနုသယ’ ကို ပယ်စွန့်၍။ပ။ ဝဋ်ဆင်းရဲ၏အဆုံးကို ပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

၁ဝ၁။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု။ပ။ ငါ့သျှင်။ပ။ ရှိပါသေးသလောဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် ဝိညာဏ်ကိုလည်း ခွဲခြား၍ သိ၏၊ ဝိညာဏ်ဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ ဝိညာဏ်ချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ ဝိညာဏ်ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်းအရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက့်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ ဝိညာဏ် ဟူသည် အဘယ်နည်း၊ ဝိညာဏ်ဖြစ်ကြောင်း ဟူသည် အဘယ်နည်း၊ ဝိညာဏ်ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ ဝိညာဏ်ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း။

ငါ့သျှင်တို့ ဝိညာဏ်အပေါင်း ‘ဝိညာဏကာယ’တို့သည် မြင်သိခြင်း ‘စက္ခုဝိညာဏ်’၊ ကြားသိခြင်း ‘သောတဝိညာဏ်’၊ နံသိခြင်း ‘ဃာနဝိညာဏ်’၊ လျက်သိခြင်း ‘ဇိဝှါဝိညာဏ်’၊ ထိသိခြင်း ‘ကာယဝိညာဏ်’၊ တွေးသိခြင်း ‘မနောဝိညာဏ်’၊ ဤခြောက်ပါးတို့တည်း။

သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏၊ သင်္ခါရချုပ်ငြိမ်းခြင်းကြောင့် ဝိညာဏ် ချုပ်ငြိမ်း၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဝိညာဏ်ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေ တည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ ဝိညာဏ်ကို ခွဲခြား၍ သိ၏၊ ဤသို့ဝိညာဏ်ဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ ဝိညာဏ် ချုပ်ငြိမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့ဝိညာဏ်ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ (ထိုအခါ၌) ထိုအရိယာဖြစ်သော တပည့်သည် အကြွင်းအကျန်မရှိ တပ်မက်မှုအကိန်းတရား ‘ရာဂါနုသယ’ ကို ပယ်စွန့်၍။ပ။ ဝဋ်ဆင်းရဲ၏ အဆုံးကိုပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ ၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

၁ဝ၂။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု။ပ။ ငါ့သျှင်။ပ။ ရှိပါသေးသလောဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် သင်္ခါရကိုလည်း ခွဲခြား၍ သိ၏၊ သင်္ခါရဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ သင်္ခါရချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ သင်္ခါရချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ သင်္ခါရ ဟူသည် အဘယ်နည်း၊ သင်္ခါရဖြစ်ကြောင်း ဟူသည် အဘယ်နည်း၊ သင်္ခါရချုပ်ငြိမ်းခြင်း ဟူသည် အဘယ်နည်း၊ သင်္ခါရချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့် ဟူသည် အဘယ်နည်း။

ငါ့သျှင်တို့ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့သည် ကိုယ်ဖြင့်ပြုခြင်း ‘ကာယသင်္ခါရ၊ နှုယ်ဖြင့်ပြုခြင်း ‘ဝစီသင်္ခါရ’၊ စိတ်ဖြင့်ပြုခြင်း ‘စိတ္တသင်္ခါရ’၊ ဤသုံးပါးတို့တည်း။

မသိမှု ‘အဝိဇ္ဇာ’ ဖြစ်ခြင်းကြောင့် ပြုမှု ‘သင်္ခါရ’ ဖြစ်၏၊ မသိမှု ‘အဝိဇ္ဇာ’ ချုပ်ငြိမ်းခြင်းကြောင့် ပြုမှု ‘သင်္ခါရ’ချုပ်ငြိမ်း၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ပြုမှု ‘သင်္ခါရ’ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ပေတည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ ပြုမှု ‘သင်္ခါရ’ ကို ခွဲခြား၍ သိ၏၊ ဤသို့သင်္ခါရဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ သင်္ခါရချုပ်ငြိမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့သင်္ခါရချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကို ခွဲခြား၍ သိ၏။ (ထိုအခါ၌) ထိုအရိယာဖြစ်သော တပည့် သည် အကြွင်းအကျန်မရှိ တပ်မက်မှုအကိန်းတရား ‘ရာဂါနုသယ’ ကို ပယ်စွန့်၍ထိခိုက်မှုအကိန်းတရား ‘ပဋိဃာနုသယ’ ကို ဖျောက်ဖျက်၍ ငါဟုစွဲယူခြင်း ဒိဋ္ဌိအလားရှိသောထောင်လွှားခြင်းအကိန်းတရား ‘မာနာ နုသယ’ ကို နုတ်ခွါ၍ မသိမှု ‘အဝိဇ္ဇာ’ကို ပယ်စွန့်ပြီးလျှင်အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ဖြစ်စေလျက် ယခုဘဝ၌ပင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

၁ဝ၃။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု။ပ။ ငါ့သျှင်။ပ။ ရှိပါသေးသလောဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် မသိမှု ‘အဝိဇ္ဇာ’ ကိုလည်း ခွဲခြား၍သိ၏၊ အဝိဇ္ဇာ ဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ အဝိဇ္ဇာ ချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ အဝိဇ္ဇာ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှ ဖြင့်လည်းအရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ မသိမှု ‘အဝိဇ္ဇာ’ ဟူသည် အဘယ်နည်း၊ အဝိဇ္ဇာဖြစ်ကြောင်း ဟူသည် အဘယ်နည်း၊ အဝိဇ္ဇာ ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ အဝိဇ္ဇာ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည်အဘယ်နည်း။

ငါ့သျှင်တို့ ဆင်းရဲ ‘ဒုက္ခ’ ၌ မသိမှု၊ ဆင်းရဲဖြစ်ကြောင်း၌ မသိမှု၊ ဆင်းရဲ ချုပ်ငြိမ်းခြင်း၌ မသိမှု၊ ဆင်းရဲချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်၌ မသိမှု၊ ဤတရားသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟူ၍ ဆိုရ၏၊

အာသဝေါတရားတို့ ဖြစ်ခြင်းကြောင့် မသိမှု ‘အဝိဇ္ဇာ’ဖြစ်၏၊ အာသဝေါတရားတို့ ချုပ်ငြိမ်းခြင်း ကြောင့်မသိမှု ‘အဝိဇ္ဇာ’ ချုပ်ငြိမ်းရ၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် မသိမှု ‘အဝိဇ္ဇာ’ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ မသိမှု ‘အဝိဇ္ဇာ’ ကို ခွဲခြား၍ သိ၏၊ ဤသို့ အဝိဇ္ဇာဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ အဝိဇ္ဇာချုပ်ငြိမ်းခြင်းကို ခွဲခြား၍ သိ၏၊ ဤသို့အဝိဇ္ဇာ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကို ခွဲခြား၍ သိ၏။ (ထိုအခါ၌) ထိုအရိယာဖြစ်သောတပည့်သည် အကြွင်းအကျန်မရှိ တပ်မက်မှု အကိန်းတရား ‘ရာဂါနုသယ’ ကို ပယ်စွန့်၍ ထိခိုက်မှုအကိန်းတရား ‘ပဋိဃာနုသယ’ကို ဖျောက်ဖျက်၍ ငါဟုစွဲယူခြင်းဒိဋ္ဌိအလားရှိသော ထောင်လွှားခြင်း အကိန်းတရား ‘မာနာနုသယ’ ကို နုတ်ခွါ၍ မသိမှု ‘အဝိဇ္ဇာ’ ကို ပယ်စွန့်ပြီးလျှင် အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ဖြစ်စေလျက်ယခုဘဝ၌ပင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

၁ဝ၄။ ‘ငါ့သျှင် ကောင်းပါပေ၏’ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာ မိန့်ကြားသော တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ အသျှင်သာရိပုတြာအား ပြဿနာကို ထပ်ဆင့်၍ မေးလျှောက်ကြကုန်၏— ့ ‘ငါ့သျှင် အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏ အယူသည်ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသည့်နည်းတူ အခြားရောက်လာကြောင်းလည်း ရှိပါသေးသလော’ဟုမေးလျှောက်ကြ ကုန်၏။

ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် အာသဝေါတရားကိုလည်း ခွဲခြား၍သိ၏၊ အာသဝေါတရားဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ အာသဝေါတရားချုပ်ငြိမ်းခြင်းကိုလည်းခွဲခြား၍ သိ၏၊ အာသဝေါတရား ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ အာသဝေါတရားဟူသည် အဘယ်နည်း၊ အာသဝေါတရား၏ ဖြစ်ကြောင်းဟူသည် အဘယ်နည်း၊ အာသဝေါတရားချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ အာသဝေါတရား ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။

ငါ့သျှင်တို့ အာသဝေါတရားတို့သည် ကာမဘဝပွါးစီးရေး ‘ကာမာသဝ’၊ ရူပဘဝ အရူပဘဝပွါးစီး ရေး ‘ဘဝါသဝ’၊ သစ္စာလေးပါးတို့၌ မသိမှုပွါးစီးရေး ‘အဝိဇ္ဇာသဝ’၊ ဤသုံးပါးတို့တည်း။

မသိမှု ‘အဝိဇ္ဇာ’ ဖြစ်ခြင်းကြောင့် အာသဝေါတရားဖြစ်ရသည်၊ မသိမှု ‘အဝိဇ္ဇာ’ ချုပ်ငြိမ်းခြင်းကြောင့်အာသဝေါတရာ ချုပ်ငြိမ်း၏။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် အာသဝေါတရား ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ အာသဝေါတရားကို ခွဲခြား၍ သိ၏၊ ဤသို့ အာသဝေါတရားဖြစ်ကြောင်းကို ခွဲခြား၍ သိ၏၊ ဤသို့ အာသဝေါတရား ချုပ်ငြိမ်းခြင်းကို ခွဲခြား၍သိ၏၊ ဤသို့ အာသဝေါတရားချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကို ခွဲခြား၍ သိ၏။ (ထိုအခါ၌) ထိုအရိယာ ဖြစ်သော တပည့်သည် တပ်မက်မှု အကိန်းတရား ‘ရာဂါနုသယ’ကို ပယ်စွန့်၍ ထိခိုက်မှုအကိန်းတရား ‘ပဋိဃာနုသယ’ ကို ဖျောက်ဖျက်၍ ငါဟုစွဲယူခြင်း ဒိဋ္ဌိအလားရှိသော ထောင်လွှားခြင်းအကိန်းတရား ‘မာနာနုသယ’ ကို နုတ်ခွါ၍ မသိမှု ‘အဝိဇ္ဇာ’ ကို ပယ်စွန့်ပြီးလျှင် အသိဉာဏ် ‘ဝိဇ္ဇာ’ ကိုဖြစ်စေလျက် ယခုဘဝ၌ပင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြု၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏ဟု (ဟောကြားတော်မူ၏)။

အသျှင်သာရိပုတြာသည် ဤ (တရားစကား) ကို ဟောကြားတော်မူ၏၊ ရဟန်းတို့သည် အသျှင်သာရိပုတြာ ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

ကိုးခုမြောက် သမ္မာဒိဋ္ဌိသုတ်ပြီး၏။