သံယုတ္တနိကာယ်—၁ဝ
၈—သုဒတ္တသုတ်
၂၄၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ယင်းတိုက်တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့်သာလျှင် ရာဇဂြိုဟ်ပြည်သို့ ရောက်လာ၏၊ အနာထပိဏ်သူဌေးသည် “လောက၌ ဘုရားပွင့်တော်မူလာသတတ်”ဟု ကြားသည်သာလျှင် တည်း၊ ထိုကြားသော ခဏ၌ပင်လျှင် မြတ်စွာဘုရားကို ဖူးမြင်ရန် ဆည်းကပ်ခြင်းငှါ အလိုရှိ၏၊ ထိုအခါ အနာထပိဏ်သူဌေးအား “ယခု မြတ်စွာဘုရားကို ဖူးမြင်ရန် ဆည်းကပ်ခြင်းငှါ အခါ မဟုတ်သေး၊ ငါသည် နက်ဖြန် နံနက်အခါ၌ မြတ်စွာဘုရားကို ဖူးမြင်ရန် သွားအံ့”ဟု အကြံ ဖြစ်၏၊ ဤသို့ ကြံပြီး၍ ဘုရား၌ ရောက်သော သတိဖြင့် အိပ်လတ်သော် ညဉ့်အခါ၌ မိုးသောက်ပြီဟု မှတ်ထင်သည် ဖြစ်၍ သုံးကြိမ်တိုင် ထ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် သင်းချိုင်းတံခါး ဆီသို့ ချဉ်းကပ်လေလျှင် ဘီလူးတို့သည် တံခါး ကို ဖွင့်ကုန်၏၊ ထို့နောက် အနာထပိဏ်သူဌေးအား မြို့မှ ထွက်စဉ် အရောင်အလင်း ကွယ်၍ အမိုက်မှောင် ထင်ရှားဖြစ်၏၊ ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ထင်ရှားဖြစ်၏။ ထို အရပ်မှလည်း တစ်ဖန် ပြန်ဆုတ်ခြင်းငှါ အလိုရှိ၏၊ ထိုအခါ သုသာန်စောင့်နတ်သည် မိမိကိုယ်ကို ကွယ်စေ လျက် အသံကို ကြားစေ၏—
“သူဌေး ဆင်တစ်သိန်းတို့သည်လည်းကောင်း၊ မြင်းတစ်သိန်းတို့သည်လည်းကောင်း၊ အဿတိုရ်မြင်းကသော ရထားတစ်သိန်းတို့သည်လည်းကောင်း၊ ပတ္တမြား နားတောင်း ဝတ်ကုန်သော သတို့သမီးကညာ တစ်သိန်းတို့သည်လည်းကောင်း (မြတ်စွာဘုရားထံ ဖူးမြင်ရန် သွားသော သူ၏) ဘဝါးတစ်လှမ်း၏ တစ်ဆယ့် ခြောက်စိတ်စိတ် တစ်စိတ်လောက်မျှ တန်ဖိုး မရှိကုန်။
သူဌေး ရှေ့သို့ တက်လော့၊ သူဌေး ရှေ့သို့ တက်လော့၊ သင့်အား ရှေ့သို့ တက်ခြင်းသည် မြတ်၏ နောက်သို့ ဆုတ်ခြင်းသည် မမြတ်”ဟု (အသံကို ကြား စေ၏)။
ထိုအခါ အနာထပိဏ်သူဌေးအား အမိုက်မှောင်သည် ကွယ်၍ အရောင်အလင်း ထင်ရှားဖြစ်၏၊ ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ငြိမ်းလေ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း။ပ။ ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ငြိမ်းလေ၏။ ထို့နောက် အနာထပိဏ်သူဌေးသည် ထိုယင်းတိုက်တော မြတ်စွာဘုရားထံသို့ ချဉ်းကပ်လေ၏။
ထိုအခါ မြတ်စွာဘုရားသည် ညဉ့်၏ မိုးသောက်အချိန်ဝယ် စောစော ထ၍ လွင်တီးခေါင်၌ စင်္ကြံကြွ တော်မူစဉ် လာနေသော အနာထပိဏ်သူဌေးကို အဝေးမှပင် မြင်လေလျှင် စင်္ကြံမှ ဆင်းသက်၍ ခင်းထား သော နေရာ၌ ထိုင်တော်မူပြီးသော် အနာထပိဏ်သူဌေးအား “သုဒတ္တ ဤနေရာသို့ လာခဲ့လော့”ဟု မိန့် တော်မူ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် “မြတ်စွာဘုရားသည် ငါ့ကို သုဒတ္တဟူသော ငယ်နာမည်ဖြင့် ခေါ်တော်မူ၏”ဟု ဝမ်းမြောက်သည် တက်ကြွသော စိတ်ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခေါင်ဖြင့် ပျပ်ဝပ်၍ “အသျှင်ဘုရား အသို့ပါနည်း၊ ချမ်းသာစွာ အိပ်ရပါ၏လော”ဟု လျှောက်၏။
“သုဒတ္တ အကြင်သူသည် ကာမဂုဏ်တို့၌ မလိမ်းကျံ၊ ဥပဓိ မရှိသည် ဖြစ်၍ ငြိမ်းအေးခြင်းသို့ ရောက်၏၊ ထိုသူသည် မကောင်းမှုမှ အပပြုပြီးသူ , ကိလေသာ ငြိမ်းအေးပြီးသူ ဖြစ်၍ အခါခပ်သိမ်း ချမ်းသာစွာ အိပ်ရ၏။
ထိုသူသည် အလုံးစုံကုန်သော တပ်စွန်းတတ်သော ‘တဏှာ’တို့ကို ဖြတ်ပြီးလျှင် စိတ်နှလုံး၌ ပူပန်ခြင်းကို ဖျောက်လျက် စိတ်ဖြင့် ငြိမ်းချမ်းခြင်းသို့ ရောက်ကာ ငြိမ် သက်သည် ဖြစ်၍ ချမ်းသာစွာ အိပ်ရ၏”ဟု (မိန့်တော်မူ၏)။