သံယုတ္တနိကာယ်—၁၂
၇—မဟာဝဂ်
၆—သမ္မသသုတ်
၆၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဒမ္မမည်သော ကုရုတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကြကုန်၏၊ မြတ်စွာဘုရားသည် “ရဟန်းတို့ သင်တို့သည် အတွင်း၌ သုံးသပ်ခြင်းကို သုံးသပ်ကုန်၏လော”ဟု (မိန့်တော်မူ၏)၊ ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်သည် အတွင်း၌ သုံးသပ်ခြင်းကို သုံးသပ်ပါ၏”ဟု လျှောက်၏၊ ရဟန်း သင်သည် အဘယ်သို့လျှင် အတွင်း၌ သုံးသပ်ခြင်းကို သုံးသပ်သနည်းဟု (မေးတော်မူ၏)။
ထိုအခါ ထို ရဟန်းသည် ဖြေကြား၏၊ ထိုရဟန်း ဖြေကြားသော အခြင်းအရာဟူသမျှသည် မြတ်စွာဘုရား၏ စိတ်ကို မနှစ်သက်စေနိုင်။
ဤသို့ ဆိုသည်ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား “မြတ်စွာဘုရား ထိုတရားတော်ကို ဟောအပ်သော အခါပါတည်း၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ထိုတရားတော် ကို ဟောအပ်သော အခါပါတည်း၊ မြတ်စွာဘုရား ဟောမည့် အတွင်း၌ သုံးသပ်မှု အခြင်းအရာကို မြတ်စွာဘုရားထံမှ နာ၍ ရဟန်းတို့သည် ဆောင်ထားကြရပါကုန်လတ္တံ့”ဟု လျှောက်၏၊ အာနန္ဒာ သို့ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်လျှောက်ကြကုန်၏၊ မြတ်စွာဘုရားသည် ဤ တရားကို ဟောတော်မူ၏—
ရဟန်းတို့ သုံးသပ်သော ရဟန်းသည် “လောက၌ များသော အပြားရှိသော အထူးထူးအပြားပြား သော အိုမှု သေမှုဟူသော ဤဆင်းရဲသည် ဖြစ်၏၊ ဤဆင်းရဲသည် အဘယ်တရားလျှင် အကြောင်းရှိ သနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ် တရားလျှင် အမွန်အစရှိသနည်း၊ အဘယ်တရားရှိသော် ဇရာမရဏ ဖြစ်သနည်း၊ အဘယ်တရား မရှိသော် ဇရာမရဏ မဖြစ်သနည်း”ဟု အတွင်း၌ သုံးသပ်ခြင်းကို သုံးသပ်၏။ သုံးသပ်သော ထိုရဟန်းသည် “များ သော အပြားရှိသော အထူးထူးအပြားပြားသော အိုမှု သေမှုဟူသော လောက၌ ဖြစ်ပေါ်သည့် ဤဆင်းရဲ သည်ကား (ခန္ဓာဟူသော) ဥပဓိလျှင် အကြောင်းရှိ၏၊ ဥပဓိလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဥပဓိကြောင့် ဖြစ်၏၊ ဥပဓိလျှင် အမွန်အစရှိ၏၊ (ခန္ဓာဟူသော) ဥပဓိရှိသော် အိုမှု သေမှု ဖြစ်၏၊ (ခန္ဓာဟူသော) ဥပဓိ မရှိသော် အိုမှု သေမှု မဖြစ်”ဟု သိ၏။ ထိုရဟန်းသည် ဇရာမရဏကိုလည်း သိ၏၊ ဇရာမရဏ၏ အကြောင်းကိုလည်း သိ၏၊ ဇရာမရဏ၏ ချုပ်ရာကိုလည်း သိ၏၊ ဇရာမရဏ၏ ချုပ်ရာသို့ ရောက်ခြင်းငှါ လျောက်ပတ် သော အကျင့်ကိုလည်း သိ၏၊ ထိုသို့ သိသောအတိုင်းလည်း ကျင့်၏၊ တရားသို့ အစဉ်လိုက်၍ ကျင့်လေ့ ရှိ၏။ ရဟန်းတို့ ဤရဟန်းကို အချင်းခပ်သိမ်း အိုခြင်း သေခြင်း၏ ချုပ်ခြင်းငှါ ဝဋ်ဆင်းရဲ၏ ကုန်ခြင်းငှါ ကောင်းစွာ ကျင့်သူဟု ဆိုအပ်၏။
ထိုမှတစ်ပါး သုံးသပ်သော ရဟန်းသည် “ဤ (ခန္ဓာဟူသော) ဥပဓိသည်ကား အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း၊ အဘယ်တရား ရှိသော် ဥပဓိ ဖြစ်သနည်း၊ အဘယ်တရား မရှိ သော် ဥပဓိ မဖြစ်သနည်း”ဟု အတွင်း၌ သုံးသပ်ခြင်းကို သုံးသပ်၏။ သုံးသပ်သော ထိုရဟန်းသည် “(ခန္ဓာဟူသော) ဥပဓိသည် တဏှာလျှင် အကြောင်းရှိ၏၊ တဏှာလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ တဏှာကြောင့် ဖြစ်၏၊ တဏှာလျှင် အမွန်အစရှိ၏၊ တဏှာရှိသော် (ခန္ဓာဟူသော) ဥပဓိ ဖြစ်၏၊ တဏှာ့မရှိသော် (ခန္ဓာ ဟူသော) ဥပဓိ မဖြစ်”ဟု သိ၏။ ထိုရဟန်းသည် (ခန္ဓာဟူသော) ဥပဓိကိုလည်း သိ၏၊ ဥပဓိ၏ အကြောင်း ကိုလည်း သိ၏၊ ဥပဓိ၏ ချုပ်ရာကိုလည်း သိ၏၊ ဥပဓိ၏ ချုပ်ရာသို့ ရောက်ခြင်းငှါ လျောက်ပတ်သော အကျင့်ကိုလည်း သိ၏၊ ထိုသို့ သိသောအတိုင်းလည်း ကျင့်၏၊ တရားသို့ အစဉ်လိုက်၍ ကျင့်လေ့ရှိ၏။ ရဟန်းတို့ ဤရဟန်းကို အချင်းခပ်သိမ်း ဥပဓိ၏ ချုပ်ခြင်းငှါ ဝဋ်ဆင်းရဲ၏ ကုန်ခြင်းငှါ ကောင်းစွာ ကျင့်သူဟု ဆိုအပ်၏။
ထိုမှတစ်ပါး သုံးသပ်သော ရဟန်းသည် “ဤတဏှာ ဖြစ်သည် ရှိသော် အဘယ်၌ ဖြစ်သနည်း၊ တည်သည် ရှိသော် အဘယ်၌ တည်သနည်း”ဟု အတွင်း၌ သုံးသပ်ခြင်းကို သုံးသပ်၏။ သုံးသပ်သော ထို ရဟန်းသည် လောက၌ ချစ်အပ်သာယာအပ်သော သဘောသည် ရှိ၏၊ ဤတဏှာသည် ဖြစ်သည် ရှိသော် ဤချစ်အပ်သာယာအပ်သော သဘော၌ ဖြစ်၏၊ တည်သည် ရှိသော် ဤချစ်အပ်သာယာအပ်သော သဘော၌ တည်၏။ လောက၌ ချစ်အပ်သာယာအပ်သော သဘောသည် အဘယ်နည်း၊ လောက၌ မျက်စိသည် ချစ်အပ်သာယာအပ်သော သဘောတည်း။ ဤတဏှာ ဖြစ်သည် ရှိသော် ဤချစ်အပ်သာယာအပ်သော သဘော၌ ဖြစ်၏၊ တည်သည် ရှိသော် ဤချစ်အပ်သာယာအပ်သော သဘော၌ တည်၏။ လောက၌ နားသည် ချစ်အပ်သာယာအပ်သော သဘောတည်း။ပ။ လောက၌ နှာခေါင်းသည် ချစ်အပ်သာယာအပ်သော သဘောတည်း။ လောက၌ လျှာသည် ချစ်အပ်သာယာအပ်သော သဘောတည်း။ လောက၌ ကိုယ်သည် ချစ်အပ်သာယာအပ်သော သဘောတည်း။ လောက၌ စိတ်သည် ချစ်အပ်သာယာအပ်သော သဘောတည်း။ ဤတဏှာသည် ဖြစ်သည် ရှိသော် ဤချစ်အပ်သာယာအပ်သော သဘော၌ ဖြစ်၏၊ တည်သည် ရှိသော် ဤချစ်အပ်သာယာအပ်သော သဘော၌ တည်၏။
ရဟန်းတို့ လွန်ပြီး ‘အတိတ်’ ကာလဝယ် လောက၌ ချစ်အပ်သာယာအပ်သော သဘောကို မြဲသော အားဖြင့် ရှုကုန်၊ ချမ်းသာသောအားဖြင့် ရှုကုန်၊ အနှစ်သာရအားဖြင့် ရှုကုန်၊ အနာကင်းသောအားဖြင့် ရှုကုန်၊ ဘေးကင်းသောအားဖြင့် ရှုကုန်ပြီးဖြစ်သော သမဏဗြာဟ္မဏဟူသမျှတို့သည် တဏှာကို ပွားစေ ကုန်၏။ တဏှာကို ပွားစေကုန်သော ထိုသူတို့သည် (ခန္ဓာဟူသော) ဥပဓိကို ပွားစေကုန်၏၊ ဥပဓိကို ပွား စေကုန်သော ထိုသူတို့သည် ဆင်းရဲကို ပွားစေကုန်၏၊ ဆင်းရဲကို ပွားစေကုန်သော ထိုသူတို့သည် ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာမှု ပြင်းစွာ ပင်ပန်းမှုတို့မှ မလွတ်နိုင် ကုန်၊ ဆင်းရဲအပေါင်းမှ မလွတ်နိုင်ကုန်ဟု ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ နောင် ‘အနာဂတ်’ ကာလဝယ် လောက၌ ချစ်အပ်သာယာအပ်သော သဘောကို မြဲသော အားဖြင့် ရှုကုန်၊ ချမ်းသာသောအားဖြင့် ရှုကုန်၊ အနှစ်သာရအားဖြင့် ရှုကုန်၊ အနာကင်းသောအားဖြင့် ရှုကုန်၊ ဘေးကင်းသောအားဖြင့် ရှုကုန်မည့် သမဏဗြာဟ္မဏဟူသမျှတို့သည် တဏှာကို ပွားစေကုန်လတ္တံ့။ တဏှာကို ပွားစေကုန်မည့် ထိုသူတို့သည် (ခန္ဓာဟူသော) ဥပဓိကို ပွားစေကုန်လတ္တံ့၊ ဥပဓိကို ပွားစေကုန် မည့် ထိုသူတို့သည် ဆင်းရဲကို ပွားစေကုန်လတ္တံ့၊ ဆင်းရဲကို ပွားစေကုန်မည့် ထိုသူတို့သည် ပဋိသန္ဓေ နေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာမှု ပြင်းစွာ ပင်ပန်းမှုတို့မှ မလွတ်နိုင်ကုန်လတ္တံ့၊ ဆင်းရဲအပေါင်းမှ မလွတ်နိုင်ကုန်လတ္တံ့ဟု ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ ယခု ‘ပစ္စုပ္ပန်’အခါဝယ် လောက၌ ချစ်အပ်သာယာအပ်သော သဘောကို မြဲသောအားဖြင့် ရှုကုန်၊ ချမ်းသာသောအားဖြင့် ရှုကုန်၊ အနှစ်သာရအားဖြင့် ရှုကုန်၊ အနာကင်းသောအားဖြင့် ရှုကုန်၊ ဘေးကင်းသောအားဖြင့် ရှုကုန်ဆဲဖြစ်သော သမဏဗြာဟ္မဏဟူသမျှတို့သည် တဏှာကို ပွားစေကုန်၏။ တဏှာကို ပွားစေကုန်သော ထိုသူတို့သည် (ခန္ဓာဟူသော) ဥပဓိကို ပွားစေကုန်၏၊ ဥပဓိကို ပွားစေကုန် သော ထိုသူတို့သည် ဆင်းရဲကို ပွားစေကုန်၏၊ ဆင်းရဲကို ပွားစေကုန်သော ထိုသူတို့သည် ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံး မသာမှု ပြင်းစွာ ပင်ပန်းမှုတို့မှ မလွတ်နိုင်ကုန်၊ ဆင်းရဲ အပေါင်းမှ မလွတ်နိုင်ကုန်ဟု ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ ဥပမာသော်ကား ကြေးခွက်တွင်းရှိ အရက်သည် အဆင်းနှင့် ပြည့်စုံ၏၊ အနံ့နှင့် ပြည့်စုံ၏၊ အရသာနှင့် ပြည့်စုံ၏၊ သို့ပင်ဖြစ်သော်လည်း ထိုအရက်သည် အဆိပ်နှင့် ရောနှောနေ၏၊ ထိုအခါ ယောကျာ်းသည် အလွန်ပူသော ကိုယ်ရှိသည် ဖြစ်၍ အပူဖြင့် နှိပ်စက်အပ်သောကြောင့် ပင်ပန်းသည် ဖြစ်ရ ကား ရေမွတ်သိပ် ဆာသည် ဖြစ်၍ လာရာ၏၊ ထိုယောကျာ်းကို ဤသို့ ဆိုကုန်ရာ၏— “အချင်းယောကျာ်း ကြေးခွက်တွင်းရှိ အရက်သည် အဆင်းနှင့် ပြည့်စုံ၏၊ အနံ့နှင့် ပြည့်စုံ၏၊ အရသာနှင့် ပြည့်စုံ၏၊ သို့ပင် ဖြစ်သော်လည်း ထိုအရက်သည် အဆိပ်နှင့် ရောနှောနေ၏၊ သင်သည် အကယ်၍ အလိုရှိခဲ့မူ သောက်လော့၊ သောက်သည် ရှိသော် သင့်ကို အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်စေလတ္တံ့။ သောက်ပြီးသော်ကား ထိုသေအရက်ကို သောက်ခြင်းအကြောင်းကြောင့် သေခြင်းသို့သော်လည်း ရောက်လတ္တံ့၊ သေလောက်သော ဆင်းရဲသို့သော်လည်း ရောက်ရလတ္တံ့”ဟု (ဆို ကုန်ရာ၏)။ ထိုယောကျာ်းသည် ထိုကြေးခွက်တွင်းရှိ အရက်ကို အဆောတလျင် မဆင်ခြင်မူ၍ သောက်ရာ၏၊ မစွန့်လွှတ်ရာ။ ထိုယောကျာ်းသည် ထိုသေအရက်ကို သောက်ခြင်းအကြောင်းကြောင့် သေခြင်းသို့ ဖြစ်စေ၊ သေလောက်သော ဆင်းရဲသို့ဖြစ်စေ ရောက်ရာ၏။
ရဟန်းတို့ ဤအတူသာလျှင် လွန်ပြီး ‘အတိတ်’ ကာလဝယ် လောက၌ ချစ်အပ်သာယာအပ်သော သဘောကို။ပ။ နောင် ‘အနာဂတ်’ကာလဝယ်။ပ။ ယခု ‘ပစ္စုပ္ပန်’အခါဝယ် လောက၌ ချစ်အပ်သာယာအပ်သော သဘောကို မြဲသောအားဖြင့် ရှုကုန်၊ ချမ်းသာသောအားဖြင့် ရှုကုန်၊ အနှစ်သာရအားဖြင့် ရှုကုန်၊ အနာကင်း သောအားဖြင့် ရှုကုန်၊ ဘေးကင်းသောအားဖြင့် ရှုကုန်သော သမဏဗြာဟ္မဏဟူသမျှတို့သည် တဏှာကို ပွားစေကုန်၏။ တဏှာကို ပွားစေကုန်သော ထိုသူတို့သည် (ခန္ဓာဟူသော) ဥပဓိကို ပွားစေကုန်၏၊ ဥပဓိကို ပွားစေကုန်သော ထိုသူတို့သည် ဆင်းရဲကို ပွားစေကုန်၏၊ ဆင်းရဲကို ပွားစေကုန်သော ထိုသူတို့သည် ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာမှု ပြင်းစွာ ပင်ပန်းမှုတို့မှ မလွတ်ကုန်၊ ဆင်းရဲအပေါင်းမှ မလွတ်ကုန်ဟူ၍ ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ လွန်ပြီး ‘အတိတ်’ကာလဝယ် လောက၌ ချစ်အပ်သာယာအပ်သော သဘောကို မမြဲသော အားဖြင့် ရှုကုန်၊ ဆင်းရဲသောအားဖြင့် ရှုကုန်၊ အနှစ်သာရ မရှိသောအားဖြင့် ရှုကုန်၊ အနာရောဂါအားဖြင့် ရှုကုန်၊ ဘေးအားဖြင့် ရှုကုန်သော သမဏဗြာဟ္မဏဟူသမျှတို့သည် တဏှာကို ပယ်စွန့်ကုန်၏။ တဏှာကို ပယ်စွန့်ကုန်သော ထိုသူတို့သည် (ခန္ဓာဟူသော) ဥပဓိကို ပယ်စွန့်ကုန်၏၊ ဥပဓိကို ပယ်စွန့်ကုန်သော ထို သူတို့သည် ဆင်းရဲကို ပယ်စွန့်ကုန်၏၊ ဆင်းရဲကို ပယ်စွန့်ကုန်သော ထိုသူတို့သည် ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာမှု ပြင်းစွာ ပင်ပန်းမှုတို့မှ လွတ်မြောက်ကုန်၏၊ ဆင်းရဲ အပေါင်းမှ လွတ်မြောက်ကုန်၏ဟူ၍ ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ နောင် ‘အနာဂတ်’ကာလဝယ် လောက၌ ချစ်အပ်သာယာအပ်သော သဘောကို မမြဲသော အားဖြင့် ရှုကုန်၊ ဆင်းရဲသောအားဖြင့် ရှုကုန်၊ အနှစ်သာရ မရှိသောအားဖြင့် ရှုကုန်၊ အနာရောဂါအားဖြင့် ရှုကုန်၊ ဘေးအားဖြင့် ရှုကုန်မည့် သမဏဗြာဟ္မဏဟူသမျှတို့သည် တဏှာကို ပယ်စွန့်ကုန်လတ္တံ့။ပ။ ဆင်းရဲအပေါင်းမှ လွတ်မြောက် ကုန်လတ္တံ့ဟူ၍ ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ ယခု ‘ပစ္စုပ္ပန်’ အခါဝယ် ချစ်အပ်သာယာအပ်သော သဘောကို မမြဲသောအားဖြင့် ရှုကုန်၊ ဆင်းရဲသောအားဖြင့် ရှုကုန်၊ အနှစ်သာရ မရှိသောအားဖြင့် ရှုကုန်၊ အနာရောဂါအားဖြင့် ရှုကုန်၊ ဘေး အားဖြင့် ရှုဆဲဖြစ်ကုန်သော သမဏဗြာဟ္မဏဟူသမျှတို့သည် တဏှာကို ပယ်စွန့်ကုန်၏။ တဏှာကို ပယ် စွန့်ကုန်သော ထိုသူတို့သည် (ခန္ဓာဟူသော) ဥပဓိကို ပယ်စွန့်ကုန်၏၊ ဥပဓိကို ပယ်စွန့်ကုန်သော ထိုသူတို့သည် ဆင်းရဲကို ပယ်စွန့်ကုန်၏၊ ဆင်းရဲကို ပယ်စွန့်ကုန်သော ထိုသူတို့သည် ပဋိသန္ဓေနေမှု အိုမှု့သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာမှု ပြင်းစွာ ပင်ပန်းမှုတို့မှ လွတ်မြောက်ကုန်၏၊ ဆင်းရဲ အပေါင်းမှ လွတ်မြောက်ကုန်၏ဟူ၍ ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ ဥပမာသော်ကား ကြေးခွက်တွင်းရှိ အရက်သည် အဆင်းနှင့် ပြည့်စုံ၏၊ အနံ့နှင့် ပြည့်စုံ၏၊ အရသာနှင့် ပြည့်စုံ၏၊ သို့ပင်ဖြစ်သော်လည်း ထိုအရက်သည် အဆိပ်နှင့် ရောနှောနေ၏၊ ထိုအခါ ယောကျာ်းသည် အလွန်ပူသော ကိုယ်ရှိသည် ဖြစ်၍ အပူဖြင့် နှိပ်စက်အပ်သောကြောင့် ပင်ပန်းသည် ဖြစ်ရ ကား ရေမွတ်သိပ်သည် ဖြစ်၍ လာရာ၏၊ ထိုယောကျာ်းကို ဤသို့ ဆိုကုန်ရာ၏— “အချင်းယောကျာ်း ကြေးခွက်တွင်းရှိ အရက်သည် အဆင်းနှင့် ပြည့်စုံ၏၊ အနံ့နှင့် ပြည့်စုံ၏၊ အရသာနှင့် ပြည့်စုံ၏၊ သို့ပင် ဖြစ်သော်လည်း ထိုအရက်သည် အဆိပ်နှင့် ရောနှောနေ၏၊ သင်သည် အလိုရှိခဲ့မူ သောက်လော့၊ သောက် သည် ရှိသော် သင့်ကို အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်စေလတ္တံ့။ သောက်ပြီးသော်ကား ထိုသေအရက်ကို သောက်ခြင်းအကြောင်းကြောင့် သေခြင်းသို့သော်လည်း ရောက်ရလတ္တံ့၊ သေလောက်သော ဆင်းရဲသို့သော်လည်း ရောက်ရလတ္တံ့”ဟု ဆိုကုန်၏။ ရဟန်းတို့ ထိုအခါ ထိုယောကျာ်းအား ဤသို့ အကြံ ဖြစ်ရာ၏၊ “ငါသည် မွတ်သိပ်ခြင်းကို ရေဖြင့် သော်လည်းကောင်း၊ နို့ဓမ်းကြည်ဖြင့်သော်လည်းကောင်း၊ ဆားနှင့် ရောသော မုန့်ညက်ရေဖြင့်သော်လည်းကောင်း၊ လောဏသောဝီရကမည်သော ဆေးဖြင့်သော်လည်းကောင်း ပယ်ဖျောက်ခြင်းငှါ တတ်နိုင်၏။ ငါ့အား ရှည်စွာသော ကာလပတ်လုံး အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ မဖြစ်စေနိုင်သော ထိုအရက်ကို ငါ မသောက်တော့အံ့”ဟု အကြံ ဖြစ်ရာ၏၊ ထိုယောကျာ်းသည် ထိုကြေးခွက်တွင်းရှိ အရက်ကို ဆင်ခြင်ပြီးလျှင် မသောက်မူ၍ စွန့်ပစ်ရာ၏၊ ထိုယောကျာ်းသည် ထိုအကြောင်းကြောင့် သေခြင်းသို့သော်လည်း မရောက်ရာ၊ သေလောက်သော ဆင်းရဲသို့သော်လည်း မရောက်ရာ။
ရဟန်းတို့ ဤအတူသာလျှင် လွန်ပြီး ‘အတိတ်’ ကာလဝယ် လောက၌ ချစ်အပ်သာယာအပ်သော သဘောကို မမြဲသောအားဖြင့် ရှုကုန်၊ ဆင်းရဲသော အားဖြင့် ရှုကုန်၊ အနှစ်သာရ မရှိသောအားဖြင့် ရှုကုန်၊ အနာရောဂါအားဖြင့်ရှုကုန်၊ ဘေးအားဖြင့် ရှုကုန်သော သမဏဗြာဟ္မဏဟူသမျှတို့သည် တဏှာကို ပယ် စွန့်ကုန်၏။ တဏှာကို ပယ်စွန့်ကုန်သော ထိုသူတို့သည် (ခန္ဓာဟူသော) ဥပဓိကို ပယ်စွန့်ကုန်၏၊ ဥပဓိကို ပယ်စွန့်ကုန်သော ထိုသူတို့သည် ဆင်းရဲကို ပယ်စွန့်ကုန်၏၊ ဆင်းရဲကို ပယ်စွန့်ကုန်သော ထိုသူတို့သည် ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာမှု ပြင်းစွာ ပင်ပန်းမှုတို့မှ လွတ် မြောက်ကုန်၏၊ ဆင်းရဲအပေါင်းမှ လွတ်မြောက်ကုန်၏ဟူ၍ ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ နောင် ‘အနာဂတ်’ ကာလဝယ်။ပ။ ယခု ‘ပစ္စုပ္ပန်’ အခါဝယ် လောက၌ ချစ်အပ်သာယာ အပ်သော သဘောကို မမြဲသောအားဖြင့် ရှုကုန်၊ ဆင်းရဲသောအားဖြင့် ရှုကုန်၊ အနှစ်သာရ မရှိသောအားဖြင့် ရှုကုန်၊ အနာရောဂါအားဖြင့် ရှုကုန်၊ ဘေးအားဖြင့် ရှုကုန်သော သမဏဗြာဟ္မဏဟူသမျှတို့သည် တဏှာကို ပယ်စွန့်ကုန်၏။ တဏှာကို ပယ်စွန့်ကုန်သော ထိုသူတို့သည် (ခန္ဓာဟူသော) ဥပဓိကို ပယ်စွန့် ကုန်၏၊ ဥပဓိကို ပယ်စွန့်ကုန်သော ထိုသူတို့သည် ဆင်းရဲကို ပယ်စွန့်ကုန်၏၊ ဆင်းရဲကို ပယ်စွန့်ကုန်သော ထိုသူတို့သည် ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာမှု ပြင်းစွာ ပင်ပန်းမှုတို့မှ လွတ်မြောက်ကုန်၏၊ ဆင်းရဲအပေါင်းမှ လွတ်မြောက်ကုန်၏ဟူ၍ ငါဘုရား ဟောတော်မူ၏ဟု (မိန့် တော်မူ၏)။
ဆဋ္ဌသုတ်။