သံယုတ္တနိကာယ်—၂၂
(၈) ၃—ခဇ္ဇနီယဝဂ်
၉—ပါလိလေယျသုတ်
၈၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကိုယူဆောင်လျက် ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ကောသမ္ဗီပြည်၌ ဆွမ်းခံလှည့်လည်တော်မူပြီးလျှင်ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခွါတော်မူ၍ ကိုယ်တော်တိုင် ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် အလုပ်အကျွေးတို့ကို မပန်ကြားဘဲ ရဟန်းသံဃာကို မပြောကြားဘဲတစ်ပါးတည်း အဖော်မပါဘဲ ဒေသစာရီ ကြွချီတော်မူ၏။
ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကြွ၍ မကြာမီ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏ — “ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရားသည်ကိုယ်တော်တိုင် ကျောင်းအိပ်ရာ နေရာကို သိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် အလုပ်အကျွေးတို့ကို မပန်ကြားဘဲ့ရဟန်းသံဃာကို မပြောကြားဘဲ တစ်ပါးတည်း အဖော်မပါဘဲ ဒေသစာရီ ကြွချီတော်မူ၏ “ဟုလျှောက်၏။ ငါ့သျှင် မြတ်စွာဘုရားသည်ကိုယ်တော်တိုင် ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် အလုပ်အကျွေးတို့ကို မပန်ကြားဘဲ ရဟန်းသံဃာကိုမပြောကြားဘဲ တစ်ပါးတည်း အဖော် မပါဘဲ ဒေသစာရီ ကြွချီတော်မူသော အခါမျိုး၌ မြတ်စွာဘုရားသည်တစ်ပါးတည်းသာ နေတော်မူလို၏၊ ထိုအခါမျိုး၌ မည်သူမျှ မြတ်စွာဘုရားထံသို့ မလိုက်အပ်ဟု (ဆို၏)။
ထို့နောက် မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူရာ ပါလိလေယျကတောသို့ရောက်တော်မူ၏၊ မြတ်စွာဘုရားသည် ထိုပါလိလေယျကတောဝယ် တင့်တယ်သော အင်ကြင်းပင်ရင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ များစွာသော ရဟန်းတို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကုန်၍ အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ်နှစ်လိုဖွယ်စကားကို ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေကြပြီးလျှင် ဤစကားကို ပြောဆိုကုန်၏—“ငါ့သျှင်အာနန္ဒာ ငါတို့သည် မြတ်စွာဘုရား၏ အထံတော်မှ တရားစကားကို မနာကြားရသည်ကားကြာမြင့်လှပါပြီ၊ မြတ်စွာ ဘုရား၏ အထံတော်မှ တရားစကားကို ကြားနာခြင်းငှါ အလိုရှိပါကုန်၏”ဟု (လျှောက်ကုန်၏)။
ထိုအခါ အသျှင်အာနန္ဒာသည် ထိုရဟန်းတို့နှင့် အတူ ပါလိလေယျကတောဝယ် တင့်တယ်သောအင်ကြင်းပင်ရင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေကြသော ရဟန်းတို့ကို မြတ်စွာဘုရားသည် အကျိုးစီးပွါးကို ကောင်းစွာ ပြလျက်တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုအခါ ရဟန်းတစ်ပါးအား “အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ကာလ မခြားမူ၍ အာသဝေါတရားတို့ ကုန်ခန်းပါသနည်း “ ဟူသော အကြံဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်း၏ စိတ်အကြံကို မိမိစိတ်ဖြင့်သိတော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏—“ရဟန်းတို့ ငါသည် စူးစမ်းပြီးမှ တရားကို ဟောအပ်၏၊ စူးစမ်းပြီးမှ သတိပဋ္ဌာန်လေးမျိုးတို့ကို ဟောအပ်ကုန်၏၊ စူးစမ်းပြီးမှ သမ္မပ္ပဓာန်လေးမျိုးတို့ကို ဟောအပ်ကုန်၏၊ စူးစမ်းပြီးမှ ဣဒ္ဓိပါဒ်လေးမျိုးတို့ကို ဟောအပ်ကုန်၏၊ စူးစမ်းပြီးမှ ဣန္ဒြေငါးမျိုးတို့ကို ဟောအပ်ကုန်၏၊ စူးစမ်းပြီးမှ ဗိုလ်ငါးမျိုးတို့ကို ဟောအပ်ကုန်၏၊ စူးစမ်းပြီးမှ ဗောဇ္ဈင်ခုနစ်မျိုးတို့ကို ဟောအပ်ကုန်၏၊ စူးစမ်းပြီးမှ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်ကို ဟောအပ်၏။ ဤသို့ ငါသည် စူးစမ်းပြီးမှ တရားကို ဟောအပ်၏။ ရဟန်းတို့ ငါသည် ဤသို့ စူးစမ်းပြီးမှ တရားကို ဟောအပ်ပါလျက် အဘယ့်ကြောင့်အချို့သော ရဟန်းအား “အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ကာလ မခြားမူ၍ အာသဝေါတရားတို့ ကုန်ပါသနည်း “ဟု ဤသို့ စိတ်အကြံ ဖြစ်ပေါ်လေဘိသနည်းဟု (မိန့်တော်မူ၏)။
ရဟန်းတို့ အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ကာလ မခြားဘဲ အာသဝေါတရားတို့ ကုန်သနည်းဟူမူ— ရဟန်းတို့ ဤလောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာတရား၌ မလိမ္မာသော အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော,သူတော်ကောင်းတရား၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကိုအတ္တဟု ရှု၏၊ ရဟန်းတို့ ထိုရှုမှုသည် သင်္ခါရ၁ဖြစ်၏။ ထိုသင်္ခါရသည် အဘယ်လျှင် အကြောင်းနိဒါန်းရှိသနည်း၊ အဘယ်လျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ရဟန်းတို့ အဝိဇ္ဇာနှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ဝေဒနာဖြင့်တွေ့ထိ အပ်သော, အကြားအမြင်မရှိသော ပုထုဇဉ်အား တဏှာသည် ဖြစ်ပေါ်၏၊ ထိုသင်္ခါရသည်ထိုတဏှာကြောင့် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ထိုသင်္ခါရသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထိုတဏှာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထိုဝေဒနာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။
ထိုဖဿသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထိုအဝိဇ္ဇာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ရဟန်းတို့ ဤသို့ သိသူ ဤသို့ မြင်သူအား ကာလမခြားဘဲ အာသဝေါတရားတို့ ကုန်မှုဖြစ်၏။
ရုပ်ကို အတ္တဟူ၍ ကား မရှု၊ သို့သော် ရုပ်ရှိသော အတ္တဟု ရှု၏။ ရဟန်းတို့ ထိုရှုမှုသည် သင်္ခါရဖြစ်၏။ ထိုသင်္ခါရသည် အဘယ်လျှင် အကြောင်းနိဒါန်းရှိသနည်း၊ အဘယ်လျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ရဟန်းတို့ အဝိဇ္ဇာနှင့် ယှဉ်သောတွေ့ထိမှု ‘ဖဿ ‘ကြောင့် ဖြစ်သော ဝေဒနာဖြင့် တွေ့ထိအပ်သော, အကြားအမြင်မရှိသော ပုထုဇဉ်အားတဏှာသည် ဖြစ်ပေါ်၏၊ ထိုသင်္ခါရသည် ထိုတဏှာကြောင့် ဖြစ်ပေါ်၏။ ရဟန်းတို့ ဤသို့လျှင် ထိုသင်္ခါရသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထိုတဏှာသည်လည်း၊ ထိုဝေဒနာသည်လည်း၊ ထိုဖဿသည်လည်း၊ ထိုအဝိဇ္ဇာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။
ရဟန်းတို့ ဤသို့ သိသူ ဤသို့ မြင်သူအား ကာလ မခြားဘဲ အာသဝေါတရားတို့ ကုန်မှု ဖြစ်၏။
ရုပ်ကို အတ္တဟူ၍လည်း မရှု၊ ရုပ်ရှိသော အတ္တဟုလည်း မရှု၊ သို့သော် အတ္တ၌ ရုပ်ဟု ရှု၏။
ရဟန်းတို့ ထိုရှုမှုသည် သင်္ခါရ ဖြစ်၏။ ထိုသင်္ခါရသည် အဘယ်လျှင် အကြောင်း’နိဒါန်း’ရှိသနည်း၊ အဘယ် လျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင်အမွန်အစရှိသနည်း။ ရဟန်းတို့ အဝိဇ္ဇာနှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ဝေဒနာဖြင့်တွေ့ထိအပ်သော, အကြားအမြင် မရှိသော ပုထုဇဉ်အား တဏှာသည် ဖြစ်ပေါ်၏၊ ထိုသင်္ခါရသည်ထိုတဏှာကြောင့် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ထိုသင်္ခါရသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထို တဏှာသည်လည်း၊ ထိုဝေဒနာသည်လည်း၊ ထိုဖဿသည်လည်း၊ ထိုအဝိဇ္ဇာသည်လည်း မမြဲ၊ ပြုပြင် အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ရဟန်းတို့ ဤသို့ သိသူ ဤသို့ မြင်သူအား ကာလ မခြားဘဲ အာသဝေါတရားတို့ ကုန်မှု ဖြစ်၏။
ရုပ်ကို အတ္တဟူ၍လည်း မရှု၊ ရုပ်ရှိသော အတ္တဟုလည်း မရှု၊ အတ္တ၌ ရုပ်ဟုလည်း မရှု၊ သို့သော် ရုပ်၌ အတ္တဟု ရှု၏။ ရဟန်းတို့ ထိုရှုမှုသည် သင်္ခါရမည်၏။ ထိုသင်္ခါရသည် အဘယ်အကြောင်း ရှိသနည်း၊ အဘယ်ဖြစ်ပေါ်မှုရှိသနည်း၊ အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ရဟန်းတို့အဝိဇ္ဇာနှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ဝေဒနာဖြင့် တွေ့ထိအပ်သော အကြားအမြင်မရှိ သော ပုထုဇဉ်အား တဏှာသည် ဖြစ်ပေါ်၏၊ ထိုသင်္ခါရသည် ထိုတဏှာကြောင့် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ထိုသင်္ခါရသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထိုတဏှာသည်လည်း၊ ထိုဝေဒနာသည်လည်း၊ ထိုဖဿသည်လည်း၊ ထိုအဝိဇ္ဇာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ရဟန်းတို့ ဤသို့ သိသူအား။ပ။ အာသဝေါတရားတို့ ကုန်မှု ဖြစ်၏။
ရုပ်ကို အတ္တဟူ၍လည်း မရှု၊ ရုပ်ရှိသော အတ္တဟုလည်း မရှု၊ အတ္တ၌ ရုပ်ဟုလည်း မရှု၊ ရုပ်၌ အတ္တဟုလည်း မရှု၊ သို့သော် ဝေဒနာကို အတ္တဟု ရှု၏။ သို့သော် ဝေဒနာရှိသော အတ္တဟု ရှု၏။
သို့သော် အတ္တ၌ ဝေဒနာဟု ရှု၏။ သို့သော် ဝေဒနာ၌ အတ္တဟု ရှု၏။ သို့သော် သညာကို။ သို့သော်သင်္ခါရတို့ကို အတ္တဟု ရှု၏၊ သို့သော် သင်္ခါရတို့ရှိသော အတ္တဟု ရှု၏၊ သို့သော် အတ္တ၌ သင်္ခါရတို့ဟုရှု၏၊ သို့သော် သင်္ခါရတို့၌ အတ္တဟု ရှု၏။ သို့သော် ဝိညာဏ်ကို အတ္တဟု ရှု၏၊ သို့သော် ဝိညာဏ်ရှိသော အတ္တဟု ရှု၏၊ သို့သော် အတ္တ၌ ဝိညာဟု ရှု၏၊ သို့သော် ဝိညာဏ်၌ အတ္တဟု ရှု၏။ ရဟန်းတို့ထိုရှုမှုသည် သင်္ခါရ ဖြစ်၏။ ထိုသင်္ခါရသည် အဘယ်လျှင် အကြောင်းနိဒါန်းရှိသနည်း။ပ။ အဘယ်လျှင်အမွန်အစရှိသနည်း။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ ‘နှင့် ယှဉ်သော တွေ့ထိမှု’ဖဿ’ကြောင့် ဖြစ်သော ဝေဒနာဖြင့် တွေ့ထိအပ်သော, အကြားအမြင် မရှိသော ပုထုဇဉ်အား တဏှာသည် ဖြစ်ပေါ်၏၊ ထိုသင်္ခါရသည်ထိုတဏှာကြောင့် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် သင်္ခါရသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို့စွဲ၍ ဖြစ်ပေါ်၏၊ ထိုတဏှာသည်လည်း၊ ထိုဝေဒနာသည်လည်း၊ ထိုဖဿသည်လည်း၊ ထိုအဝိဇ္ဇာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ရဟန်းတို့ ဤသို့ သိသူ ဤသို့ မြင်သူအားလည်း ကာလ မခြားဘဲ အာသဝေါတရားတို့ ကုန်မှု ဖြစ်၏။
ရုပ်ကို အတ္တဟူ၍လည်း မရှု။ ဝေဒနာကို အတ္တဟူ၍လည်း မရှု။ သညာကို အတ္တဟူ၍လည်း မရှု။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်း မရှု၊ သို့သော် “ထိုငါသည် အတ္တတည်း၊ ထိုငါသည်လောက တည်း၊ ထိုအတ္တနှင့် လောကဟူသော ငါသည် တမလွန်ဘဝ၌ ဖြစ်လတ္တံ့၊ မြဲ၏၊ ခိုင်ခံ့၏၊ တည်တံ့၏၊ မဖောက်ပြန်သော သဘောရှိ၏ “ဟု ဤသို့ အယူရှိ၏။ ရဟန်းတို့ ထိုမြဲ၏ဟူသောအယူ (သဿတဒိဋ္ဌိ)သည် သင်္ခါရဖြစ်၏။ ထိုသင်္ခါရသည် အဘယ်လျှင် အကြောင်းနိဒါန်းရှိသနည်း။ပ။ ရဟန်းတို့ ဤသို့ သိသူ ဤသို့ မြင်သူအားလည်း ကာလ မခြားဘဲ အာသဝေါတရားတို့ ကုန်မှု ဖြစ်၏။
ရုပ်ကို အတ္တဟူ၍လည်း မရှု၊ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်းမရှု၊ သို့သော် “ထိုငါသည် အတ္တတည်း၊ ထိုငါသည် လောကတည်း၊ ထိုအတ္တနှင့် လောကဟူသောငါသည် တမလွန်ဘဝ၌ ဖြစ်လတ္တံ့၊ မြဲ၏၊ ခိုင်ခံ့၏၊ တည်တံ့၏၊ မဖောက်ပြန်သော သဘောရှိ၏ “ဟူ၍ ဤသို့လည်း အယူမရှိ၊ သို့သော် “ငါဟူ၍ မဖြစ်ခဲ့သော် ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ ငါ မဖြစ်တော့ဟု ဆိုလျှင်ငါ့ဥစ္စာဟူ၍ ရှိတော့မည် မဟုတ် “ဟု ဤသို့ အယူရှိ၏။ ရဟန်းတို့ ထိုပြတ်၏ဟူသောအယူ (ဥစ္ဆေဒဒိဋ္ဌိ)သည် သင်္ခါရ ဖြစ်၏။ ထိုသင်္ခါရသည် အဘယ်လျှင် အကြောင်းနိဒါန်းရှိသနည်း၊ အဘယ်လျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင်အမွန်အစရှိသနည်း။ ရဟန်းတို့ အဝိဇ္ဇာနှင့် ယှဉ်သော ဖဿကြောင့် ဖြစ်သော ဝေဒနာဖြင့်တွေ့ထိအပ်သော, အကြားအမြင် မရှိသော ပုထုဇဉ်အား တဏှာသည် ဖြစ်ပေါ်၏၊ ထိုသင်္ခါရသည်ထိုတဏှာကြောင့် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ထိုသင်္ခါရသည်လည်း မမြဲ။ပ။ ရဟန်းတို့ ဤသို့သိသူ ဤသို့ မြင်သူအားလည်း ကာလ မခြားဘဲ အာသဝေါတရားတို့ ကုန်မှု ဖြစ်၏။
ရုပ်ကို အတ္တဟူ၍လည်း မရှု၊ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်းမရှု။ပ။ ဝိညာဏ်၌ အတ္တဟူ၍လည်း မရှု၊ “ထိုငါသည် အတ္တတည်း၊ ထိုငါသည် လောကမည်၏၊ ထိုအတ္တနှင့် လောကဟူသော ငါသည် တမလွန်ဘဝ၌ ဖြစ်လတ္တံ့၊ မြဲ၏၊ ခိုင်ခံ့၏၊ တည်တံ့၏၊ မဖောက်ပြန်သော သဘော ရှိ၏ “ဟူ၍ ဤသို့လည်း အယူ မရှိ၊ “ငါဟူ၍ မဖြစ်ခဲ့သော် ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ ငါ မဖြစ်တော့ဟု ဆိုလျှင် ငါ့ဥစ္စာဟူ၍ ရှိတော့မည် မဟုတ် “ဟု ဤသို့လည်း အယူ မရှိ၊ သို့သော် တွေးတောမှု ရှိ၏၊ ယုံမှားမှု ရှိ၏၊ သူတော်ကောင်းတရား၌ ဆုံးဖြတ်ခြင်းသို့ မရောက်။ ရဟန်းတို့ ထိုတွေးတောယုံမှားခြင်း သူတော် ကောင်းတရား၌ ဆုံးဖြတ်ခြင်းသို့ မရောက်ခြင်းသည်သင်္ခါရမည်၏။ ထိုသင်္ခါရသည် အဘယ်အကြောင်းရှိသ နည်း၊ အဘယ်ဖြစ်ပေါ်မှု ရှိသနည်း၊ အဘယ်လျှင်ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ရဟန်းတို့ အဝိဇ္ဇာနှင့် ယှဉ်သော ဖဿကြောင့်ဖြစ်သော ဝေဒနာဖြင့် တွေ့ထိအပ်သော, အကြားအမြင် မရှိသော ပုထုဇဉ်အား တဏှာသည် ဖြစ်ပေါ်၏၊ ထိုသင်္ခါရသည် ထိုတဏှာကြောင့် ဖြစ်၏။ ရဟန်းတို့ ထိုသင်္ခါရသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထိုတဏှာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။
ထိုဝေဒနာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထိုဖဿသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထိုအဝိဇ္ဇာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကိုစွဲ၍ ဖြစ်ပေါ်၏။ ရဟန်းတို့ ဤသို့ သိသူ ဤသို့ မြင်သူအားလည်း ကာလ မခြားဘဲအာသဝေါတရားတို့ ကုန်မှု ဖြစ်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။
၁။ ဒိဋ္ဌိစေတသိက်ဟူသော သင်္ခါရတည်း။