သံယုတ္တနိကာယ်—၄၆

၄—နီဝရဏဝဂ်

၁ဝ—နီဝရဏသုတ်

၂၂၁။ ရဟန်းတို့ ဤနီဝရဏငါးပါးတို့သည် ကန်းအောင် ပြုလုပ်တတ်ကုန်၏၊ မျက်စိမရှိအောင်ပြုလုပ်တတ်ကုန်၏၊ အသိဉာဏ်မဲ့အောင် ပြုလုပ်တတ်ကုန်၏၊ ပညာကို ချုပ်ပျောက်စေတတ်ကုန်၏၊ ပင်ပန်းဆင်းရဲခြင်း အဖို့ရှိကုန်၏၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ မဖြစ်စေနိုင်ကုန်။ အဘယ်ငါးပါးတို့နည်း၊

ရဟန်းတို့ ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒနီဝရဏ’ သည် ကန်းအောင် ပြုလုပ်တတ်၏၊ မျက်စိမရှိအောင်ပြုလုပ်တတ်၏၊ အသိဉာဏ်မဲ့အောင် ပြုလုပ်တတ်၏၊ ပညာကို ချုပ်ပျောက်စေတတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ရှိ၏၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ မဖြစ်စေနိုင်။ ရဟန်းတို့ ပျက်စီးစေလိုမှု ‘ဗျာပါဒနီဝရဏ’ သည်။ပ။ ရဟန်းတို့ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓနီဝရဏ’ သည်။ ရဟန်းတို့ စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ’ သည်။ ရဟန်းတို့ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာနီဝရဏ’ သည် ကန်းအောင် ပြုလုပ်တတ်၏၊ မျက်စိမရှိအောင် ပြုလုပ်တတ်၏၊ အသိဉာဏ်မဲ့အောင် ပြုလုပ်တတ်၏၊ ပညာကို ချုပ်ပျောက်စေတတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ ရှိ်၏၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ မဖြစ်စေနိုင်။

ရဟန်းတို့ ဤနီဝရဏငါးပါးတို့သည် ကန်းအောင် ပြုလုပ်တတ်ကုန်၏၊ မျက်စိမရှိအောင် ပြုလုပ်တတ်ကုန်၏၊ အသိဉာဏ်မဲ့အောင် ပြုလုပ်တတ်ကုန်၏၊ ပညာကို ချုပ်ပျောက်စေတတ်ကုန်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ရှိကုန်၏၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ မဖြစ်စေနိုင်ကုန်။

ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် ပညာမျက်စိကို ပြုလုပ်တတ်ကုန်၏၊ အသိဉာဏ်ကို ပြုလုပ်တတ်ကုန်၏၊ ပညာတိုးပွားခြင်းကို ဖြစ်စေတတ်ကုန်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ မရှိကုန်၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ ဖြစ်စေနိုင်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊

ရဟန်းတို့ သတိသမ္ဗောဇ္ဈင်သည် ပညာမျက်စိကို ပြုလုပ်တတ်၏၊ အသိဉာဏ်ကို ပြုလုပ်တတ်၏၊ ပညာတိုးပွားခြင်းကို ဖြစ်စေတတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ မရှိ၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ ဖြစ်စေနိုင်၏။ပ။ ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်သည် ပညာမျက်စိကို ပြုလုပ်တတ်၏၊ အသိဉာဏ်ကို ပြုလုပ်တတ်၏၊ ပညာတိုးပွားခြင်းကို ဖြစ်စေတတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ မရှိ၊ (ကိလေသာမှ) ငြိမ်းအေးခြင်း ငှါ ဖြစ်စေနိုင်၏။

ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် ပညာမျက်စိကို ပြုလုပ်တတ်ကုန်၏၊ အသိဉာဏ်ကို ပြုလုပ်တတ်ကုန်၏၊ ပညာတိုးပွားခြင်းကို ဖြစ်စေတတ်ကုန်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ မရှိကုန်၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ ဖြစ်စေနိုင်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် နီဝရဏဝဂ် ပြီး၏။