သံယုတ္တနိကာယ်—၄၇

၁—အမ္ဗပါလိဝဂ်

၁ဝ—ဘိက္ခုနုပဿယသုတ်

၃၇၆။ ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရဟန်းမတို့၏ ကျောင်းတစ်ကျောင်းသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ထိုင်နေ၏။ ထိုအခါ များစွာသော ရဟန်းမတို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကုန်၍အသျှင်အာနန္ဒာကို ရှိခိုး လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် ဤစကားကိုလျှောက်ထားကုန်၏—

အသျှင်ဘုရား အာနန္ဒာ ဤသာသနာတော်ဝယ် သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေ၍ နေကုန်သော ရဟန်းမ များစွာတို့သည် ရှေ့တရားထူးထက် မြတ်သော နောက်တရားထူးကိုကောင်းစွာ သိပါကုန်၏ဟု လျှောက်ကုန်၏။ နှမတို့ ဤစကားသည် ဤအတိုင်း မှန်၏၊ နှမတို့ ဤစကားသည် ဤအတိုင်း မှန်၏။ တစ်ဦးဦးသော ရဟန်းသည်လည်းကောင်း၊ ရဟန်းမသည်လည်းကောင်း သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေ၍ နေခဲ့မူ ထိုသူသည် “ရှေ့တရားထူးထက် မြတ်သောနောက်တရားထူးကို ကောင်းစွာ သိလိမ့်မည်”ဟူသော ဤအကြောင်းကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု မိန့်တော်မူ၏။

ထို့နောက် အသျှင်အာနန္ဒာသည် ထိုရဟန်းမတို့အား တရားစကားဖြင့် အကျိုးစီးပွားကို ပြလျက်တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူပြီးလျှင် နေရာမှ ထကာဖဲသွားလေ၏။ ထို့နောက် အသျှင်အာနန္ဒာသည် သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက်ဆွမ်းစားရာအရပ်မှ ဖဲခွာပြီးသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက် ၏—

“အသျှင်ဘုရား အကျွန်ုပ်သည် ယနေ့နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကိုယူဆောင်လျက် ရဟန်းမတို့၏ ကျောင်းတစ်ကျောင်းသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေပါ၏၊ ထိုအခါ များစွာသော ရဟန်းမတို့သည် အကျွန်ုပ်ထံသို့ ချဉ်းကပ်ကုန်၍ အကျွန်ုပ်ကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် အကျွန်ုပ်အား ဤစကားကို လျှောက်ထားပါကုန်၏— “အသျှင်ဘုရား အာနန္ဒာ ဤသာသနာတော်ဝယ် သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေ၍ နေကုန်သော ရဟန်းမ များစွာတို့သည် ရှေ့တရားထူးထက် မြတ်သော နောက်တရားထူးကို ကောင်းစွာ သိပါကုန်၏”ဟု (ဤသို့ လျှောက်ကြပါ၏)။ အသျှင်ဘုရား ဤသို့ လျှောက်ကုန်သော ထိုရဟန်းမတို့အား ‘နှမတို့ ဤစကားသည် ဤအတိုင်း မှန်၏၊ ဤစကားသည် ဤအတိုင်း မှန်၏။ တစ်ဦးဦးသော ရဟန်းသည်လည်းကောင်း၊ ရဟန်းမသည်လည်းကောင်း သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေ၍နေခဲ့မူ ထိုသူသည် ရှေ့တရားထူးထက် မြတ်သော နောက်တရားထူးကို ကောင်းစွာ သိလိမ့်မည်ဟူသောဤအကြောင်းကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်ပေ၏’ ဟူ၍ ပြောလိုက်ပါ၏”ဟု လျှောက်၏။

အာနန္ဒာ ဤစကားသည် ဤအတိုင်း မှန်၏၊ အာနန္ဒာ ဤစကားသည် ဤအတိုင်း မှန်၏။ အာနန္ဒာတစ်ဦးဦးသော ရဟန်းသည်လည်းကောင်း၊ ရဟန်းမသည်လည်းကောင်း သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကိုကောင်းစွာ တည်စေ၍ နေခဲ့မူ ထိုသူသည် ရှေ့တရားထူးထက် မြတ်သော နောက်တရားထူးကိုကောင်းစွာ သိလိမ့်မည်ဟူသော ဤအကြောင်းကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

အဘယ်လေးပါးတို့နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမန ဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည့်ဖြစ်၍ နေ၏၊ ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းအားရုပ်အပေါင်းလျှင် အာရုံရှိသည် ဖြစ်၍ ကိုယ်၌ (ကိလေသာ) ပူပန်ခြင်းသည်လည်းကောင်း၊ စိတ်၏တွန့်တိုဆုတ်နစ်ခြင်းသည် လည်းကောင်း ဖြစ်၏၊ ပြင်ပ၌မူလည်း စိတ်သည် ပျံ့လွင့်၏။ အာနန္ဒာထိုရဟန်းသည် ကြည်ညိုဖွယ်ဖြစ် သော တစ်စုံတစ်ခုသောအာရုံ၌ စိတ်ကို ထားအပ်၏၊ ကြည်ညိုဖွယ်ဖြစ်သော တစ်စုံတစ်ခုသောအာရုံ၌ စိတ်ကို ထားသော ရဟန်းအား ဝမ်းမြောက်ခြင်းသည်ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ကိုယ်သည် ငြိမ်းချမ်း၏၊ ကိုယ်ငြိမ်းချမ်းသော ရဟန်း သည် ချမ်းသာကို ခံစား၏၊ ချမ်းသာသောရဟန်း၏ စိတ်သည် တည်ကြည်၏၊ ထိုတည်ကြည်သော ရဟန်းသည် “အကြင်အကျိုးငှါ ငါသည် စင်စစ်စိတ်ကို ထား၏၊ ငါ့အား ထိုအကျိုးသည် ပြီးပြည့်စုံပြီ၊ ယခု (ကြည်ညိုဖွယ်အာရုံမှ) စိတ်ကိုရုပ်သိမ်းတော့အံ့”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် (ကြည်ညို ဖွယ်အာရုံမှ) စိတ်ကို ရုပ်လည်းရုပ်သိမ်း၏၊ ကြံလည်း မကြံစည်၊ သုံးလည်း မသုံးသပ်၊ “ငါသည် မကြံစည်၊ မသုံးသပ်၊ အဇ္ဈတ္တသန္တာန်၌ သတိရှိသည် ဖြစ်၍ ချမ်းသာ၏”ဟု သိ၏။

အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းသည် ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေသော ထိုရဟန်း အား သဘောတရားတို့လျှင် အာရုံရှိသည် ဖြစ်၍ ကိုယ်၌ပူပန်ခြင်းသည်လည်းကောင်း၊ စိတ်၏ တွန့်တို ဆုတ်နစ်ခြင်းသည်လည်းကောင်း ဖြစ်၏၊ အပ၌မူလည်းစိတ်သည် ပျံ့လွင့်၏။ အာနန္ဒာ ထိုရဟန်းသည် ကြည်ညိုဖွယ်ဖြစ်သော တစ်စုံတစ်ခုသောအာရုံ၌ စိတ်ကိုထားအပ်၏၊ ကြည်ညိုဖွယ်ဖြစ်သော တစ်စုံတစ်ခု သောအာရုံ၌ စိတ်ကို ထားသော ရဟန်းအားဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်း အား နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်သောစိတ်ရှိသော ရဟန်း၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ကိုယ်ငြိမ်း ချမ်းသော ရဟန်းသည် ချမ်းသာကို ခံစား၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏၊ ထို တည်ကြည်သော ရဟန်းသည် “အကြင်အကျိုးငှါငါသည် စင်စစ် စိတ်ကို ထား၏၊ ငါ့အား ထိုအကျိုး သည် ပြီးပြည့်စုံပြီ၊ ယခု (ကြည်ညိုဖွယ်အာရုံမှ) စိတ်ကို ရုပ်သိမ်းတော့အံ့”ဟု ဤသို့ ဆင်ခြင်၏။ ထို ရဟန်းသည် (ကြည်ညိုဖွယ်အာရုံမှ) စိတ်ကိုရုပ်လည်း ရုပ်သိမ်း၏၊ ကြံလည်း မကြံစည်၊ သုံးလည်း မသုံးသပ်၊ “ငါသည် မကြံစည်၊ မသုံးသပ်၊ အဇ္ဈတ္တသန္တာန်၌ သတိရှိသည် ဖြစ်၍ ချမ်းသာ၏”ဟု သိ၏။ အာနန္ဒာ ဤသို့လျှင် စိတ်ကို ထား၍ပွားများခြင်း ဖြစ်၏။

အာနန္ဒာ အဘယ်သို့လျှင် စိတ်ကို မထားမူ၍ ပွားများခြင်း ဖြစ်သနည်း။ အာနန္ဒာ ရဟန်းသည်ပြင်ပ (အာရုံ) ၌ စိတ်ကို မထားမူ၍ ‘ငါ၏ စိတ်ကို ပြင်ပ (အာရုံ) ၌ မထား’ဟု သိ၏။ ထို့နောက် ‘ငါ၏စိတ်သည် နောက်၌လည်းကောင်း၊ ရှေ့၌လည်းကောင်း မကျုံ့၊ လွတ်၏၊ မတောင့်တ’ဟု သိ၏။ ထို့ပြင်လည်း ‘(ငါသည်) ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ချမ်းသာ၏’ဟု သိ၏။

အာနန္ဒာ ရဟန်းသည် ပြင်ပ (အာရုံ) ၌ စိတ်ကို မထားမူ၍ ‘ငါ၏ စိတ်ကို ပြင်ပ (အာရုံ) ၌ မထား’ဟုသိ၏။ ထို့နောက် ‘ငါ၏ စိတ်သည် နောက်၌လည်းကောင်း၊ ရှေ့၌လည်းကောင်း မကျုံ့၊ လွတ်၏၊ မတောင့် တ‘ဟု သိ၏။ ထို့ပြင်လည်း ‘(ငါသည်) ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ့်ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ချမ်းသာ၏’ဟု သိ၏။

အာနန္ဒာ ရဟန်းသည် ပြင်ပ (အာရုံ) ၌ စိတ်ကို မထားမူ၍ ‘ငါ၏ စိတ်ကို ပြင်ပ (အာရုံ) ၌ မထား’ဟုသိ၏။ ထို့နောက် ‘ငါ၏ စိတ်သည် နောက်၌လည်းကောင်း၊ ရှေ့၌လည်းကောင်း မကျုံ့၊ လွတ်၏၊ မတောင့် တ‘ဟု သိ၏၊ ထို့ပြင်လည်း ‘(ငါသည်) ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ချမ်းသာ၏’ဟု သိ၏။

အာနန္ဒာ ရဟန်းသည် ပြင်ပ (အာရုံ) ၌ စိတ်ကို မထားမူ၍ ‘ငါ၏ စိတ်ကိ်ု ပြင်ပ (အာရုံ) ၌ မထား’ဟုသိ၏။ ထို့နောက် ‘ငါ၏ စိတ်သည် နောက်၌လည်းကောင်း၊ ရှေ့၌လည်းကောင်း မကျုံ့၊ လွတ်၏၊ မတောင့် တ‘ဟု သိ၏၊ ထို့ပြင်လည်း ‘(ငါသည်) ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ ရှိသည် ဖြစ်၍ နေ၏၊ ချမ်းသာ၏’ဟု သိ၏။ အာနန္ဒာ ဤသို့လျှင် စိတ်ကိုမထားမူ၍ ပွားများခြင်း ဖြစ်၏။

အာနန္ဒာ ဤသို့လျှင် စိတ်ကို ထား၍ ပွားများခြင်းကိုလည်း ငါ ဟောအပ်ပြီ၊ စိတ်ကို မထားမူ၍ပွားများခြင်းကိုလည်း ငါ ဟောအပ်ပြီ။ အာနန္ဒာ တပည့်သာဝကတို့၏ စီးပွားကို လိုလားသောအစဉ်သနားတတ်သော သင်တို့ဆရာ ငါသည် အစဉ်သနားသည် ဖြစ်၍ သင်တို့အတွက် ပြုသင့်ပြုထိုက်သည်ကိုပြုအပ်ပြီ။ အာနန္ဒာ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာအရပ်တို့တည်း။ အာနန္ဒာ ရှုကြကုန်လော့၊ မမေ့လျော့ကုန်လင့်၊ နောက်၌ နှလုံးမသာယာ မဖြစ်ကြကုန်လင့်။ ဤသည်ကားသင်တို့အား ငါတို့၏ အဆုံးအမပေတည်းဟု (မိန့်တော်မူ၏)။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို လွန်စွာ နှစ်သက်ဝမ်းမြောက်လေ၏။

ဒသမသုတ်။

ရှေးဦးစွာသောအမ္ဗပါလိဝဂ် ပြီး၏။