သံယုတ္တနိကာယ်—၄၇
၂—နာလန္ဒဝဂ်
၃—စုန္ဒသုတ်
၃၇၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် မဂဓတိုင်း နာလကရွာငယ်၌အနာရောဂါ နှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်သည် ဖြစ်၍ ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏၊ သမဏုဒ္ဒေသ အမည်ရသောအသျှင်စုန္ဒသည် အသျှင်သာရိပုတြာ၏ အလုပ်အကျွေး ဖြစ်၏။
ထိုအခါ အသျှင်သာရိပုတြာသည် ထိုအနာဖြင့်ပင် ပရိနိဗ္ဗာန်ပြုတော်မူလေ၏၊ ထိုအခါ သမဏုဒ္ဒေသအမည်ရသောအသျှင်စုန္ဒသည် အသျှင်သာရိပုတြာ၏ သပိတ်သင်္ကန်းကို ယူခဲ့၍ သာဝတ္ထိပြည်အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းနေ အသျှင်အာနန္ဒာထံ ချဉ်းကပ်၍အသျှင်အာနန္ဒာကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်အာနန္ဒာအား “အသျှင်ဘုရားအသျှင်သာရိပုတြာသည် ပရိ နိဗ္ဗာန် ပြုတော်မူပါပြီ၊ ဤသည်ကား ထိုအသျှင်သာရိပုတြာ၏သပိတ်သင်္ကန်းပါတည်း”ဟု လျှောက်၏။ ငါ့သျှင်စုန္ဒ မြတ်စွာဘုရားကို ဖူးမြင်ရန်ဤစကားလက်ဆောင်သည် ရှိ၏၊ ငါ့သျှင်စုန္ဒ သွားကုန်အံ့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်အံ့ဟု မိန့်ဆို၏။ သမဏု ဒ္ဒေသ အမည်ရသောအသျှင်စုန္ဒသည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာအား ပြန်လျှောက်၏။
ထို့နောက် အသျှင်အာနန္ဒာနှင့် သမဏုဒ္ဒေသ အမည်ရသောအသျှင်စုန္ဒသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော်အသျှင်အာနန္ဒာ သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရားသမဏုဒ္ဒေသအမည်ရသော ဤအသျှင် စုန္ဒသည် ‘အသျှင်ဘုရား အသျှင်သာရိပုတြာသည် ပရိနိဗ္ဗာန်ပြုပါပြီ၊ ဤသည်ကား အသျှင်သာရိပုတြာ၏ သပိတ်သင်္ကန်းပါတည်း’ဟု လျှောက်၏။ အသျှင်ဘုရားအသျှင်သာရိပုတြာသည် ပရိနိဗ္ဗာန်ပြုပြီဟု ကြားရ သောကြောင့် စင်စစ်အားဖြင့် တပည့်တော်၏ကိုယ်သည် လေးလံတောင့်တင်းသကဲ့သို့ ဖြစ်ပါ၏၊ အရပ် မျက်နှာတို့သည်လည်း တပည့်တော်အားမထင်ပါကုန်၊ တရားတို့သည်လည်း တပည့်တော်အား မထင်ပါ ကုန်”ဟု လျှောက်၏။
အာနန္ဒာ သာရိပုတြာသည် သင်၏ သီလအစုကို ယူ၍ ပရိနိဗ္ဗာန်ပြုသလော၊ သမာဓိအစုကို ယူ၍ပရိနိဗ္ဗာန်ပြုသလော၊ ပညာအစုကို ယူ၍ ပရိနိဗ္ဗာန်ပြုသလော၊ လွတ်မြောက်မှု ‘ဝိမုတ္တိ’ (အရဟတ္တမဂ် အရဟတ္တဖိုလ်) အစုကို ယူ၍ ပရိနိဗ္ဗာန်ပြုသလော၊ လွတ်မြောက်မှုကို သိသောဝိမုတ္တိဉာဏ်အမြင် (ပစ္စဝေက္ခဏာ ဉာဏ်) အစုကို ယူ၍ ပရိနိဗ္ဗာန်ပြုသလောဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား အသျှင်သာရိပုတြာသည် တပည့်တော်၏ သီလအစုကို ယူ၍ ပရိနိဗ္ဗာန် မပြုပါ၊ သမာဓိအစု။ပ။ ပညာအစု။ပ။ လွတ်မြောက်မှု ‘ဝိမုတ္တိ’ (အရဟတ္တမဂ် အရဟတ္တဖိုလ်) အစု။ပ။
ဝိမုတ္တိဉာဏ်အမြင် (ပစ္စဝေက္ခဏာဉာဏ်) အစုကို ယူ၍ ပရိနိဗ္ဗာန် မပြုပါ။ အသျှင်ဘုရား စင်စစ်သော်ကားအသျှင်သာရိပုတြာသည် တပည့်တော်အား ဆုံးမပါ၏၊ (တရား၌) သက်ဝင်စေပါ၏၊ (တရားကို) သိစေပါ၏၊ (တရားကို) ကောင်းစွာ ပြပါ၏၊ (တရားကို) ဆောက် တည်စေပါ၏၊ (တရားကျင့်သုံးရန်) ထက်သန်စေပါ၏၊ ရွှင်လန်းစေပါ၏၊ တရားဟောရန် ကြောင့်ကြစိုက်ပါ ၏၊ သီတင်းသုံးဖော်တို့ကို့ချီးမြှောက်တတ်ပါ၏၊ တပည့်တော်တို့သည် အသျှင်သာရိပုတြာ၏ ထိုတရား သြဇာ တရားအသုံးအဆောင်တရားတော်ဖြင့် ချီးမြှောက်မှုကို မပြတ် အောက်မေ့မိပါကုန်၏ဟု (လျှောက် ၏)။
အာနန္ဒာ အလုံးစုံသော ချစ်အပ်သော နှလုံးကို ပွါးစေတတ်သော သူတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲကွဲရခြင်း ဘဝတခြားစီ ဖြစ်ရခြင်းကို ရှေးမဆွကပင် ငါ ဟောထားအပ်သည် မဟုတ်ပါလော။ အာနန္ဒာ”ဖြစ်ခြင်း ကြီးပွါးခြင်း ပြုပြင်ရခြင်း ပျက်စီးခြင်းသဘောရှိသော တရားကို စင်စစ်အားဖြင့် မပျက်စီးပါလင့်”ဟု ဤသို့သော တောင့်တခြင်းကို ဤအရာ၌ အဘယ်မှာလျှင် ရနိုင်ပါမည်နည်း၊ ဤအကြောင်းမျိုးသည် မရှိပေ။ အာနန္ဒာ အနှစ်ရှိသော သစ်ပင်ကြီးသည် တည်ရှိနေစဉ် အကြီးဆုံးသောအကိုင်းသည်ပျက်စီးရာသကဲ့သို့ အာနန္ဒာ ထို့အတူပင် အနှစ်ရှိသော များစွာသော ရဟန်းအပေါင်းသည် တည်ရှိနေစဉ်သာရိပုတြာသည် ပရိနိဗ္ဗာန်ပြုပြီ။ အာနန္ဒာ “ဖြစ်ခြင်း ကြီးပွါးခြင်း ပြုပြင်ရခြင်း ပျက်စီးခြင်းသဘောရှိသော တရားကို စင်စစ်အားဖြင့် မပျက်စီးပါလင့်”ဟု ဤသို့သော တောင့်တခြင်းကို ဤအရာ၌အဘယ်မှာ လျှင် ရနိုင်ပါမည်နည်း၊ ဤအကြောင်းမျိုးသည် မရှိပေ။ အာနန္ဒာ ထို့ကြောင့်ပင် သူတစ်ပါးကိုအားမကိုး ကြမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေကြကုန်လော့၊ အခြားတရားကို အားမကိုးကြမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေကြကုန်လော့။
အာနန္ဒာ ရဟန်းသည် အဘယ်သို့လျှင် သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာနေရသနည်း၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေရသနည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။
ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အာနန္ဒာ ဤသို့လျှင် ရဟန်းသည် သူတစ်ပါးကို အားမကိုးမူ၍မိမိကိုယ်ကို မှီခိုအားကိုးကာ နေရ၏၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကိုမှီခိုအားကိုးကာ နေရ၏။
အာနန္ဒာ ယခုအခါ၌လည်းကောင်း၊ ငါဘုရား ကွယ်လွန်သောအခါ၌လည်းကောင်း သူတစ်ပါးကိုအားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကြလျက် အခြားတရားကို အားမကိုးကြမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေကြမည့် ရဟန်းအားလုံးတို့သည် သိက္ခာသုံးပါးကို အလိုရှိသော ရဟန်းအားလုံးတို့ထက် အမြတ်ဆုံး ဖြစ်ကြပေလိမ့်မည်ဟု (မိန့်တော်မူ၏)။
တတိယသုတ်။