သံယုတ္တနိကာယ်—၄၇
၂—နာလန္ဒဝဂ်
၄—ဥက္ကစေလသုတ်
၃၈ဝ။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာမောဂ္ဂလာန်တို့ ပရိနိဗ္ဗာန်ပြု၍ မကြာမီမြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဥက္ကစေလာမြို့ ဂင်္ဂါမြစ်ကမ်း၌ များစွာသော ရဟန်းသံဃာနှင့် အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာ ခြံရံတော်မူလျက်လွင်တီး ခေါင်၌ ထိုင်နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် တိတ်ဆိတ်စွာ နေသော ရဟန်းသံဃာကို စောင်းငဲ့ကြည့်ရှုတော်မူ၍ရဟန်းတို့ကို မိန့်တော်မူ၏—ရဟန်းတို့ ငါ၏ ဤပရိသတ်သည် သာရိပုတြာနှင့် မောဂ္ဂလာန်တို့ ပရိနိဗ္ဗာန်ပြုကုန်ပြီးသော် စင်စစ်အားဖြင့် ဆိတ်သုဉ်းသကဲ့သို့ ထင်ရ၏၊ ရဟန်းတို့ ငါ၏ ပရိသတ်သည် မဆိတ်သုဉ်း၊ သာရိပုတြာနှင့် မောဂ္ဂလာန်တို့ နေရာအရပ်ကို ငဲ့ကွက်ခြင်း မရှိ။ ရဟန်းတို့ ရှေးအခါ၌့ပွင့်တော်မူ ကုန်ပြီးသော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ် တော်မူကုန်သော မြတ်စွာဘုရားတို့အား ငါ၏ (တပည့်အစုံဖြစ်သော) သာရိပုတြာနှင့်မောဂ္ဂလာန်တို့ကဲ့သို့ ထိုအတိုင်းအရှည် ရှိသည်သာ ဖြစ်သော တပည့်အစုံ ဖြစ်ခဲ့ဖူးပြီ။ ရဟန်းတို့နောင်အခါ၌ ပွင့်တော်မူမည့် ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ်တော်မူကုန်သော မြတ်စွာဘုရားတို့အားလည်း ငါ၏ (တပည့်အစုံဖြစ်သော) သာရိပုတြာနှင့် မောဂ္ဂလာန်တို့ကဲ့သို့ ထိုအတိုင်း အရှည် ရှိသည်သာ ဖြစ်သော တပည့်အစုံ ဖြစ်လိမ့်မည်။
ရဟန်းတို့ တပည့် ‘သာဝက’ တို့၏ (အဖြစ်မျိုးသည်) အံ့သြဖွယ် ဖြစ်ပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မြတ်စွာဘုရား၏ ဆုံးမချက်ကို လိုက်နာကုန်ဘိ၏၊ သွန်သင်ချက်ကို လိုက်နာပြုလုပ်ကုန်ဘိ၏၊ ပရိသတ်လေးပါးတို့သည် ချစ်အပ် မြတ်နိုးအပ်ကုန်သည် ဖြစ်၍ အလေးပြုအပ် နှလုံးကို ပွါးစေတတ်ကုန်၏။ ရဟန်းတို့ မြတ်စွာဘုရား၏ (အဖြစ်မျိုးသည်) အံ့သြဖွယ် ဖြစ်ပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွ။ ဤသို့သဘောရှိသော တပည့် ‘သာဝက’ အစုံသည် ပရိနိဗ္ဗာန်ပြုပါသော်လည်း မြတ်စွာဘုရားအား စိုးရိမ် ပူဆွေးခြင်းသည်လည်းကောင်း၊ ငိုကြွေးခြင်းသည်လည်းကောင်း မရှိပေ။ “ဖြစ်ခြင်း ကြီးပွါးခြင်း ပြုပြင်ရခြင်းပျက် စီးခြင်းသဘောရှိသော တရားကို စင်စစ်အားဖြင့် မပျက်စီးပါစေလင့်”ဟု ဤသို့သောတောင့်တခြင်းကို ဤအရာ၌ အဘယ်မှာလျှင် ရနိုင်ပါမည်နည်း၊ ဤအကြောင်းမျိုးလည်း မရှိပေ။ ရဟန်းတို့ အနှစ်ရှိသော သစ်ပင်ကြီးသည် တည်ရှိနေစဉ် အကြီးဆုံး အကိုင်းတို့သည်ပျက်စီးကုန်ရာသကဲ့သို့ ရဟန်းတို့ ထို့ အတူပင် အနှစ်ရှိသော များစွာသော ရဟန်းအပေါင်းသည်တည်ရှိနေစဉ် သာရိပုတြာနှင့် မောဂ္ဂလာန်တို့ သည် ပရိနိဗ္ဗာန်ပြုကုန်ပြီ။ “ဖြစ်ခြင်း ကြီးပွါးခြင်းပြုပြင်ရခြင်း ပျက်စီးခြင်းသဘောရှိသော တရားကို စင်စစ်အားဖြင့် မပျက်စီးပါစေလင့်”ဟု ဤသို့သောတောင့်တခြင်းကို ဤအရာ၌ အဘယ်မှာလျှင် ရနိုင်ပါ မည်နည်း၊ ဤအကြောင်းမျိုးလည်း မရှိပေ။
ရဟန်းတို့ ထို့ကြောင့် သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေကြကုန်လော့၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေကြကုန်လော့။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာနေရသနည်း၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေရသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။
ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သူတစ်ပါးကိုအားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေရ၏၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေရ၏။
ရဟန်းတို့ ယခုအခါ၌လည်းကောင်း၊ ငါဘုရား ကွယ်လွန်သောအခါ၌လည်းကောင်း သူတစ်ပါးကိုအားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကြလျက် အခြားတရားကို အားမကိုးကြမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေကြမည့် ရဟန်းအားလုံးတို့သည် သိက္ခာသုံးပါးကို အလိုရှိသော ရဟန်းအားလုံးတို့ထက် အမြတ်ဆုံး ဖြစ်ကြပေလိမ့်မည်ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။