သံယုတ္တနိကာယ်—၄၇
၁—အမ္ဗပါလိဝဂ်
၈—သူဒသုတ်
၃၇၄။ ရဟန်းတို့ ဥပမာသော်ကား မကျွမ်းကျင်မလိမ္မာသော စားတော်ကဲမိုက်သည် မင်းကိုလည်းကောင်း၊ မင်း၏ အမတ်ကြီးကိုလည်းကောင်း အမျိုးမျိုး စီမံအပ်သော ဟင်းတို့ဖြင့် ရှေ့သို့ ဆောင်ကာဆက်သရာ၏။ ချဉ်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ ခါးသောအရသာရှိသောဟင်းတို့ဖြင့် လည်းကောင်း၊ စပ်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ ချိုသောအရသာရှိသော ဟင်းတို့ဖြင့် လည်းကောင်း၊ ငန်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ မငန်သောအရသာရှိသော ဟင်းတို့ ဖြင့်လည်းကောင်း၊ ဆားပါသော ဟင်းတို့ဖြင့်လည်းကောင်း၊ ဆားမပါသော ဟင်းတို့ဖြင့်လည်းကောင်း ရှေ့ သို့ ဆောင်ကာ ဆက်သရာ၏။
ရဟန်းတို့ မကျွမ်းကျင်မလိမ္မာသော ထိုစားတော်ကဲမိုက်သည် မိမိထမင်း၏ အကြောင်းကို မမှတ်ယူ—“ယနေ့ ငါ၏ ထမင်းဟင်းကိုလည်း နှစ်သက်၏၊ ဤထမင်းဟင်းကိုလည်း လက်လှမ်း၏၊ ဤထမင်းဟင်းကိုလည်း များစွာ ယူ၏၊ ဤထမင်းဟင်းကိုလည်း ချီးမွမ်းပြောဆို၏။ ယနေ့ ငါ၏ ချဉ်သောအရသာ ရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏၊ ချဉ်သောအရသာရှိသော ထမင်းဟင်းကိုလည်းလက်လှမ်း၏၊ ချဉ်သောအရသာရှိသော ထမင်းဟင်းကိုလည်း များစွာ ယူ၏၊ ချဉ်သောအရသာရှိသောထမင်းဟင်းကို လည်း ချီးမွမ်းပြောဆို၏။ ယနေ့ ငါ၏ ခါးသောအရသာရှိသော ထမင်းဟင်းကိုလည်းနှစ်သက်၏။ ယနေ့ ငါ၏ စပ်သောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ချိုသောအရသာ ရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ ငန်သောအရသာရှိသောထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ မငန်သောအရသာရှိသော ထမင်းဟင်းကိုလည်းနှစ်သက်၏။ ယနေ့ ငါ၏ ဆားပါသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ ဆားမပါသောထမင်းဟင်းကိုလည်း နှစ် သက်၏၊ ဆားမပါသော ထမင်းဟင်းကိုလည်း လက်လှမ်း၏၊ ဆားမပါသောထမင်းဟင်းကိုလည်း များစွာ ယူ၏၊ ဆားမပါသော ထမင်းဟင်းကိုလည်း ချီးမွမ်းပြောဆို၏”ဟုမိမိထမင်း၏ အကြောင်းကို မမှတ်ယူ။
ရဟန်းတို့ မကျွမ်းကျင်မလိမ္မာသော ထိုစားတော်ကဲမိုက်သည် အဝတ်ကိုလည်း မရ၊ အခ (လစာ) ကိုလည်း မရ၊ ရှေးရှူဆောင်အပ်သော ဆုလာဘ်တို့ကိုလည်း မရပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ မကျွမ်းကျင်မလိမ္မာသော ထိုစားတော်ကဲမိုက်သည် မိမိထမင်း၏ အကြောင်းကို မမှတ်ယူသောကြောင့်တည်း။
ရဟန်းတို့ ဤအတူပင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ့်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းမိုက်၏ စိတ်သည် မတည်ကြည်၊ ညစ်ညူးစေတတ်သော ကိလေသာတို့ကိုလည်း မပယ်နိုင်ကုန်၊ ထိုရဟန်းမိုက်သည် ထိုအာရုံကို မမှတ်ယူ။ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော။ပ။ စိတ်၌ စိတ်ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေသော။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းမိုက်၏ စိတ်သည် မတည်ကြည်၊ ညစ်ညူးစေတတ်သော ကိလေသာတို့ကိုလည်း မပယ်နိုင်ကုန်၊ ထိုရဟန်းမိုက်သည် ထိုအာရုံကို မမှတ်ယူ။
ရဟန်းတို့ မကျွမ်းကျင်မလိမ္မာသော ထိုရဟန်းမိုက်သည် မျက်မှောက်ဘဝ၌ပင် ချမ်းသာစွာ နေရခြင်းတို့ကိုလည်း မရနိုင်၊ သတိသမ္ပဇဉ်ကိုလည်း မရနိုင်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ မကျွမ်းကျင်မလိမ္မာသော ထိုရဟန်းမိုက်သည် မိမိစိတ်၏ အာရုံကို မမှတ်ယူသောကြောင့်တည်း။
ရဟန်းတို့ ဥပမာသော်ကား ကျွမ်းကျင်လိမ္မာသော ပညာရှိစားတော်ကဲသည် မင်းကိုလည်းကောင်း၊ မင်း၏ အမတ်ကြီးကိုလည်းကောင်း အမျိုးမျိုးသော ဟင်းတို့ဖြင့် ရှေ့သို့ ဆောင်ကာ ဆက်သရာ၏။ ချဉ်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ ခါးသောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ စပ်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ ချိုသောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ ငန်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ မငန်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ ဆားပါသော ဟင်းတို့ဖြင့်လည်းကောင်း၊ ဆားမပါသော ဟင်းတို့ဖြင့်လည်းကောင်း ရှေ့သို့ဆောင်ကာ ဆက်သရာ၏။
ရဟန်းတို့ ထိုကျွမ်းကျင်လိမ္မာသော ပညာရှိစားတော်ကဲသည် မိမိထမင်း၏ အကြောင်းကို မှတ်ယူ ၏ —“ယနေ့ ငါ၏ ဤထမင်းဟင်းကိုလည်း နှစ်သက်၏၊ ဤထမင်းဟင်းကိုလည်း လက်လှမ်း၏၊ ဤထမင်းဟင်းကိုလည်း များစွာ ယူ၏၊ ဤထမင်းဟင်းကိုလည်း ချီးမွမ်းပြောဆို၏။ ယနေ့ ငါ၏ ချဉ်သောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏၊ ချဉ်သောအရသာရှိသော ထမင်းဟင်းကိုလည်း လက်လှမ်း၏၊ ချဉ်သောအရသာရှိသော ထမင်းဟင်းကိုလည်း များစွာယူ၏၊ ချဉ်သောအရသာရှိသော ထမင်းဟင်းကိုလည်း ချီးမွမ်းပြောဆို၏။ ယနေ့ ငါ၏ ခါးသောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ စပ်သောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ ချိုသောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ ငန်သောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ မငန်သောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ငါ၏ ဆားပါသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ ဆားမပါသော ထမင်းဟင်းကိုလည်းနှစ်သက်၏၊ ဆားမပါသော ထမင်းဟင်းကိုလည်း လက်လှမ်း၏၊ ဆားမပါသော ထမင်းဟင်းကိုလည်းများစွာ ယူ၏၊ ဆားမပါသော ထမင်းဟင်းကိုလည်း ချီးမွမ်းပြောဆို၏”ဟု မိမိထမင်း၏ အကြောင်းကိုမှတ်ယူ၏။
ရဟန်းတို့ ထိုကျွမ်းကျင်လိမ္မာသော ပညာရှိစားတော်ကဲသည် အဝတ်ကိုလည်း ရ၏၊ အခ (လစာ) ကိုလည်း ရ၏၊ ရှေးရှူဆောင်အပ်သော ဆုလာဘ်တို့ကိုလည်း ရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုကျွမ်းကျင်လိမ္မာသော ပညာရှိစားတော်ကဲသည် မိမိထမင်း၏ အကြောင်းကို မှတ်ယူသောကြောင့်တည်း။
ရဟန်းတို့ ဤအတူပင် ဤသာသနာတော်၌ ကျွမ်းကျင်လိမ္မာသောအချို့ ပညာရှိရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌့အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိ သည်ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုပညာရှိရဟန်းရှိ၏ စိတ်သည် တည်ကြည်၏၊ ညစ်ညူးစေတတ်သော ကိလေသာတို့ကိုလည်း ပယ်ကုန်၏၊ ထိုပညာရှိရဟန်းသည် ထိုအာရုံကို မှတ်ယူ၏။ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေသော။ပ။ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော။ပ။ ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုပညာရှိရဟန်း၏ စိတ်သည် တည်ကြည်၏၊ ညစ်ညူးစေတတ်သော ကိလေသာတို့ကိုလည်း ပယ်ကုန်၏၊ ထိုပညာရှိရဟန်းသည် ထိုအာရုံကို မှတ်ယူ၏။
ရဟန်းတို့ ကျွမ်းကျင်လိမ္မာသော ထိုရဟန်းပညာရှိသည် မျက်မှောက်ဘဝ၌ပင် ချမ်းသာစွာ နေရခြင်းကိုလည်း ရနိုင်၏၊ သတိသမ္ပဇဉ်ကိုလည်း ရနိုင်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ကျွမ်းကျင်လိမ္မာသော ရဟန်းပညာရှိသည် မိမိစိတ်၏ အာရုံကို မှတ်ယူနိုင်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။