သံယုတ္တနိကာယ်—၈

၇—ပဝါရဏာသုတ်

၂၁၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ အလုံးစုံ ရဟန္တာချည်းဖြစ်ကုန်သော ငါးရာအတိုင်းအရှည်ရှိသော များစွာသော ရဟန်းသံဃာနှင့် အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့၌ ပဝါရဏာပြုအံ့သောငှါ ရဟန်းအပေါင်း ခြံရံလျက် လွင်တီးခေါင်၌ နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား သည် ဆိတ်ဆိတ်နေသော ရဟန်းသံဃာကို စောင့်ငဲ့ကြည့်ရှုတော်မူ၍ ရဟန်းတို့အား “ရဟန်းတို့ ယခု အခါ၌ ငါဘုရားသည် သင်တို့အား ဖိတ်ကြား၏၊ ငါ၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို သင်တို့ မကဲ့ရဲ့ဘဲ ရှိကြကုန်၏လော”ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသော် အသျှင်သာရိပုတ္တရာသည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ အပေါ်ရုံကို တင်ကာ မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို မကဲ့ရဲ့လိုပါကုန်။ အသျှင်ဘုရား မှန်ပါ၏၊ မြတ်စွာဘုရားသည် (သူတစ်ပါးတို့) မဖြစ်စေနိုင်သော မဂ်ကို ဖြစ်စေတော်မူပါ၏၊ မသိစေနိုင်သော မဂ်ကို သိစေတော်မူနိုင်ပါ၏၊ မဟောနိုင်သော မဂ်တရားကို ဟော တော်မူနိုင်ပါ၏၊ မဂ်ကို ထိုးထွင်းသိတော်မူပါ၏၊ မဂ်ကို သိမြင်တော်မူပါ၏၊ မဂ်၌ လိမ္မာတော်မူပါ၏။ အသျှင် ဘုရား (ရှေ့သွားဖြစ်သော မြတ်စွာဘုရား၏) နောက်လိုက်တပည့်တို့သည် မဂ်သို့ အစဉ်လိုက်ကုန်သည် မဂ်နှင့် ပြည့်စုံကုန်သည် ဖြစ်၍သာလျှင် နေကြပါကုန်၏၊ အသျှင်ဘုရား့အကျွန်ုပ်သည်လည်း မြတ်စွာဘုရားကို ဖိတ်ကြားပါ၏၊ အကျွန်ုပ်၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို မြတ်စွာဘုရား သည် ကဲ့ရဲ့တော် မမူဘဲ ရှိပါ၏လော”ဟု လျှောက်၏။

သာရိပုတ္တရာ “ငါဘုရားသည် သင်၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို မကဲ့ရဲ့လို၊ သာရိပုတ္တရာ သင်သည် ပညာရှိ၏၊ သာရိပုတ္တရာ သင်သည် ကြီးသော ပညာရှိ၏၊ သာရိပုတ္တရာ သင်သည် မြေကြီးအထုနှင့် တူသော ပညာရှိ၏၊ သာရိပုတ္တရာ သင်သည် ရွှင်သော ပညာရှိ၏၊ သာရိပုတ္တရာ သင်သည် လျင်မြန်သော ပညာရှိ၏၊ သာရိပုတ္တရာ သင်သည် ထက်သော ပညာရှိ၏၊ သာရိပုတ္တရာ သင်သည် ထိုးထွင်း နိုင်သော ပညာရှိ၏၊ သာရိပုတ္တရာ စကြဝတေးမင်း၏ သားကြီးသည် အဖလည်စေအပ်သော အာဏာစက်ကို သင့်သော အကြောင်းဖြင့်သာလျှင် အတုလိုက်၍ လည်စေသကဲ့သို့ သာရိပုတ္တရာ ဤအတူသာလျှင် သင် သည် ငါဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက်ကို သင့်သော အကြောင်းဖြင့်သာလျှင် အတု လိုက်၍ လည်စေ၏”ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို အကယ်၍ မကဲ့ရဲ့လိုသည် ဖြစ်အံ့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ဤငါးရာသော ရဟန်းတို့၏ တစ်စုံ တစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို ကဲ့ရဲ့တော်မမူဘဲ ရှိပါ၏လော”ဟု လျှောက်၏။ “သာရိပုတ္တရာ ငါဘုရားသည် ဤငါးရာသော ရဟန်းတို့၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို မကဲ့ရဲ့လို။ သာရိပုတ္တရာ မှန်၏၊ ဤငါးရာသော ရဟန်းတို့တွင် ခြောက်ကျိပ်ကုန်သော ရဟန်းတို့သည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံကုန်၏၊ ခြောက်ကျိပ်ကုန်သော ရဟန်းတို့သည် အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံကုန်၏၊ ခြောက်ကျိပ် ကုန်သော ရဟန်းတို့သည် နှစ်ပါးသော အဖို့မှ လွတ်မြောက်သူ ‘ဥဘတောဘာဂဝိမုတ္တ’ ဖြစ်ကုန်၏၊ ဤမှ တစ်ပါးကုန်သော ရဟန်းတို့သည် ပညာဖြင့် လွတ်မြောက်သူ ‘ပညာဝိမုတ္တ’ ဖြစ်ကုန်၏”ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ အပေါ်ရုံကို တင်လျက် မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီကာ မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏။ “ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်သော ဂါထာတို့ဖြင့် ချီးကျူး၏—

“သံယောဇဉ် အနှောင်အဖွဲ့တို့ကို ဖြတ်ကုန်သော ဆင်းရဲ မရှိကုန်သော ကုန်ပြီး သော ဘဝသစ်ရှိကုန်သော ရဟန္တာချည်း ဖြစ်ကုန်သော ငါးရာကုန်သော ရဟန်းတို့သည် တစ်ဆယ့်ငါးရက်မြောက်ဖြစ်သော ဤနေ့၌ စင်ကြယ်စွာ ပဝါရဏာပြုခြင်း ငှါ အညီအညွတ် စည်းဝေးကုန်၏။

အမတ်အပေါင်း ဝန်းရံအပ်သော စကြဝတေးမင်းသည် သမုဒ္ဒရာအဆုံးရှိသော ဤ မြေကြီးကို အစဉ်လှည့်လည်သကဲ့သို့ ထို့အတူ အောင်အပ်ပြီးသော (ရာဂ , ဒေါသ, မောဟဟု ဆိုအပ်သော) စစ်မြေပြင်ရှိသော, ယာဉ်မှူးသဖွယ်လည်း ဖြစ်သော, အတု မရှိသော မြတ်စွာဘုရားကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံကုန်သော , မစ္စုမာရ်ကို ပယ်ကုန် ပြီးသော တပည့်တို့သည် ဆည်းကပ်ကြကုန်၏။

အလုံးစုံသော ပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရား၏ သားတော်တို့တည်း၊ ဤ သားတော်တို့ အတွင်းဝယ် (သီလ မရှိသူ) အဖျင်း မရှိ၊ တဏှာဟူသော ငြောင့် တံသင်းကို ပယ်နုတ်တော်မူပြီးသော နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားကို အကျွန်ုပ် ရှိခိုးပါ၏”ဟု (ချီးကျူး၏)။