ဥဒါန်းပါဠိတော်
၂-သတ္တဇဋိလသုတ်
၅၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါတစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူ၍ ပြာသာဒ်တံခါးမုခ်ပြင်ပ၌ နေတော်မူ၏။ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေ၏။
ထိုအခါ၌ ဆံကျစ်ရသေ့ခုနစ်ယောက်တို့သည်လည်းကောင်း၊ နိဂဏ္ဌတိတ္ထိခုနစ်ယောက်တို့သည်လည်းကောင်း၊ အဝတ်မဝတ်သော အစေလကခုနစ်ယောက်တို့သည်လည်းကောင်း၊ အဝတ်တစ်ထည်သာဝတ်သောတိတ္ထိခုနစ်ယောက်တို့သည်လည်းကောင်း၊ ပရိဗိုဇ်ခုနစ်ယောက်တို့သည်လည်းကောင်းရှုပ်ရှုပ်ထွေးထွေး ပေါက်ရောက်သော လက်ကတီးမွေး ရှည်သော ခြေသည်းလက်သည်းကိုယ်ရေအမွေးရှိကုန်လျက် အထူး ထူးသော ထမ်းပိုးပရိက္ခရာတို့ကို ယူကုန်၍ မြတ်စွာဘုရား၏မနီးမဝေးမှ ဖြတ်သန်းသွားကြကုန်၏။
ပသေနဒီကောသလမင်းသည် ထိုဆံကျစ်ရသေ့ခုနစ်ယောက်တို့ကိုလည်းကောင်း၊ နိဂဏ္ဌတိတ္ထိ ခုနစ်ယောက်တို့ကိုလည်းကောင်း၊ အဝတ်မဝတ်သော အစေလကခုနစ်ယောက်တို့ကိုလည်းကောင်း၊ အဝတ်တစ်ထည်သာ ဝတ်သောတိတ္ထိခုနစ်ယောက်တို့ကိုလည်းကောင်း၊ ပရိဗိုဇ်ခုနစ်ယောက်တို့ကိုလည်းကောင်း ရှုပ်ရှုပ်ထွေးထွေး ပေါက်ရောက်သော လက်ကတီးမွေး ရှည်သော ခြေသည်းလက်သည်းကိုယ်ရေအမွေးရှိကုန်လျက် အထူးထူးသော ထမ်းပိုးပရိက္ခရာတို့ကို ယူကုန်၍ မြတ်စွာဘုရား၏ မနီးမဝေးမှ ဖြတ်သန်းသွားသည်တို့ကို မြင်၍ နေရာမှထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်၍ လကျာ်ပုဆစ်ဒူးဝန်းကို မြေ၌ ထောက်လျက် ဆံကျစ်တိတ္ထိခုနစ်ယောက် နိဂဏ္ဌတိတ္ထိခုနစ်ယောက် အဝတ်မဝတ်သော အစေလကခုနစ်ယောက် အဝတ်တစ်ထည်သာ ဝတ်သောတိတ္ထိခုနစ်ယောက် ပရိဗိုဇ်ခုနစ်ယောက်တို့ထံသို့ လက်အုပ်ချီလျက် ''အသျှင်ဘုရားတို့ တပည့်တော်သည် ပသေနဒီကောသလမင်းပါတည်း။ အသျှင်ဘုရားတို့ တပည့်တော်သည် ပသေနဒီကောသလမင်းပါတည်း။ အသျှင်ဘုရားတို့ တပည့်တော်သည်ပသေနဒီကောသလမင်းပါတည်း''ဟု သုံးကြိမ်တိုင်တိုင် အမည်ကို ပြောကြား၏။
ထို့နောက် ပသေနဒီကောသလမင်းသည် ထိုဆံကျစ်တိတ္ထိခုနစ်ယောက် နိဂဏ္ဌတိတ္ထိခုနစ်ယောက်အဝတ်မဝတ်သော အစေလကခုနစ်ယောက် အဝတ်တစ်ထည်သာ ဝတ်သောတိတ္ထိခုနစ်ယောက် ပရိဗိုဇ်ခုနစ်ယောက်တို့ ဖဲသွား၍ မကြာမီ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ''အသျှင်ဘုရား လောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့ဟူ၍သော်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သော ပုဂ္ဂိုလ်တို့ဟူ၍သော်လည်းကောင်းရှိကြသည့် ပုဂ္ဂိုလ်တို့တွင် ထိုပုဂ္ဂိုလ်တို့သည် တစ်ပါးအပါအဝင်ပါတည်း''ဟု (လျှောက်၏)။
မင်းကြီး ကာမစည်းစိမ်ခံစားသူ သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိမ်ရာ၌ နေထိုင်ကာကာသိတိုင်းဖြစ် စန္ဒကူးကို မပြတ်ခံစားလျက် ပန်းနံ့သာ နံ့သာပျောင်းကို ဆောင်သူ ရွှေငွေကိုသာယာသည့် လူဖြစ်သော သင်မင်းကြီးသည် ''ဤသူတို့ကား ရဟန္တာပုဂ္ဂိုလ်တို့တည်း။ ဤသူတို့ကားအရဟတ္တ မဂ်သို့ ရောက်သူတို့တည်း''ဟု သိနိုင်ခဲ၏။
မင်းကြီး အတူတကွ နေထိုင်ခြင်းဖြင့်သာ သီလကို သိနိုင်၏။ ယင်းသီလကိုလည်း ရှည်ကြာစွာအတူတကွ နေထိုင်ခြင်းဖြင့်သာ သိနိုင်၏။ တစ်ခဏမျှ နေထိုင်ခြင်းဖြင့် မသိနိုင်၊ စဉ်းစားဆင်ခြင်သူမှသာသိနိုင်၏။ မစဉ်းစားသူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်။
မင်းကြီး အတူတကွ စကားပြောခြင်းဖြင့်သာ စင်ကြယ်သည်၏ အဖြစ်ကို သိနိုင်၏။ ယင်းကိုလည်းရှည်ကြာစွာ ပြောဆိုဖူးမှသာ သိနိုင်၏။ တစ်ခဏမျှ ပြောဆိုကာမျှဖြင့် မသိနိုင်၊ စဉ်းစားဆင်ခြင်သူမှသာ သိနိုင်၏။ မစဉ်းစားမဆင်ခြင်သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်။
မင်းကြီး ဘေးရန်တွေ့ကြုံသောအခါတို့၌ ဉာဏ်အားစွမ်းကို သိနိုင်၏။ ယင်းကိုလည်း အခါ များစွာဘေးရန်တွေ့ကြုံမှသာ သိနိုင်၏။ တစ်ရံတစ်ခါ တွေ့ကြုံကာမျှဖြင့် မသိနိုင်၊ စဉ်းစားဆင်ခြင်သူမှသာသိနိုင်၏။ မစဉ်းစားမဆင်ခြင်သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်။
မင်းကြီး အတူတကွ တရားစကား ဆွေးနွေးခြင်းဖြင့်သာ ပညာကို သိနိုင်၏။ ယင်းကိုလည်း ကာလရှည်စွာ ဆွေးနွေးခြင်းဖြင့်သာ သိနိုင်၏။ တစ်ခဏမျှ ဆွေးနွေးခြင်းဖြင့် မသိနိုင်၊ စဉ်းစားဆင်ခြင် သူမှသာသိနိုင်၏။ မစဉ်းစားမဆင်ခြင်သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရားအံ့သြဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ''မင်းကြီး ကာမစည်းစိမ်၌ ခံစားသူ သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိမ်ရာ၌ နေထိုင်ကာ ကာသိတိုင်းဖြစ် စန္ဒကူးကို မပြတ်ခံစားလျက် ပန်းနံ့သာ နံ့သာပျောင်းကို ဆောင်သူ ရွှေငွေကိုသာယာသည့် လူဖြစ်သော သင်မင်းကြီးသည် ''ဤသူတို့ကား ရဟန္တာပုဂ္ဂိုလ်တို့တည်း။ ဤသူတို့ကားအရဟတ္တမဂ်သို့ ရောက်သူတို့တည်း''ဟု သိနိုင်ခဲ၏။ မင်းကြီး အတူတကွ နေထိုင်ခြင်းဖြင့်သာ သီလကို သိနိုင်၏။ပ။ မင်းကြီး အတူတကွ တရားစကား ဆွေးနွေးခြင်းဖြင့်သာ ပညာကို သိနိုင်၏။ ယင်းကိုလည်း ကာလရှည်စွာ ဆွေးနွေးခြင်းဖြင့်သာ သိနိုင်၏။ တစ်ခဏမျှ ဆွေးနွေးခြင်းဖြင့် မသိနိုင်၊ စဉ်းစားဆင်ခြင် သူမှသာ သိနိုင်၏။ မစဉ်းစားမဆင်ခြင် သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်''ဟူသော ဤစကားကို အလွန်ပင် ကောင်းစွာ ဆိုအပ်ပါ၏။
အသျှင်ဘုရား ဤသူတို့သည် တပည့်တော်၏ သူလျှိုယောကျာ်းတို့ပါတည်း။ ဇနပုဒ်ကို စုံစမ်းထောက်လှမ်းကုန်၍ သွားကြပါကုန်၏။ ထိုသူတို့ ရှေးဦးစွာ စုံစမ်းထောက်လှမ်းပြီးသည်ကို တပည့်တော်ကနောက်မှ ပြုလုပ်ဆောင်ရွက်ရပါ၏။ အသျှင်ဘုရား ယခုပင် ထိုသူတို့သည် ထိုမြူအညစ်အကြေးကို ဆေးလျော်ကုန်လျက် ကောင်းစွာ ရေချိုးကုန် ကောင်းစွာ လိမ်းကျံကုန်၍ ဆံမုတ်ဆိတ်ပြုပြင်ကာ အဝတ်ဖြူကို ဝတ်ကုန်၍ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ခံစားကြပေလိမ့်မည်ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ရဟန်းသည် မကောင်းမှု အလုံးစုံတို့၌ လုံ့လမပြုရာ၊ (ရဟန်းအသွင်အပြင်ဖြင့်) သူတစ်ပါး၏အခစားယောကျာ်း မဖြစ်ရာ၊ သူတစ်ပါးကိုမှီ၍ အသက်မမွေးရာ၊ တရားဟောခြင်းဖြင့် (လာဘ်ပူဇော်သကာ) ကုန်သွယ်ခြင်းတို့ကို မပြုကျင့် ရာ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
ဒုတိယသုတ်။