ဥဒါန်းပါဠိတော်
၃-တတိယနိဗ္ဗာနပဋိသံယုတ္တသုတ်
၇၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့်စပ်သောတရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုရဟန်းတို့သည် ့အရိုအသေ ပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာတရားကို နာကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''ရဟန်းတို့ ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ်နေမှုမရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် ရှိ၏။ ရဟန်းတို့ ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ် နေမှု မရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် အကယ်၍ မရှိပါမူ ဤလောက၌ ဖြစ်ပေါ်လာမှု ထင်ရှားဖြစ်နေမှုပြုလုပ်ထားမှု စီရင်ထားမှု သဘောရှိသော ခန္ဓာပဉ္စကမှ ထွက်မြောက်ရာသည် မထင်ရှားရာ။ ရဟန်းတို့အကြင့်ကြောင့် ဖြစ်ပေါ်မှု မရှိသော ထင်ရှားဖြစ်နေမှုမရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် ရှိ၏။ ထို့ကြောင့် သာ ဖြစ်ပေါ်လာမှု ထင် ရှားဖြစ်နေမှု ပြုလုပ်ထားမှုစီရင်ထားမှု သဘောရှိသော ခန္ဓာပဉ္စကမှ ထွက်မြောက် ရာသည် ထင်ရှား၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
တတိယသုတ်။