ဥဒါန်းပါဠိတော်

၄-စတုတ္ထနိဗ္ဗာနပဋိသံယုတ္တသုတ်

၇၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့်စပ်သောတရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုရဟန်းတို့သည် အရိုအသေပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာ တရားကို နာကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''ရုပ်အစရှိသော သင်္ခါရ၌ တဏှာဒိဋ္ဌိတို့ဖြင့်မှီသောသူအား တဏှာဒိဋ္ဌိတို့ဖြင့် တုန်လှုပ်၏။ တဏှာဒိဋ္ဌိတို့ဖြင့် မမှီသောသူအား တုန်လှုပ်မှု မရှိ၊ တုန်လှုပ်မှုမရှိသော် ငြိမ်းအေး၏။ ငြိမ်းအေးမှုရှိလတ်သော် ညွတ်မှုတဏှာ မဖြစ်၊ ညွတ်မှု တဏှာမရှိသော် ပဋိသန္ဓေအားဖြင့် ဤဘဝသို့ လာခြင်း, စုတေအားဖြင့် ထိုဘဝသို့ သွားခြင်း မဖြစ်၊ လာခြင်း သွားခြင်းမရှိသော် စုတေခြင်းပဋိသန္ဓေနေခြင်း မဖြစ်၊ စုတေခြင်း ပဋိသန္ဓေနေခြင်း မရှိသော် မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ နှစ်ပါးစုံဘဝ၌လည်းကောင်း မဖြစ်တော့လတ္တံ့။ ဤသည်ပင်လျှင်ဆင်းရဲ၏အဆုံးတည်း''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

စတုတ္ထသုတ်။