ဥဒါန်းပါဠိတော်
၇-ဒွိဓာပထသုတ်
၇၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အသျှင်နာဂသမာလကို နောက်လိုက်ရဟန်းပြု၍ ကောသလတိုင်း၌ ခရီးရှည်ကြွတော်မူ၏။ အသျှင်နာဂသမာလသည် ခရီးအကြား၌ လမ်းခွဲကို မြင်၍ ''ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသည်ကား လမ်းကောင်းပါတည်း။ ဤလမ်းဖြင့် သွားပါကုန်အံ့''ဟု မြတ်စွာဘုရားအား လျှောက်၏။ ဤသို့ လျှောက်သော်မြတ်စွာဘုရားသည် ''နာဂသမာလ ဤသည်ကား လမ်းကောင်းတည်း။ ဤလမ်းဖြင့် သွားကုန်အံ့''ဟု မိန့်တော်မူ၏။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်နာဂသမာလသည် ''ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသည်ကား လမ်းကောင်းပါတည်း။ ဤလမ်းဖြင့် သွားကြကုန်အံ့''ဟု မြတ်စွာဘုရားအား လျှောက်၏။ သုံးကြိမ်မြောက်လည်း ''နာဂသမာလ ဤသည်ကားလမ်းကောင်းတည်း။ ဤလမ်းဖြင့် သွားကုန်အံ့''ဟု မိန့်တော်မူ၏။
ထို့နောက် အသျှင်နာဂသမာလသည် မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကို ထိုအရပ်မြေကြီးပေါ်၌သာချထားခဲ့၍ ''အသျှင်ဘုရား ဤသည်ကား မြတ်စွာဘုရား၏ သပိတ်သင်္ကန်းပါတည်း''ဟု ဆိုကာဖဲသွား၏။ ထို့နောက် ထိုလမ်းခရီးဖြင့်သွားသော အသျှင်နာဂသမာလအား ခရီးလမ်းအကြား၌ ခိုးသူတို့သည် ထွက်၍ လက်တို့ဖြင့်လည်း ရိုက်နှက်ကုန်၏။ ခြေတို့ဖြင့်လည်း ကန်ကျောက်ကုန်၏။ သပိတ်ကိုလည်း ခွဲကုန်၏။ သင်္ကန်းကိုလည်း ဆုတ်ဖြဲကုန်၏။ ထို့နောက် အသျှင်နာဂသမာလသည်ကွဲသော သပိတ် စုတ်ပြဲသော သင်္ကန်းရှိသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် ''အသျှင်ဘုရား ထိုခရီးလမ်းဖြင့် သွားသောတပည့်တော်အား ခရီးလမ်းအကြား၌ ခိုးသူတို့သည် ထွက်၍ လက်တို့ဖြင့်လည်း ရိုက်နှက်ပါကုန်၏။ ခြေတို့ဖြင့်လည်း ကန်ကျောက်ပါကုန်၏။ သပိတ်ကိုလည်း ခွဲပါကုန်၏။ သင်္ကန်းကိုလည်းဆုတ်ဖြဲပါကုန်၏''ဟု လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ရေရောသော နို့ရည်ကို သောက်သော ကြိုးကြာသည် ရေကို စွန့်သကဲ့သို့ (သစ္စာတရားကို) သိခြင်းသို့ ရောက်သော ပညာရှိသည် အကျိုးရှိသည် မရှိသည်ကို မသိသူနှင့်အတူတကွသွားသော်လည်းကောင်း၊ အတူတကွနေသော်လည်းကောင်း၊ ရောနှောသော်လည်းကောင်းမကောင်းမှုကို စွန့်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
သတ္တမသုတ်။