ဥဒါန်းပါဠိတော်
၈-ဝိသာခါသုတ်
၇၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မိဂါရမာတာဝိသာခါချစ်နှစ်သက်အပ်သော မြေးမသည် ကွယ်လွန်လေ၏။ ထို့နောက် မိဂါရမာတာ ဝိသာခါသည် စိုစွတ်သော အဝတ်စိုစွတ်သော ဆံပင်ရှိသည်ဖြစ်၍ နေ့ခင်းချည်းအချိန်၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေ၏။ တစ်ခုသောအရပ်၌ ထိုင်နေသော မိဂါရမာတာဝိသာခါကို -
ဝိသာခါ စိုစွတ်သော အဝတ် စိုစွတ်သော ဆံပင်ရှိလျက် နေ့ခင်းချည်းအချိန်ဝယ် အဘယ်အရပ်မှ လာ၍ ငါ့ဘုရားထံသို့ ချဉ်းကပ်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တပည့်တော်မ ချစ်နှစ်သက်အပ်သော မြေးမသည် ကွယ်လွန်ခဲ့ပါ၏။ ထို့ကြောင့် တပည့်တော်မသည် စိုစွတ်သော အဝတ် စိုစွတ်သော ဆံပင်ရှိလျက် နေ့ခင်းချည်းအချိန်ဝယ် အသျှင်ဘုရားထံသို့ ချဉ်းကပ်ပါ၏ဟု (လျှောက်၏)။ ဝိသာခါသင်သည်သာဝတ္ထိပြည်၌ ရှိကြသည့် လူတို့လောက်သော သားတို့ကိုလည်းကောင်း၊ မြေးတို့ကိုလည်းကောင်း အလိုရှိသလောဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား တပည့်တော်သည်သာဝတ္ထိပြည်၌ ရှိကြသည့်လူတို့လောက်သော သားတို့ကိုလည်းကောင်း၊ မြေးတို့ကိုလည်းကောင်း အလိုရှိပါသည်ဟု လျှောက်၏။
ဝိသာခါ သာဝတ္ထိပြည် သူပြည် သားတို့သည် နေ့တိုင်းအဘယ်မျှလောက် များပြားစွာ ကွယ်လွန်ကုန်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နေ့တိုင်း သာဝတ္ထိပြည် သားတို့သည် ဆယ်ယောက်တို့လည်းကွယ်လွန်ပါကုန်၏။ အသျှင်ဘုရား သာဝတ္ထိပြည် သားတို့သည် ကိုးယောက် ရှစ်ယောက် ခုနစ်ယောက်ခြောက်ယောက် ငါးယောက် လေးယောက် သုံးယောက် နှစ်ယောက်တို့လည်း ကွယ်လွန်ပါကုန်၏။ အသျှင်ဘုရား နေ့တိုင်း သာဝတ္ထိပြည် သား တစ်ယောက်သော်လည်း ကွယ်လွန်ပါ၏။ အသျှင်ဘုရားသာဝတ္ထိ ပြည် သည် သေသော လူတို့ဖြင့် မဆိတ်ပါဟု (လျှောက်၏)။
ဝိသာခါ ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း? သင်သည် တစ်ခါတစ်ရံမျှ မစိုသော အဝတ် မစိုသော ဆံပင်ရှိသည် ဖြစ်နိုင်ပါတော့မည်လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဤသို့ မဖြစ်နိုင်ပါ၊ အသျှင်ဘုရားထိုမျှလောက် များပြားသော သားတို့ဖြင့်လည်းကောင်း မြေးတို့ဖြင့်လည်းကောင်း တပည့်တော်မအား အကျိုးမရှိတော့ပါဟု (လျှောက်၏)။
ဝိသာခါ တစ်ရာမျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား တစ်ရာမျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ကိုးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား ကိုးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ရှစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အားရှစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ခုနစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား ခုနစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ခြောက်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား ခြောက်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ငါးဆယ်မျှလောက်ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား ငါးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ လေးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား လေးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ သုံးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား သုံးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ နှစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အားနှစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ တစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား တစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု ကိုးခုလောက် ရှိကြသူတို့အားကိုးခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု ရှစ်ခုလောက် ရှိကြသူတို့အား ရှစ်ခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု ခုနစ်ခုလောက် ရှိကြသူတို့အား ခုနစ်ခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု ခြောက်ခုလောက် ရှိကြသူတို့အား ခြောက်ခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု ငါးခုလောက် ရှိကြသူတို့အား ငါးခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု လေးခုလောက် ရှိကြသူတို့အား လေးခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု သုံးခုလောက် ရှိကြသူတို့အား သုံးခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထု နှစ်ခုလောက် ရှိကြသူတို့အား နှစ်ခုသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ချစ်အပ်သော အရာဝတ္ထုတစ်ခုရှိသူအား တစ်ခုသော ဆင်းရဲသည် ဖြစ်၏။ ချစ်အပ်သော အရာဝတ္ထု မရှိကြသူတို့အား ဆင်းရဲမရှိ၊ ''ထိုသူတို့သည် စိုးရိမ်ခြင်း မရှိကုန်။ ကိလေသာမြူ မရှိကုန်။ ပင်ပန်းမှု မရှိကုန်''ဟု ငါ ဟောဆို၏ဟု (မိန့်တော်မူ၏)။
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''လောက၌ များသော သဘောရှိကုန်သော အလုံးစုံသော စိုးရိမ်ခြင်းတို့သည်လည်းကောင်း၊ ငိုကြွေးခြင်းတို့သည်လည်းကောင်း၊ ဆင်းရဲခြင်းတို့သည်လည်းကောင်း ထင်ကုန်၏။ ထိုအလုံးစုံတို့သည် ချစ်အပ်သော အရာဝတ္ထုကို စွဲ၍ ဖြစ်ပေါ်ကုန်၏။ ချစ်အပ်သော အရာဝထ္ထုမရှိမူ ထိုအလုံးစုံတို့သည် မဖြစ်နိုင်ကုန်။
ထို့ကြောင့် လောက၌ အကြင်သူတို့အား ချစ်အပ်သော အရာဝတ္ထုသည် တစ်စုံ တစ်ခုမျှ မရှိ၊ ထိုသူတို့သည် ချမ်းသာကုန်၏။ စိုးရိမ်မှု ကင်းကုန်၏။ ထို့ကြောင့် စိုးရိမ်ကင်းမှု ကိလေသာမြူကင်းမှုကို တောင့်တသူတို့သည် လောက၌ တစ်စုံတစ်ခုသော ချစ်ခင်မှုကိုမျှ မပြုကြကုန်ရာ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
အဋ္ဌမသုတ်။