ဥဒါန်းပါဠိတော်
၉-ပဌမဒဗ္ဗသုတ်
၇၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် ''မြတ်စွာဘုရား ယခုအခါတပည့်တော်၏ ပရိနိဗ္ဗာန်ပြုရန်အခါပါတည်း''ဟု မြတ်စွာဘုရားအား (လျှောက်၏)။ ဒဗ္ဗ ယခုအခါ သင်သည်ပင် ပရိနိဗ္ဗာန်ပြုရန် အခါ ကို သိ၏ဟု (မိန့်တော်မူ၏)။
ထို့နောက် မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင်ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင်တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထကာ ပရိနိဗ္ဗာန်ပြု၏။
ထို့နောက် ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင်တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထပြီးလျှင် ပရိနိဗ္ဗာန်ပြုသော မလ္လမင်း၏သား အသျှင်ဒဗ္ဗ၏မီးမြိုက်လောင်ကျွမ်းပြီးသော ခန္ဓာကိုယ်မှ ပြာသည်လည်းကောင်း၊ မီးသွေးသည်လည်းကောင်း မထင်ချေ၊ ဥပမာသော်ကား မီးမြိုက်လောင်ကျွမ်းပြီးသော ထောပတ်မှဖြစ်စေ၊ ဆီမှဖြစ်စေ ပြာမီးသွေးသည်မထင်သကဲ့သို့ ဤအတူ ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေပြီးလျှင် တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထပြီးလျှင် ပရိနိဗ္ဗာန်ပြုသော မလ္လမင်း၏သားအသျှင်ဒဗ္ဗ၏ မီးမြိုက်လောင်ကျွမ်းပြီး မီးလောင်သော ခန္ဓာကိုယ်မှ ပြာသည်လည်းကောင်း၊ မီးသွေးသည်လည်းကောင်း မထင်ချေ။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''မလ္လမင်း၏သား ဒဗ္ဗ၏ကိုယ်သည် အကြွင်းမရှိ ကွယ်ပျောက်ပြီ။ ရူပသညာ စသော သညာအားလုံးတို့သည် ချုပ်ကုန်ပြီ။ ဝေဒနာအားလုံးတို့သည် ငြိမ်းအေးကုန်ပြီ။ သင်္ခါရအားလုံးတို့သည် ချုပ်ငြိမ်းကုန်ပြီ။ ဝိညာဏ်သည် ပြတ်စဲခြင်းသို့ ရောက်လေပြီ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
နဝမသုတ်။