အင်္ဂုတ္တရနိကာယ်

၁၄-ဧတဒဂ္ဂဝဂ် ၅-ပဉ္စမဝဂ်

၂၃၅။ ရဟန်းတို့ ညဉ့်တို့ကို သိကုန် ရဟန်းဝါရင့်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် မဟာပဇာပတိဂေါတမီသည် ရှိ၏၊ ထို မဟာပဇာပတိဂေါတမီသည် အမြတ်ဆုံးပေတည်း။ (၁)

၂၃၆။ ကြီးမြတ်သော ပညာနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ခေမာသည် ရှိ၏၊ ထို ခေမာသည် အမြတ်ဆုံးပေတည်း။ (၂)

၂၃၇။ တန်ခိုးနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဥပ္ပလဝဏ်သည် ရှိ၏၊ ထို ဥပ္ပလဝဏ်သည် အမြတ်ဆုံးပေတည်း။ (၃)

၂၃၈။ ဝိနည်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ပဋာစာရီသည် ရှိ၏၊ ထို ပဋာစာရီသည် အမြတ်ဆုံးပေတည်း။ (၄)

၂၃၉။ တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဓမ္မဒိန္နာသည် ရှိ၏၊ ထို ဓမ္မဒိန္နာသည် အမြတ်ဆုံးပေတည်း။ (၅)

၂၄ဝ။ ဈာန်ဝင်စားခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် နန္ဒာ၁သည် ရှိ၏၊ ထို နန္ဒာသည် အမြတ်ဆုံးပေတည်း။ (၆)

၂၄၁။ ထက်သန်သော လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် သောဏာသည် ရှိ၏၊ ထို သောဏာသည် အမြတ်ဆုံးပေတည်း။ (၇)

၂၄၂။ ဒိဗ္ဗစက္ခုအဘိညာဉ်ရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဗကုလာသည် ရှိ၏၊ ထို ဗကုလာသည် အမြတ်ဆုံးပေတည်း။ (၈)

၂၄၃။ လျင်မြန်စွာရအပ်သော မဂ်ဖိုလ်အသိဉာဏ်ရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒါမည်သော ကုဏ္ဍလကေသာသည် ရှိ၏၊ ထို ဘဒ္ဒါမည်သော ကုဏ္ဍလကေသာသည် အမြတ်ဆုံး ပေတည်း။ (၉)

၂၄၄။ ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒါကာပိလာနီသည် ရှိ၏၊ ထို ဘဒ္ဒါကာပိလာနီသည် အမြတ်ဆုံးပေတည်း။ (၁ဝ)

၂၄၅။ မြတ်သော အဘိညာဉ်သို့ရောက်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒကစ္စာနာသည်၂ ရှိ၏၊ ထို ဘဒ္ဒကစ္စာနာသည် အမြတ်ဆုံးပေတည်း။ (၁၁)

၂၄၆။ ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ကိသာဂေါတမီသည် ရှိ၏၊ ထို ကိသာဂေါတမီသည် အမြတ်ဆုံးပေတည်း။ (၁၂)

၂၄၇။ သဒ္ဓါတရားအားကြီးကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် သိင်္ဂါလကမာတာသည်ရှိ၏၊ ထို သိင်္ဂါလကမာတာသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၃)

ပဉ္စမဝဂ် ပြီး၏။

၁။ မိထွေးတော်ဂေါတမီ၏သမီး ဇနပဒကလျာဏီပင် ဖြစ်သည်။

၂။ ရာဟုလာ၏ မယ်တော် ယသော်ဓရာတည်း။