အင်္ဂုတ္တရနိကာယ်

၁၇-ပသာဒကရဓမ္မဝဂ်

၃၆၆—၃၈၁။ ရဟန်းတို့ တော၌နေသော ရဟန်း၏ အဖြစ်သည် လာဘ်ရခြင်းတို့၏ မုချအကြောင်း ဖြစ်၏။ပ။ ပိဏ္ဍပါတ်ဓူတင် ဆောက်တည်သော ရဟန်း၏ အဖြစ်သည်။ ပံ့သကူသင်္ကန်းကို ဆောင်သော ရဟန်း၏ အဖြစ်သည်။ တိစီဝရိက်သင်္ကန်းကို ဆောင်သော ရဟန်း၏ အဖြစ်သည်။ တရားဟောသော ရဟန်း၏ အဖြစ်သည်။ ဝိနည်းကို ဆောင်သော ရဟန်း၏ အဖြစ်သည်။ အကြားအမြင်များသော ရဟန်း၏ အဖြစ်သည်။ (သိက္ခာဝါရင့်၍) ထာဝရတည်မြဲခြင်းသို့ ရောက်သော ရဟန်း၏ အဖြစ်သည်။ (ရဟန်းတို့၏) ကြည်ညိုဖွယ် အသွင်အပြင်နှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ စင်ကြယ်သော ခြံအရံနှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ များမြတ်သော အခြံအရံနှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ အမျိုးကောင်းသား ရဟန်း၏ အဖြစ်သည်။ ကိုယ်အဆင်းနှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ ချိုသာ သော စကားရှိသော ရဟန်း၏ အဖြစ်သည်။ အလိုနည်းသော ရဟန်း၏ အဖြစ်သည်။ ကျန်းမာခြင်းနှင့် ပြည့်စုံသော ရဟန်း၏အဖြစ်သည် လာဘ်ရခြင်းတို့၏ မုချအကြောင်းဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁—၁၆)

ပသာဒကရဓမ္မဝဂ် (ကြည်ညိုခြင်းကို ပြုတတ်သော တရားစု) ပြီး၏။