အင်္ဂုတ္တရနိကာယ်
၉-ပမာဒါဒိဝဂ်
၈၁။ ရဟန်းတို့ အကြင် အခြံအရံ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် ကြီးပွါးခြင်းတကာတို့တွင် အမြတ်ဆုံးတည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ပညာ၏ ကြီးပွါးခြင်းဖြင့် ကြီးပွါး ကုန်အံ့”ဟု နှလုံးသွင်း၍ ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
၈၂။ ရဟန်းတို့ ဤမေ့လျော့ခြင်း ‘ပမာဒ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာအကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့ခြင်း ‘ပမာဒ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
၈၃။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။
၈၄။ ရဟန်းတို့ ဤပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။
၈၅။ ရဟန်းတို့ ဤထက်သန်သော လုံ့လ ‘ဝီရိယာရ မ္ဘ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ ‘ဝီရိယာရ မ္ဘ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
၈၆။ ရဟန်းတို့ ဤအလိုကြီးခြင်း ‘မဟိစ္ဆတာ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုကြီးခြင်း ‘မဟိစ္ဆတာ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
၈၇။ ရဟန်းတို့ ဤအလိုနည်းခြင်း ‘အပ္ပိစ္ဆတာ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုနည်းခြင်း ‘အပ္ပိစ္ဆတာ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
၈၈။ ရဟန်းတို့ ဤမရောင့်ရဲခြင်း ‘အသန္တုဋ္ဌိတာ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မရောင့်ရဲခြင်း ‘အသန္တုဋ္ဌိတာ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
၈၉။ ရဟန်းတို့ ဤရောင့်ရဲခြင်း ‘သန္တုဋ္ဌိတာ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ရောင့်ရဲခြင်း ‘သန္တုဋ္ဌိတာ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။
၉ဝ။ ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘အယောနိသောမန သိကာရ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
၉၁။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘ယောနိသော မန့သိကာရ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဧကာဒသမသုတ်။
၉၂။ ရဟန်းတို့ ဤမဆင်ခြင်ခြင်း ‘အသမ္ပဇည’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆင်ခြင်ခြင်း ‘အသမ္ပဇည’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။
၉၃။ ရဟန်းတို့ ဤဆင်ခြင်ခြင်း ‘သမ္ပဇည’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ဆင်ခြင်ခြင်း ‘သမ္ပဇည’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
တေရသမသုတ်။
၉၄။ ရဟန်းတို့ ဤအဆွေခင်ပွန်းယုတ်ရှိခြင်း ‘ပါပမိတ္တတာ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သ ကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းယုတ်ရှိခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
စုဒ္ဒသမသုတ်။
၉၅။ ရဟန်းတို့ ဤအဆွေခင်ပွန်းကောင်းရှိခြင်း ‘ကလျာဏမိတ္တတာ’တရားသည် များစွာ အကျိုး ရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းကောင်းရှိခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပန္နရသမသုတ်။
၉၆။ ရဟန်းတို့ ဤအကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သောဠသမသုတ်။
၉၇။ ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တရသမသုတ်။
ကိုးခုမြောက် ပမာဒါဒိဝဂ် ပြီး၏။