အင်္ဂုတ္တရနိကာယ်
(၁၈) ၃-သာဓုဝဂ်
၂-အရိယဓမ္မသုတ်
၁၇၉။ ရဟန်းတို့ သင်တို့အား အရိယာတရားကိုလည်းကောင်း၊ အရိယာမဟုတ်သည့် တရားကို လည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ အရိယာမဟုတ်သည့် တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို အရိယာမဟုတ်သည့် တရားဟု ဆိုအပ်၏။ ရဟန်းတို့ အရိယာတရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို အရိယာတရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။