အင်္ဂုတ္တရနိကာယ်
(၁၉) ၄-အရိယမဂ္ဂဝဂ်
၅-ဥပ္ပါဒေတဗ္ဗဓမ္မသုတ်
၁၉၃။ ရဟန်းတို့ သင်တို့အားဖြစ်စေသင့်သော တရားကိုလည်းကောင်း၊ မဖြစ်စေသင့်သော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မဖြစ်စေသင့်သော တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို မဖြစ်စေသင့်သော တရားဟု ဆိုအပ်၏။ ရဟန်းတို့ဖြစ်စေသင့်သော တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကိုဖြစ်စေသင့်သော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
၆—ဗျာပါဒေတဗ္ဗဓမ္မသုတ်၁
ရဟန်းတို့ သင်တို့အား ကြောင့်ကြစိုက်ရမည့် တရားကိုလည်းကောင်း၊ ကြောင့်ကြမစိုက်ရမည့် တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ ကြောင့်ကြမစိုက်ရမည့် တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို ကြောင့်ကြမစိုက်ရမည့် တရားဟု ဆိုအပ်၏။ ရဟန်းတို့ ကြောင့်ကြစိုက်ရမည့် တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို ကြောင့်ကြစိုက်ရမည့် တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
၁။ ဤဗျာပါဒေတဗ္ဗဓမ္မသုတ်သည် သီဟိုဠ်—ယိုးဒယား—ကမ္ဗောဒီးယား—အင်္ဂလိပ်မူတို့၌ မပါ။ ရှေးပါဠိတော်များ၌ ပါပုံရ၏၊ ယခုဆဋ္ဌမူပါဠိတော်၌ မပါ။