အင်္ဂုတ္တရနိကာယ်

၄-ဥပါလိဝဂ်

၈-သံဃသာမဂ္ဂီသုတ်

၃၈။ အသျှင်ဘုရား “သံဃာညီညွတ်မှု သံဃာညီညွတ်မှု”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ် မျှဖြင့် သံဃာညီညွတ်မှု ဖြစ်ပါသနည်းဟု (လျှောက်၏ )။ ဥပါလိ ဤသာသနာတော်၌ ရဟန်းတို့သည် တရားမဟုတ်သည်ကို “တရားမဟုတ်”ဟု ပြကုန်၏၊ တရားဟုတ်သည်ကို “တရားဟုတ်၏”ဟု ပြကုန်၏၊ ဝိနည်းမဟုတ်သည်ကို “ဝိနည်းမဟုတ်”ဟု ပြကုန်၏၊ ဝိနည်းဟုတ်သည်ကို “ဝိနည်းဟုတ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်သည်ကို “မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်သည်ကို “မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို “မြတ်စွာဘုရား မလေ့ကျက်အပ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို “မြတ်စွာဘုရား လေ့ကျက်အပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား မပညတ်အပ် သည်ကို “မြတ်စွာဘုရား မပညတ်အပ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို “မြတ်စွာဘုရား ပညတ်အပ်၏”ဟု ပြကုန်၏၊ ထိုရဟန်းတို့သည် ဤဝတ္ထုဆယ်မျိုးတို့ဖြင့် (ပရိသတ်) ကို မဆွဲငင်ကုန်၊ မဖယ်ရှားကုန်၊ သီးခြားကံတို့ကို မပြုကုန်၊ သီးခြား ပါတိမောက်ကို မပြကုန်။ ဥပါလိ ဤမျှဖြင့် သံဃာ ညီညွတ်မှုဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။