အင်္ဂုတ္တရနိကာယ်
၅-အက္ကောသဝဂ်
၃-ဒုတိယ ဝိဝါဒမူလသုတ်
၄၃။ အသျှင်ဘုရား စကားများမှု၏ အခြေခံ ‘မူလ’တို့သည် အဘယ်မျှတို့ပါနည်းဟု (လျှောက်၏ )။ ဥပါလိ စကားများမှု၏ အခြေခံ’မူလ’တို့သည် ဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ — ဥပါလိ ဤသာသနာတော်၌ ရဟန်းတို့သည် အာပတ်မဟုတ်သည်ကို “အာပတ်ဟုတ်၏”ဟု ပြကုန်၏၊ အာပတ်ဟုတ်သည်ကို “အာပတ်မဟုတ်”ဟု ပြကုန်၏၊ ပေါ့သော အာပတ်ကို ‘လေးသော အာပတ်”ဟု ပြကုန်၏၊ လေးသော အာပတ်ကို ‘ပေါ့သော အာပတ်”ဟု ပြကုန်၏၊ ရုန့်ရင်းသော အာပတ်ကို ‘မရုန့်ရင်းသော အာပတ်”ဟု ပြကုန်၏၊ မရုန့်ရင်းသော အာပတ်ကို ‘ရုန့်ရင်းသော အာပတ်”ဟု ပြကုန်၏၊ အကြွင်းရှိသော အာပတ်ကို ‘အကြွင်းမရှိသော အာပတ်”ဟု ပြကုန်၏၊ အကြွင်းမရှိသော အာပတ်ကို ‘အကြွင်းရှိသော အာပတ်”ဟု ပြကုန်၏၊ ကုစား၍ရသော အာပတ်ကို ‘ကုစား၍မရသော အာပတ်”ဟု ပြကုန်၏၊ ကုစား၍မရသော အာပတ်ကို ‘ကုစား၍ရသော အာပတ်”ဟု ပြကုန်၏၊ ဥပါလိ့စကားများမှု၏ အခြေခံ ‘မူလ’တို့သည် ဤဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
တတိယသုတ်။