အင်္ဂုတ္တရနိကာယ်

၅-အက္ကောသဝဂ်

၁ဝ-ဘဏ္ဍနသုတ်

၅ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ရဟန်းများစွာတို့သည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ကြကာ စည်းဝေးရာ ဇရပ်၌ အညီအညွတ်ထိုင်နေ စည်းဝေးကြကုန်လျက် ခိုက်ရန်ဖြစ်ခြင်း ငြင်းခုံခြင်း စကားများခြင်းသို့ ရောက်ကြပြီးလျှင် အချင်းချင်း နှုတ်လှံထိုး၍ နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ၌ တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူကာ စည်းဝေးရာ့ဇရပ်သို့ ချဉ်းကပ်ပြီးနောက် ခင်းထားသောနေရာ၌ ထိုင်နေတော်မူပြီးလျှင် ရဟန်းတို့ကို “ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် အညီအညွတ် ထိုင်နေလျက် စည်းဝေးကြကုန်သနည်း၊ သင်တို့၏ မပြီးပြတ် သေးသော အကြားစကားသည်ကား အဘယ်နည်း”ဟု မေးတော်မူ၏။ အသျှင်ဘုရား ဤနေရာ၌ အကျွန်ုပ်တို့သည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့၍ စည်းဝေးရာ ဇရပ်၌ အညီအညွတ်ထိုင်နေ စည်းဝေးကြကုန်လျက် ခိုက်ရန်ဖြစ်ခြင်း ငြင်းခုံခြင်း စကားများခြင်းသို့ ရောက်ကြပြီးလျှင် အချင်းချင်း နှုတ်လှံထိုး၍ နေကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သင်တို့သည် ခိုက်ရန်ဖြစ်ခြင်း ငြင်းခုံခြင်း စကားများခြင်းသို့ ရောက်ကြလျက် အချင်းချင်း နှုတ်လှံထိုး၍ နေကြတုံဘိ၏ဟူသော ထိုအမှုသည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြသူ အမျိုးကောင်းသားဖြစ်သော သင်တို့အား မလျော်။

ရဟန်းတို့ (အသက်ထက်ဆုံး) အောက်မေ့ထိုက်ကုန် ချစ်ခင်ခြင်းကို ပြုတတ်ကုန် အလေးပြုထိုက်ကုန်သော ဤတရားဆယ်မျိုးတို့သည် ချီးမြှောက်ရန် စကားမများရန် ညီညွတ်ရန် တစ်ပေါင်းတည်း ဖြစ်ရန် ဖြစ်ကုန်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခ သံဝရသီလကိုစောင့်ရှောက်လျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ’ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိကာ သိက္ခာပုဒ်တို့ကို ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ရဟန်း၏ သီလရှိခြင်း။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်ခြင်းဟူသော ဤတရား သည်လည်း (အသက်ထက်ဆုံး) အောက်မေ့ထိုက်၏၊ ချစ်ခင်ခြင်းကို ပြုတတ်၏၊ အလေးပြုထိုက်၏၊ ချီးမြှောက်ရန် စကားမများရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ဟောဖော်ပြတတ်သော သဘောရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာ ကြားနာအပ်ကုန်၏၊ နှုတ်ဖြင့် ဆောင်ထားအပ်ကုန်၏၊ လေ့ကျက်ထားအပ်ကုန်၏၊ စိတ်ဖြင့် ဆင်ခြင်အပ်ကုန်၏၊ ပညာဖြင့် ထိုးထွင်း၍ သိအပ်ကုန်၏။ ရဟန်းတို့ ရဟန်း၏ အကြားအမြင်များခြင်း။ပ။ ပညာဖြင့် ထိုးထွင်း၍ သိခြင်းဟူသော ဤတရားသည်လည်း (အသက်ထက်ဆုံး) အောက်မေ့ထိုက်၏၊ ချစ်ခင်ခြင်းကို ပြုတတ်၏၊ အလေးပြုထိုက်၏၊ ချီးမြှောက်ရန် စကားမများရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အဆွေခင်ပွန်းကောင်းရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ မိတ်ဆွေကောင်း၌ ကိုင်းညွတ်၏။ ရဟန်းတို့ ရဟန်း၏ အဆွေခင်ပွန်းကောင်းရှိခြင်း၊ အပေါင်းအဖော်ကောင်း ရှိခြင်း၊ မိတ်ဆွေကောင်း၌ကိုင်းညွတ်ခြင်းဟူသော ဤတရားသည်လည်း (အသက်ထက်ဆုံး) အောက်မေ့ထိုက်၏၊ ချစ်ခင်ခြင်းကို ပြုတတ်၏၊ အလေးပြုထိုက်၏၊ ချီးမြှောက်ရန် စကားမများရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဆိုဆုံးမလွယ်၏၊ ဆိုဆုံးမခြင်းကို ပြုတတ်သော တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံ၏၊ အဆုံးအမကို အရိုအသေ ခံယူတတ်၏။ ရဟန်းတို့ ရဟန်း၏ ဆိုဆုံးမလွယ်ခြင်း၊ ဆိုဆုံးမလွယ်ခြင်းကို ပြုတတ်သော တရားတို့နှင့် ပြည့်စုံခြင်း၊ သည်းခံခြင်း၊ အဆုံး အမကို အရိုအသေခံယူခြင်းဟူသော ဤတရားသည်လည်း (အသက်ထက်ဆုံး) အောက်မေ့ထိုက်၏၊ ချစ်ခင်ခြင်းကို ပြုတတ်၏၊ အလေးပြုထိုက်၏၊ ချီးမြှောက်ရန် စကားမများရန် ညီညွတ်ရန် တစ်ပေါင်းတည်း ဖြစ်ရန် ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်းဟု ဆို၍့ပြုအပ်သော အယုတ်အမြတ်ဖြစ်သော ကိစ္စတို့၌ လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ထိုထို ကိစ္စ၌ အကြောင်း ဥပါယ်ကို စုံစမ်းသော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီရင်ရန် စွမ်းနိုင်၏။ ရဟန်းတို့ ရဟန်း၏ သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်းဟု ဆို၍ ပြုအပ်သော အယုတ်အမြတ်ဖြစ်သော ကိစ္စတို့၌ လိမ္မာခြင်း၊ ပျင်းရိမှုမရှိခြင်း၊ ထိုထိုကိစ္စ၌ အကြောင်းဥပါယ်ကို စုံစမ်းသောပညာနှင့် ပြည့်စုံခြင်း၊ ပြုလုပ်ရန် စွမ်းနိုင်ခြင်း၊ စီရင်ရန် စွမ်းနိုင်ခြင်းဟူသော ဤတရားသည်လည်း (အသက်ထက်ဆုံး) အောက်မေ့ထိုက်၏၊ ချစ်ခင်ခြင်းကို ပြုတတ်၏၊ အလေးပြုထိုက်၏၊ ချီးမြှောက်ရန် စကားမများရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချင်ခင်ဖွယ်ကို ပြောဆို တတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရားတို့၌ များစွာ မြတ်နိုးခြင်းရှိ၏။ ရဟန်းတို့ ရဟန်း၏ တရားတော်ကို အလိုရှိခြင်း၊ ချင်ခင်ဖွယ်ကို ပြောဆိုတတ်ခြင်း၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရားတို့၌ များစွာ မြတ်နိုးခြင်းဟူသော ဤတရားသည်လည်း (အသက်ထက်ဆုံး) အောက်မေ့ ထိုက်၏၊ ချစ်ခင်ခြင်းကို ပြုတတ်၏၊ အလေးပြုထိုက်၏၊ ချီးမြှောက်ရန် စကားမများရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ် တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ရဟန်း၏ အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေခြင်း၊ အားအစွမ်းရှိခြင်း၊ မြဲမြံသော လုံ့လရှိခြင်း၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထားခြင်းဟူသော ဤတရားသည်လည်း (အသက်ထက်ဆုံး) အောက်မေ့ထိုက်၏၊ ချစ်ခင်ခြင်းကို ပြုတတ်၏၊ အလေးပြုထိုက်၏၊ ချီးမြှောက်ရန် စကားမများရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ရောင့်ရဲ၏။ ရဟန်းတို့ ရဟန်း၏ ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ရောင့်ရဲခြင်းဟူသော ဤတရားသည် လည်း (အသက်ထက်ဆုံး) အောက်မေ့ထိုက်၏။ပ။ ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သတိနှင့် ပြည့်စုံ၏၊ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောပြီးသော စကားကို လည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ရဟန်းတို့ ရဟန်း၏ သတိနှင့် ပြည့်စုံခြင်း၊ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံခြင်း၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောပြီးသော စကားကိုလည်းကောင်း အောက်မေ့နိုင်ခြင်း၊ အဖန်တလဲလဲ အောက်မေ့နိုင်ခြင်းဟူသော ဤတရားသည်လည်း (အသက်ထက်ဆုံး) အောက်မေ့ထိုက်၏။ပ။ ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော (ကိလေသာကို) ဖောက်ခွဲနိုင်သော ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ရဟန်း၏ ပညာရှိခြင်း၊ အဖြစ်အပျက်ကို သိသော၊ ကိလေသာကို ဖောက်ခွဲနိုင်သော၊ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့် ပြည့်စုံခြင်းဟူသော ဤတရားသည်လည်း (အသက်ထက်ဆုံး) အောက်မေ့ထိုက်၏။ပ။ ဖြစ်၏။ ရဟန်းတို့ (အသက်ထက်ဆုံး) အောက်မေ့ထိုက်ကုန်သော ချစ်ခင်ခြင်းကို ပြုတတ်ကုန်သော အလေးပြုထိုက်ကုန်သော ဤတရားဆယ်မျိုးတို့သည် ချီးမြှောက်ရန် စကားမများရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် အက္ကောသဝဂ် ပြီး၏။

ပဌမ သုတ်ငါးဆယ် ပြီး၏။