အင်္ဂုတ္တရနိကာယ်
(၇) ၂-ယမကဝဂ်
၃-နိဋ္ဌင်္ဂတသုတ်
၆၃။ ရဟန်းတို့ ငါဘုရားအပေါ်၌ ယုံမှားကင်းကြသူဟူသမျှ အားလုံးတို့သည် (မဂ်) ဉာဏ် အမြင်နှင့် ပြည့်စုံကုန်၏။ ထို(မဂ်) ဉာဏ်အမြင် ပြည့်စုံသူတို့တွင် ပုဂ္ဂိုလ်ငါးယောက်တို့သည် ဤ (ကာမဘုံ) ၌သာ ပရိနိဗ္ဗာန် ပြုကုန်၏၊ ပုဂ္ဂိုလ်ငါးယောက်တို့သည် ဤဘုံကို စွန့်၍ ပရိနိဗ္ဗာန်ပြုကုန်၏။ အဘယ် ငါးယောက်တို့ကား ဤ(ကာမဘုံ) ၌သာ ပရိနိဗ္ဗာန်ပြုကုန်သနည်း။ သတ္တက္ခတ္တုပရမသောတာပန်၊ ကောလံ ကောလသောတာပန်၊ ဧကဗီဇီသောတာပန်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ မျက်မှောက်ဘဝ၌ပင် ရဟန္တာဖြစ်သူ ပုဂ္ဂိုလ်တို့တည်း။ ဤပုဂ္ဂိုလ်ငါးယောက်တို့သည် ဤကာမဘုံ၌ ပရိနိဗ္ဗာန်ပြုကုန်၏။ အဘယ်ငါးယောက်တို့သည် ဤကာမဘုံကို စွန့်၍ ပရိနိဗ္ဗာန်ပြုကုန်သနည်း။ အန္တရာပရိနိဗ္ဗာယီ အနာဂါမ်၊ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်၊ အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်၊ သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်၊ ဥဒ္ဓံသောတအကနိဋ္ဌဂါမီအနာဂါမ်တို့တည်း။ ဤပုဂ္ဂိုလ်ငါးယောက်တို့သည် ဤကာမဘုံကို စွန့်၍ ပရိနိဗ္ဗာန် ပြုကုန်၏။ ရဟန်းတို့ ငါဘုရားအပေါ်၌ ယုံမှားကင်းကြသူဟူသမျှ အားလုံးတို့သည် (မဂ်) ဉာဏ် အမြင်နှင့် ပြည့်စုံကုန်၏။ ထို (မဂ်) ဉာဏ်အမြင်နှင့် ပြည့်စုံသူတို့တွင် ပုဂ္ဂိုလ်ငါးယောက်တို့သည် ဤကာမဘုံ၌ ပရိနိဗ္ဗာန်ပြုကုန်၏၊ ပုဂ္ဂိုလ်ငါးယောက်တို့သည် ဤကာမဘုံကို စွန့်၍ ပရိနိဗ္ဗာန်ပြုကုန်၏ဟု (မိန့်တော်မူ၏ )။
တတိယသုတ်။