အင်္ဂုတ္တရနိကာယ်

(၈) ၃-အာကင်္ခဝဂ်

၉-အာဃာတဝတ္ထုသုတ်

၇၉။ ရဟန်းတို့ ရန်ငြိုးဖွဲ့ကြောင်းတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—“ငါ၏ အကျိုးမဲ့ကို ပြုဖူးလေပြီ”ဟု ရန်ငြိုးဖွဲ့၏၊ “ငါ၏ အကျိုးမဲ့ကို ပြုနေဆဲ”ဟု ရန်ငြိုးဖွဲ့၏၊ “ငါ၏ အကျိုးမဲ့ကို ပြုလိမ့်မည်”ဟု ရန်ငြိုးဖွဲ့၏၊ “ငါချစ်ခင်နှစ်သက်သူ၏ အကျိုးမဲ့ကို ပြုဖူးပြီ။ပ။ အကျိုးမဲ့ကို ပြုနေဆဲ။ပ။ အကျိုးမဲ့ကို ပြုလိမ့်မည်”ဟု ရန်ငြိုးဖွဲ့၏၊ “ငါ၏ မချစ်ခင်မနှစ်သက်သူ၏ အကျိုးကို ပြုဖူးပြီ။ပ။ အကျိုးကို ပြုနေဆဲ။ပ။ အကျိုးကို ပြုလိမ့်မည်”ဟု ရန်ငြိုးဖွဲ့၏၊ အရာ မဟုတ်သည်၌လည်း အမျက်ထွက်၏။ ရဟန်းတို့ ဤသည်တို့ကား ရန်ငြိုးဖွဲ့ကြောင်း ဆယ်မျိုးတို့တည်း”ဟု (မိန့်တော်မူ၏)။

နဝမသုတ်။