အင်္ဂုတ္တရနိကာယ်
(၉) ၄-ထေရဝဂ်
၁-ဝါဟနသုတ်
၈၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္ပာပြည် ဂဂ္ဂရာရေကန်၏ ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်ဝါဟနသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကာ မြတ်စွာဘုရားအား— “အသျှင်ဘုရား အဘယ်မျှသော တရားတို့မှ ထွက်မြောက်၍ (အဘယ်မျှသော တရားတို့နှင့်) မယှဉ်သော မြတ်စွာဘုရားသည် အဘယ်မျှသော တရားတို့မှ လွတ်ကင်း သည်ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့် နေတော်မူပါသနည်း”ဟု လျှောက်၏၊
ဝါဟနတရားဆယ်မျိုးတို့မှ ထွက်မြောက်၍ (တရားဆယ်မျိုးတို့နှင့်) မယှဉ်သော မြတ်စွာဘုရားသည် (တရားဆယ်မျိုးတို့မှ) လွတ်ကင်းသည်ဖြစ်၍ (ကိလေသာ) အပိုင်းအခြားကင်းသော စိတ်ဖြင့် နေ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ)— ဝါဟန ရုပ်မှထွက်မြောက်၍ (ရုပ်နှင့်) မယှဉ်သော မြတ်စွာဘုရားသည် (ရုပ်မှ) လွတ်ကင်းသည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြားကင်းသော စိတ်ဖြင့် နေ၏။ ဝါဟန ဝေဒနာမှ။ပ။ ဝါဟန သညာမှ။ ဝါဟန သင်္ခါရတို့မှ။ ဝါဟန ဝိညာဏ်မှ။ ဝါဟန ဇာတိမှ။ ဝါဟန ဇရာမှ။ ဝါဟန မရဏမှ။ ဝါဟန ဒုက္ခတို့မှ။ ဝါဟန ကိလေသာတို့မှ ထွက်မြောက်၍ (ကိလေသာ)တို့နှင့် မယှဉ်သော မြတ်စွာဘုရားသည် (ကိလေသာတို့မှ) လွတ်ကင်းသည်ဖြစ်၍ (ကိလေသာ) အပိုင်း အခြားကင်းသော စိတ်ဖြင့် နေ၏၊ ဝါဟန ရေ၌ဖြစ်၍ ရေ၌ကြီးပွါးသော ဥပ္ပလကြာသည်လည်းကောင်း၊ ပဒုမ္မာကြာသည်လည်းကောင်း၊ ပုဏ္ဍရိက်ကြာသည်လည်းကောင်း ရေမှ တက်၍ တည်ပြီးလျှင် ရေနှင့် မလိမ်းကပ်သကဲ့သို့ ဝါဟန ဤအတူပင် ဤတရားဆယ်မျိုးတို့မှ ထွက်မြောက်၍ (ဤတရားဆယ်မျိုးတို့နှင့်) မယှဉ်သော မြတ်စွာဘုရားသည် ဤတရားဆယ်မျိုးတို့မှ လွတ်ကင်းသည်ဖြစ်၍ ကိလေသာ အပိုင်းအခြားကင်းသော စိတ်ဖြင့် နေ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။