အင်္ဂုတ္တရနိကာယ်
၄-ရာဂပေယျာလ
၂၃၁။ ရဟန်းတို့ တပ်မက်ခြင်း ‘ရာဂ’ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါတရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— သမထကမ္မဋ္ဌာန်းလည်းကောင်း၊ ဝိပဿနာကမ္မဋ္ဌာန်းလည်းကောင်းတို့တည်း။ ရဟန်းတို့ တပ်မက်ခြင်း ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ဤတရား နှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၁)
ရဟန်းတို့ တပ်မက်ခြင်း ‘ရာဂ’ ကို ပိုင်းခြား၍ သိခြင်းငှါ။ ရာဂကို ကုန်စေခြင်းငှါ။ ရာဂကို ပယ်ခြင်းငှါ။ ရာဂ၏ ကုန်ခန်းခြင်းငှါ။ ရာဂ၏ ပျက်ခြင်းငှါ။ ရာဂ၏ ကင်းပြတ်ခြင်းငှါ။ ရာဂ၏ ချုပ်ခြင်းငှါ။ ရာဂကို စွန့်လွှတ်ခြင်းငှါ။ ရာဂကို တစ်ဖန် စွန့်လွှတ်ခြင်းငှါတရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ပ။ (၁—၁ဝ)
၂၃၂—၂၄၆။ ပြစ်မှားခြင်းကို။ပ။ တွေဝေခြင်းကို။ပ။ အမျက်ထွက်ခြင်းကို။ ရန်ငြိုးဖွဲ့ခြင်းကို။ သူ့ကျေးဇူးကို ချေဖျက်ခြင်းကို။ အပြိုင်ပြုခြင်းကို။ ငြူစူခြင်းကို။ ဝန်တိုခြင်းကို။ လှည့်ပတ်ခြင်းကို။ စဉ်းလဲခြင်းကို။ ခက်ထန်ခြင်းကို။ ခြုပ်ခြယ်ခြင်းကို။ ထောင်လွှားခြင်းကို။ အလွန်ထောင်လွှားခြင်းကို။ မာန်ယစ်ခြင်းကို။ မေ့လျော့ခြင်းကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ၊ ပိုင်းခြား၍ သိခြင်းငှါ။ ကုန်စေခြင်းငှါ။ ပယ်ခြင်းငှါ။ ကုန်ခန်းခြင်းငှါ။ ပျက်ခြင်းငှါ။ ကင်းပြတ်ခြင်းငှါ။ ချုပ်ခြင်းငှါ။ စွန့်လွှတ်ခြင်းငှါ။ တစ်ဖန် စွန့်လွှတ်ခြင်းငှါတရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— သမထကမ္မဋ္ဌာန်းလည်းကောင်း၊ ဝိပဿနာကမ္မဋ္ဌာန်းလည်းကောင်းတို့တည်း။ ရဟန်းတို့ မေ့လျော့ခြင်းကို တစ်ဖန် စွန့်လွှတ်ခြင်းငှါ တရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မြတ်စွာဘုရားသည် ဤတရားကို ဟောကြား တော်မူ၏)။ (၁၁—၁၇ဝ)
(ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း)။၁
ရာဂပေယျာလ ပြီး၏။
ဒုကနိပါတ် ပြီး၏။
၁။ သီဟိုဠ် ယိုးဒယား ကမ္ဘောဒီးယား အင်္ဂလိပ်မူတို့၌ မရှိ။