အင်္ဂုတ္တရနိကာယ်
၂-ရထကာရဝဂ်
၅-သစေတနသုတ်
၁၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏—
ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား သစေတနမည်သော မင်းသည် ဖြစ်ခဲ့ဖူးပြီ၊ ထို စဉ်အခါ သစေတနမင်းသည် ရထားလုပ်သမားကို “အချင်း ရထားလုပ်သမား ယနေ့မှ ခြောက်လလွန်လျှင် စစ်ဖြစ်လတ္တံ့၊ အချင်း ရထားလုပ်သမား အသစ်ဖြစ်သော ရထားဘီးအစုံကို ပြုလုပ်နိုင်ပါအံ့လော”ဟု မိန့်ဆို၏။ ရဟန်းတို့ ရထားလုပ်သမားသည် “အရှင်မင်းမြတ် ပြုလုပ်နိုင်ပါ၏”ဟု သစေတနမင်းအား ဝန်ခံ၏။ ရဟန်းတို့ ထိုအခါ ရထားလုပ်သမားသည် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ရထားဘီးတစ်ဖက်ကို ပြီးစေ၏။ ရဟန်းတို့ ထိုအခါ သစေတနမင်းသည် ရထားအလုပ်သမားကို “အချင်း ရထားလုပ်သမား ယနေ့မှ ခြောက်ရက်လွန်လျှင် စစ်ဖြစ်လတ္တံ့၊ အသစ်ဖြစ်သော ရထားဘီးအစုံကို လုပ်ပြီးပါပြီလော”ဟု မိန့်ဆိုပြန်၏။ မင်းမြတ် ဤခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ရထားဘီးသစ် (တစ်ဖက်) ပြီးပါပြီဟု (လျှောက်တင်၏)။ အချင်း ရထားလုပ်သမား ဤခြောက်ရက်တို့ဖြင့် ငါ၏ နှစ်ခုမြောက် (ကျန်) ရထားဘီး (တစ်ဖက်) ကို ပြုလုပ်ပြီးစီးနိုင်ပါအံ့လောဟု မိန့်ဆိုပြန်၏။ ရဟန်းတို့ ရထားလုပ်သမားသည် အရှင်မင်းမြတ် ပြုလုပ်ပြီးစီးနိုင်ပါ၏ဟု လျှောက်တင်၏။ ရဟန်းတို့ ထိုအခါ ရထားလုပ်သမားသည် ခြောက်ရက်တို့ဖြင့် နှစ်ခုမြောက် (ကျန်) ရထားဘီး (တစ်ဖက်) ကို့ပြုလုပ်ပြီးစီးစေ၍ ရထားဘီးအသစ် အစုံကို ယူပြီးလျှင် သစေတနမင်းထံ ချဉ်းကပ်ပြီးလျှင် သစေတနမင်းအား “မင်းမြတ် အရှင်မင်းမြတ်၏ ဤရထားဘီးသစ်အစုံသည် ပြီးစီးပါပြီ”ဟု လျှောက်တင်၏။ ရထားလုပ်သမား သင်၏ အကြင် ရထားဘီး (တစ်ဖက်)သည် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ပြီးစီး၏၊ သင်၏ အကြင် ရထားဘီး (တစ်ဖက်)သည်ကား ခြောက်ရက်မျှ ဖြင့် ပြီးစီး၏၊ ဤရထားဘီးတို့၏ ထူးခြားချက်ကား အသို့နည်း၊ ငါသည်ကား ထို ရထားဘီးတို့၏ တစ်စုံတစ်ရာ ထူးခြားချက်ကို မတွေ့မမြင်ဟု (မိန့်တော်မူ၏)။ မင်းမြတ် ထို ရထား ဘီးတို့၏ ထူးခြားချက်သည် ရှိပါ၏၊ မင်းမြတ်သည် ထို ရထားဘီးတို့၏ ထူးခြားချက်ကို ရှုစားတော်မူ ပါလော့ဟု (လျှောက်တင်၏)။
ရဟန်းတို့ ထိုအခါ ရထားလုပ်သမားသည် ခြောက်ရက်တို့ဖြင့် အပြီးပြုလုပ်အပ်သော အကြင် ရထားဘီးကို တွန်းလှိမ့်၏။ ထို ရထားဘီးသည် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသလောက် လိမ့်သွား၍ ပတ်ပတ်လည်ပြီး မြေ၌ လဲကျ၏။ ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် အပြီးပြုလုပ်သော အကြင် ရထားဘီးကို တွန်းလှိမ့်ပြန်၏။ ထို ရထားဘီးသည် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသလောက် လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ ရပ်တည်နေ၏။
အချင်းရထားလုပ်သမား အကြင် ရထားဘီးသည် ခြောက်ရက်တို့ဖြင့် ပြီးစီး၏၊ ထို ရထားဘီးကို တွန်းလှိမ့်သော် တွန်းလှိမ့်မှုအင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ပတ်ပတ်လည်ပြီးလျှင် မြေ၌ လဲကျ၏။ အချင်းရထားလုပ်သမား (ထိုသို့ဖြစ်ခြင်း၏) အကြောင်းအထောက်အပံ့ကား အဘယ်နည်း၊ အကြင် ရထား ဘီးသည် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ပြီးစီး၏၊ ထို ရထားဘီးကို တွန်းလှိမ့်သော် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ ရပ်တည်နေ၏။ အချင်း ရထားလုပ်သမား (ထိုသို့ဖြစ်ခြင်း၏) အကြောင်း အထောက်အပံ့ကား အဘယ်နည်းဟု (မေး၏)။
အရှင်မင်းမြတ် ခြောက်ရက်တို့ဖြင့် အပြီးပြုလုပ်အပ်သော ရထား ဘီး၏ အကွပ်သည် ကွေးကောက်၏၊ အပြစ်အနာ ရှိ၏၊ အကာအဆွေး ဖြစ်၏၊ အကန့်တို့သည်လည်း ကောက်ကုန်၏၊ အပြစ်အနာ ရှိကုန်၏၊ အကာအဆွေး ဖြစ်ကုန်၏၊ ပုံတောင်းသည်လည်း ကောက်၏၊ အပြစ်အနာ ရှိ၏၊ အကာအဆွေး ဖြစ်၏၊ ထို ရထားဘီးသည် အကွပ်၏လည်း ကောက်သောကြောင့် အပြစ်အနာရှိသောကြောင့် အကာအဆွေးဖြစ်သောကြောင့် အကန့်တို့၏လည်း ကောက်ကုန်သောကြောင့် အပြစ်အနာရှိကုန်သောကြောင့် အကာအဆွေးဖြစ်ကုန်သောကြောင့် ပုံတောင်း၏လည်း ကောက်သောကြောင့် အပြစ်အနာရှိသောကြောင့် အကာအဆွေးဖြစ်သောကြောင့် တွန်းလှိမ့်သည်ရှိသော် တွန်းလှိမ့်မှုအင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ပတ်ပတ်လည်ပြီးလျှင် မြေ၌ လဲကျ၏။ အရှင်မင်းမြတ် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် အပြီးပြုလုပ်အပ်သော ရထားဘီး၏ အကွပ်သည်ကား မကောက်၊ အပြစ်အနာမရှိ၊ အကာအဆွေးမဟုတ်၊ အကန့်တို့သည်လည်း မကောက်၊ အပြစ်အနာမရှိကုန်၊ အကာအဆွေး မဟုတ်ကုန်၊ ပုံတောင်းသည်လည်း မကောက်၊ အပြစ်အနာမရှိ၊ အကာအဆွေး မဟုတ်၊ ထို ရထားဘီးသည် အကွပ်၏လည်း မကောက်သောကြောင့်, အပြစ်အနာ မရှိသောကြောင့်, အကာအဆွေးမဟုတ်သောကြောင့်၊ အကန့်တို့၏လည်း မကောက်ကုန်သောကြောင့်, အပြစ်အနာ မရှိကုန်သောကြောင့်, အကာအဆွေးမဟုတ်ကုန်သောကြောင့်၊ ပုံတောင်း၏လည်း မကောက်သောကြောင့််, အပြစ်အနာမရှိသောကြောင့်, အကာအဆွေးမဟုတ်သောကြောင့် တွန်းလှိမ့်သည်ရှိသော် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ ရပ်တည်နေပါ၏ဟု (လျှောက်၏)။
ရဟန်းတို့ ထိုအခါ ထို ရထားလုပ်သမားသည် တစ်ပါးသောသူ ဖြစ်လေသလောဟု သင်တို့အား ဤအကြံသည် ဖြစ်ရာ၏။ ရဟန်းတို့ ထို အကြောင်းကို ဤသို့ မမှတ်အပ်၊ ငါသည် ထိုအခါက ထို ရထား လုပ်သမား ဖြစ်ခဲ့၏။ ရဟန်းတို့ ငါသည် ထိုအခါက သစ်ကောက်တို့၌လည်းကောင်း၊ သစ်အပြစ်အနာ တို့၌လည်းကောင်း၊ သစ်အကာ အဆွေးတို့၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏။ ရဟန်းတို့ ယခုအခါ၌မူ့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော ငါသည် ကိုယ်၏ကောက်ခြင်း ‘ကာယဒုစရိုက်’ တို့၌လည်းကောင်း၊ ကိုယ်၏ အပြစ်အနာ ‘ကာယဒုစရိုက်’ တို့၌လည်းကောင်း၊ ကိုယ်၏ အကာအဆွေး ‘ကာယဒုစရိုက်’ တို့၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏။ နှုတ်၏ကောက်ခြင်း ‘ဝစီဒုစရိုက်’ တို့၌လည်းကောင်း၊ နှုတ်၏ အပြစ်အနာ ‘ဝစီဒုစရိုက်’တို့၌လည်းကောင်း၊ နှုတ်၏ အကာအဆွေး ‘ဝစီဒုစရိုက်’ တို့၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏။ စိတ်၏ ကောက်ခြင်း ‘မနော ဒုစရိုက်’တို့၌လည်းကောင်း၊ စိတ်၏ အပြစ်အနာ ‘မနောဒုစရိုက်’ တို့၌လည်းကောင်း၊ စိတ်၏အကာအဆွေး ‘မနောဒုစရိုက်’ တို့၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏။ ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ကိုယ်၏ ကောက်ခြင်းကို မပယ်အပ်၊ ကိုယ်၏ အပြစ်အနာကို မပယ်အပ်၊ ကိုယ်၏ အကာ အဆွေးကို မပယ်အပ်။ နှုတ်၏ ကောက်ခြင်းကို မပယ်အပ်၊ နှုတ်၏ အပြစ်အနာကို မပယ်အပ်၊ နှုတ်၏ အကာအဆွေးကို မပယ်အပ်။ စိတ်၏ ကောက်ခြင်းကို မပယ်အပ်၊ စိတ်၏ အပြစ်အနာကို မပယ်အပ်၊ စိတ်၏ အကာအဆွေးကို မပယ်အပ်။ ရဟန်းတို့ ဤသို့ မပယ်အပ်သည်ရှိသော် ခြောက်ရက်တို့ဖြင့် အပြီး ပြုလုပ်သော ထို ရထားဘီးကဲ့သို့ ထိုရဟန်းယောကျာ်း ရဟန်းမိန်းမတို့သည် ဤသာသနာတော်မှ ဂုဏ် အားဖြင့် လျှောကျကုန်၏။ ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ကိုယ်၏ ကောက်ခြင်းကို ပယ်အပ်၏၊ ကိုယ်၏ အပြစ်အနာကို ပယ်အပ်၏၊ ကိုယ်၏ အကာအဆွေးကို ပယ်အပ်၏။ နှုတ်၏ ကောက်ခြင်းကို ပယ်အပ်၏၊ နှုတ်၏ အပြစ်အနာကို ပယ်အပ်၏၊ နှုတ်၏ အကာအဆွေးကို ပယ်အပ်၏။ စိတ်၏ ကောက်ခြင်းကို ပယ်အပ်၏၊ စိတ်၏ အပြစ်အနာကို ပယ်အပ်၏၊ စိတ်၏ အကာအဆွေးကို ပယ်အပ်၏။ ရဟန်းတို့ ဤသို့ ပယ်အပ်သည်ရှိသော် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် အပြီး ပြုလုပ်သော ထို ရထားဘီးကဲ့သို့ ထိုရဟန်း ရဟန်းမိန်းမတို့သည် ဤသာသနာတော်၌ ဂုဏ်အားဖြင့် တည်နေကုန်၏။
ရဟန်းတို့ ထိုသို့ ဖြစ်သောကြောင့် ဤသာသနာတော်၌ “ကိုယ်၏ ကောက်ခြင်း၊ ကိုယ်၏ အပြစ် အနာ၊ ကိုယ်၏ အကာအဆွေးများကို ပယ်ကုန်အံ့။ နှုတ်၏ ကောက်ခြင်း၊ နှုတ်၏ အပြစ်အနာ၊ နှုတ်၏ အကာအဆွေးကို ပယ်ကုန်အံ့။ စိတ်၏ ကောက်ခြင်း၊ စိတ်၏ အပြစ်အနာ၊ စိတ်၏ အကာအဆွေးကို ပယ်ကုန်အံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။