အင်္ဂုတ္တရနိကာယ်
၂-ရထကာရဝဂ်
၇-အတ္တဗျာဗာဓသုတ်
၁၇။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်း ဖြစ်ကုန်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ဖြစ်ကုန်၏၊ နှစ်ပါးစုံ ဆင်းရဲရန်လည်း ဖြစ်ကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘မနောဒုစရိုက်’လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်း ဖြစ်ကုန်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ဖြစ်ကုန်၏၊ နှစ်ပါးစုံ ဆင်းရဲရန်လည်း ဖြစ်ကုန်၏။
ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်း မဖြစ်ကုန်၊ သူတစ်ပါးဆင်းရဲရန်လည်း့မဖြစ်ကုန်၊ နှစ်ပါးစုံ ဆင်းရဲရန်လည်း မဖြစ်ကုန်။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘ကာယသုစရိုက်’လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘မနောသုစရိုက်’လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရား သုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်း မဖြစ်ကုန်၊ သူတစ်ပါးဆင်းရဲရန်လည်း မဖြစ်ကုန်၊ နှစ်ပါးစုံ ဆင်းရဲရန်လည်း မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။