အင်္ဂုတ္တရနိကာယ်
၃-ပုဂ္ဂလဝဂ်
၆-သေဝိတဗ္ဗသုတ်
၂၆။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးနည်းဟူမူ— ရဟန်းတို့ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊ ရဟန်းတို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊ ရဟန်းတို့ အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏။ ရဟန်းတို့ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ် ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာအားဖြင့် (မိမိအောက်) ယုတ်၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အစဉ် သနားခြင်း အစဉ်စောင့်ရှောက်ခြင်းကို ကြဉ်ထား၍ (မိမိအကျိုးငှါ) မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်း ကပ်ထိုက်။
ရဟန်းတို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာအားဖြင့် (မိမိနှင့်) တူ၏၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဉ်းကပ်ထိုက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ သီလအားဖြင့် တူခြင်းသို့ ရောက်ကုန်သော သူတော်ကောင်းတို့၏ သီလကို အကြောင်းပြု၍ဖြစ်သော စကားသည်လည်း ငါတို့အား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား အစဉ် မပြတ်သော စကားဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား ချမ်းသာစွာ နေရခြင်းသည်လည်း့ဖြစ်လတ္တံ့။ သမာဓိအားဖြင့် တူခြင်းသို့ ရောက်ကုန်သော သူတော်ကောင်းတို့၏ သမာဓိကို အကြောင်းပြု၍ ဖြစ်သော စကားသည်လည်း ငါတို့အား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား အစဉ်မပြတ်သော စကား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်လတ္တံ့။ ပညာ အားဖြင့် တူခြင်းသို့ ရောက်ကုန်သော သူတော်ကောင်းတို့၏ ပညာကို အကြောင်းပြု၍ဖြစ်သော စကားသည်လည်း ငါတို့အား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား အစဉ်မပြတ်သော စကား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား ချမ်းသာစွာနေရခြင်းသည်လည်း ဖြစ်လတ္တံ့။ ထို့ကြောင့် ဤသို့သဘော ရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဉ်းကပ်ထိုက်၏။
ရဟန်းတို့ အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာ အားဖြင့် (မိမိထက်) လွန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဉ်းကပ်ထိုက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤသို့ မှီဝဲ ဆည်းကပ် ချဉ်းကပ်ခြင်းဖြင့် မပြည့်စုံသေးသော သီလအစုကိုလည်း ပြည့်စုံစေရအံ့၊ ပြည့်စုံပြီးသော သီလအစုကိုလည်း ထို ထို အရာတို့၌ ပညာဖြင့် ချီးမြှောက်ရအံ့၊ မပြည့်စုံသေးသော သမာဓိအစုကိုလည်း ပြည့်စုံစေရအံ့၊ ပြည့်စုံပြီးသော သမာဓိအစုကိုလည်း ထို ထို အရာတို့၌ ပညာဖြင့် ချီးမြှောက်ရအံ့၊ မပြည့် မစုံသေးသော ပညာအစုကိုလည်း ပြည့်စုံစေရအံ့၊ ပြည့်စုံပြီးသော ပညာအစုကိုလည်း ထို ထို အရာတို့၌ ပညာဖြင့် ချီးမြှောက်ရအံ့၊ ထို့ကြောင့် ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏ဟု (မိန့်တော်မူ၏)။
မိမိအောက် သီလစသည်ဖြင့် နိမ့်သူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် ဆုတ်ယုတ် ရ၏၊ မိမိနှင့် သီလစသည်ဖြင့် တူသူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် တစ်ရံတစ်ခါမျှ မဆုတ်ယုတ်ရာ၊ မိမိထက် သီလစသည်ဖြင့် မြတ်သူကို ဆည်းကပ်သူသည် လျင်စွာ တိုးတက်၏။ ထို့ကြောင့် မိမိထက် သီလစသည်ဖြင့် မြင့်မြတ်သူကို ဆည်းကပ် ရာ၏။
ဆဋ္ဌသုတ်။