အင်္ဂုတ္တရနိကာယ်

၃-ပုဂ္ဂလဝဂ်

၈-ဂူထဘာဏီသုတ်

၂၈။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— မစင်ကဲ့သို့ မကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ ပန်း ကဲ့သို့ ကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ ပျားကဲ့သို့ ချိုသာ သော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ မစင်ကဲ့သို့ မကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ပွဲသဘင်၌ သော်လည်းကောင်း၊ ပရိသတ်၌သော်လည်းကောင်း၊ ဆွေမျိုးတို့အလယ်၌သော်လည်းကောင်း၊ အသင်းအပင်း အလယ်၌သော်လည်းကောင်း၊ မင်းမျိုးတို့အလယ်၌သော်လည်းကောင်း တည်နေသော အချို့သော ပုဂ္ဂိုလ်ကို ခေါ်ဆောင်၍ “အချင်းယောကျာ်း လာလော့ သင် သိသည်ကို ပြောပါလော့”ဟု သက်သေအရာ၌ ထား လျက် မေးအပ်၏၊ ထိုသူသည် “မသိသည်ကို သိ၏”ဟုလည်းကောင်း၊ “သိသည်ကို မသိ”ဟုလည်းကောင်း၊ “မမြင်သည်ကို မြင်၏”ဟုလည်းကောင်း၊ “မြင်သည်ကို မမြင်”ဟုလည်းကောင်း၊ ဤသို့ မိမိ အကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါးအကြောင်းကြောင့်သော်လည်းကောင်း၊ တံစိုးလက်ဆောင် အစားအစာဟူသော အကြောင်းကြောင့်သော်လည်းကောင်း သိလျက် မမှန်သောစကားကို ပြောဆို၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မစင်ကဲ့သို့ မကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ပန်းကဲ့သို့ ကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ပွဲသဘင်၌သော်လည်းကောင်း၊ ပရိသတ်၌သော်လည်းကောင်း၊ ဆွေမျိုးတို့ အလယ်၌သော်လည်းကောင်း၊ အသင်းအပင်းအလယ်၌သော်လည်းကောင်း၊ မင်းမျိုးတို့အလယ်၌သော်လည်းကောင်း တည်နေသော အချို့သော ပုဂ္ဂိုလ်ကို ခေါ်ဆောင်၍ “အချင်းယောကျာ်း လာလော့ သင်သိသည်ကို ပြောပါလော့”ဟု သက်သေအရာ၌ ထားလျက် မေးအပ်၏၊ ထိုသူသည် “မသိသည်ကို မသိ”ဟုလည်းကောင်း၊ “သိသည်ကို သိ၏”ဟုလည်းကောင်း၊ “မမြင်သည်ကို မမြင်ဟု”လည်းကောင်း၊ “မြင်သည်ကို မြင်၏”ဟုလည်းကောင်း၊ ဤသို့ မိမိအကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါးအကြောင်းကြောင့် သော်လည်းကောင်း၊ တံစိုးလက်ဆောင် အစားအစာဟူသော အကြောင်းကြောင့်သော်လည်းကောင်း သိလျက် မမှန်သော စကားကို မပြောဆို။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ပန်းကဲ့သို့ ကောင်းသော အနံ့ရှိသော စကား ကို ပြောဆိုတတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ပျားကဲ့သို့ ချိုသာသော စကားကို ပြောဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြမ်းသော စကားကို ပယ်၍ ကြမ်းသော စကားမှ ရှောင်ကြဉ်၏။ အကြင် စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကို ဆို၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ပျားကဲ့သို့ ချိုသာသော စကားကို ပြောဆိုတတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။