အင်္ဂုတ္တရနိကာယ်

(၆) ၁-ဗြာဟ္မဏဝဂ်

၆-ပလောကသုတ်

၅၇။ ထိုအခါ ဥစ္စာကြွယ်ဝသော ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ပြီး လျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (အသက်) ကြီးကုန် အရွယ်ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ရှေးပုဏ္ဏားတို့ ပြောဆိုကြသော ဤစကားကို ကြားဖူးပါသည် ‘ရှေးအခါက ဤလူ့ဘုံလောကသည် အဝီစိငရဲကြီးကဲ့သို့ပင် လူတို့ဖြင့် ပြည့်နှက်၍ နေ၏၊ ရွာ နိဂုံး မင်းနေပြည်တို့သည် ကြက်ပျံတကျ ရှိကုန်၏’ဟု (ကြားဖူးပါသည်)။ ယခု အခါ၌ လူအများနည်းပါးကုန်ခန်း၏၊ ကျိုးတိုးကျဲတဲ ထင်၏၊ ရွာတို့သည်လည်း ရွာမဟုတ်ကုန်၊ နိဂုံးတို့သည်လည်း နိဂုံးမဟုတ်ကုန်၊ မြို့တို့သည်လည်း မြို့ မဟုတ်ကုန်၊ ဇနပုဒ်တို့သည်လည်း ဇနပုဒ် မဟုတ် ကုန်။ အသျှင်ဂေါတမ ယင်းသို့ ဖြစ်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။

ပုဏ္ဏား ယခုအခါ၌ လူတို့သည် မတရားသော ‘အဓမ္မ’ လောဘဖြင့် တပ်မက်ကုန်၏၊ မညီမျှ သော ‘ဝိသမ’ လောဘဖြင့် နှိပ်စက်အပ်ကုန်၏၊ မှောက်မှားသော အကျင့် ‘မိစ္ဆာဓမ္မ’ နှင့် ပြည့်စုံကုန်၏၊ ထိုသူတို့သည် မတရားသော လောဘဖြင့် တပ်မက်ကုန်သည် ဖြစ်၍ မညီမျှသော လောဘဖြင့် နှိပ်စက့်အပ်ကုန်သည် ဖြစ်၍ မှောက်မှားသော အကျင့်နှင့် ပြည့်စုံကုန်သည် ဖြစ်၍ ထက်သော လက်နက်တို့ကို စွဲကိုင်ကြလျက် အချင်းချင်း သတ်ဖြတ်ကြကုန်၏၊ ထို့ကြောင့် လူပေါင်း မြောက်မြားစွာ သေကုန်၏၊ ယင်းအကြောင်းကြောင့် ယခုအခါ၌ လူများနည်းပါးကုန်ခန်း၏၊ ကျိုးတိုးကျဲတဲ ထင်၏၊ ရွာတို့သည်လည်း ရွာမဟုတ်ကုန်၊ နိဂုံးတို့သည်လည်း နိဂုံး မဟုတ်ကုန်၊ မြို့တို့သည်လည်း မြို့မဟုတ်ကုန်၊ ဇနပုဒ်တို့သည်လည်း ဇနပုဒ် မဟုတ်ကုန်။ ပုဏ္ဏား ဤသည်လည်း အကြောင်း (တစ်ရပ်) အထောက်အထား (တစ်ခု) ပေတည်း။

ပုဏ္ဏား နောက်တစ်မျိုးကား ယခုအခါ၌ လူတို့သည် မတရားသော လောဘဖြင့် တပ်မက်ကုန်၏၊ မညီမျှသော လောဘဖြင့် နှိပ်စက်အပ်ကုန်၏၊ မှောက်မှားသော အကျင့်နှင့် ပြည့်စုံကုန်၏၊ မတရားသော လောဘဖြင့် တပ်မက်ကုန်သော မညီမျှသော လောဘဖြင့် နှိပ်စက်အပ်ကုန်သော မှောက်မှားသော အကျင့် နှင့် ပြည့်စုံကုန်သော ထို လူတို့အား မိုးသည် ရေအလျဉ်ကို ကောင်းစွာ ရွာချမပေး၊ ထို့ကြောင့် ငတ်မွတ် ခေါင်းပါး၏၊ ကောက်ပင်တို့ မသန်စွမ်းကုန်၊ ကောက်ပင်တို့ ပိုးဖျက်ခံရ၏၊ အရိုးတံသာ ကျန်ရှိ၏၊ ထို့ကြောင့် လူပေါင်းမြောက်မြားစွာ သေကုန်၏။ ယင်းအကြောင်းကြောင့် ယခုအခါ၌ လူများနည်းပါး ကုန်ခန်း၏၊ ကျိုးတိုးကျဲတဲ ထင်၏၊ ရွာတို့သည်လည်း ရွာမဟုတ်ကုန်၊ နိဂုံးတို့သည်လည်း နိဂုံး မဟုတ်ကုန်၊ မြို့တို့သည်လည်း မြို့မဟုတ်ကုန်၊ ဇနပုဒ်တို့သည်လည်း ဇနပုဒ်မဟုတ်ကုန်။ ပုဏ္ဏား ဤသည်လည်း အကြောင်း (တစ်ရပ်) အထောက်အထား (တစ်ခု) ပေတည်း။

ပုဏ္ဏား နောက်တစ်မျိုးကား ယခုအခါ၌ လူတို့သည် မတရားသော လောဘဖြင့် တပ်မက်ကုန်၏၊ မညီမျှသော လောဘဖြင့် နှိပ်စက်အပ်ကုန်၏၊ မှောက်မှားသော အကျင့်နှင့် ပြည့်စုံကုန်၏၊ မတရားသော လောဘဖြင့် တပ်မက်ကုန်သော မညီမျှသော လောဘဖြင့် နှိပ်စက်အပ်ကုန်သော မှောက်မှားသော အကျင့် နှင့် ပြည့်စုံကုန်သော ထို လူတို့ထံသို့ အကြီးအကဲဖြစ်သော ဘီလူးတို့သည် ကြမ်းတမ်းသော ဘီလူးတို့ကို စေလွှတ်ကုန်၏၊ ထို့ကြောင့် လူအပေါင်းမြောက်မြားစွာ သေကုန်၏။ ယင်းအကြောင်းကြောင့် ယခုအခါ၌ လူအများနည်းပါးကုန်ခန်း၏၊ ကျိုးတိုးကျဲတဲ ထင်၏၊ ရွာတို့သည်လည်း ရွာမဟုတ်ကုန်၊ နိဂုံးတို့သည်လည်း နိဂုံးမဟုတ်ကုန်၊ မြို့တို့သည်လည်း မြို့မဟုတ်ကုန်၊ ဇနပုဒ်တို့သည်လည်း ဇနပုဒ်မဟုတ်ကုန်။ ပုဏ္ဏား ဤသည်လည်း အကြောင်း (တစ်ရပ်) အထောက်အထား (တစ်ခု) ပေတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါး) ကို ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

ဆဋ္ဌသုတ်။