အင်္ဂုတ္တရနိကာယ်
(၉) ၄-သမဏဝဂ်
၆-ပဌမ သိက္ခာသုတ်
၈၇။ ရဟန်းတို့ ဤသိက္ခာပုဒ် တစ်ရာ့ငါးဆယ်ကျော်သည် လခွဲတစ်ကြိမ် အကျဉ်းပြခြင်းသို့ ရောက်၏၊ ယင်းသိက္ခာပုဒ်တို့၌ မိမိအကျိုးစီးပွါးကို လိုလားသော အမျိုးသားတို့သည် ကျင့်ကုန်၏။ ရဟန်းတို့ အကျင့် ‘သိက္ခာ’တို့ဟူသည် ဤသုံးမျိုးတို့ပေတည်း၊ ယင်းသိက္ခာသုံးမျိုးတို့၌ ထို သိက္ခာပုဒ် အလုံးစုံသည် အကျုံးဝင်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာ သိက္ခာတို့တည်း။ ရဟန်းတို့ အကျင့် ‘သိက္ခာ’ဟူသည် ဤသုံးမျိုးတို့တည်း၊ ယင်းသိက္ခာသုံးမျိုးတို့၌ ထို သိက္ခာပုဒ်အလုံးစုံသည် အကျုံးဝင်၏။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ အတိုင်းအရှည်အားဖြင့် ပြုလေ့ရှိ၏၊ ပညာ၌ အတိုင်းအရှည် အားဖြင့် ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန်ငယ်ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ (ထို အာပတ်တို့မှ) ထလည်း ထ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ဤအာပတ်သင့်ခြင်း၁ အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါမဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ် ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် သောတာပန် ဖြစ်၏၊ အပါယ်သို့ ကျရောက်ခြင်းသဘော မရှိ၊ ကိန်းသေ မြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိ၏။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ အတိုင်းအရှည်အားဖြင့် ပြုလေ့ရှိ၏၊ ပညာ၌ အတိုင်းအရှည် အားဖြင့် ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန်ငယ် ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ (ထို အာပတ်တို့မှ) ထလည်း ထ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ဤအာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါမဟောအပ်သောကြောင့်တည်း။ (အရိယာ မဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက် ပတ်ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ် တို့၌ ဆောက်တည်၍ ကျင့်၏။
ထိုရဟန်းသည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် သကဒါဂါမ်ဖြစ်၏၊ တပ်မက်ခြင်း ‘ရာဂ’ ပြစ်မှားခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’တို့၏ ခေါင်းပါးခြင်းကြောင့် ဤလူ့ပြည်သို့ တစ်ကြိမ်သာလာ၍ ဆင်းရဲ၏အဆုံးကို ပြုလတ္တံ့။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ ပညာ၌ အတိုင်းအရှည်အားဖြင့် ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန် ငယ်ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ (ထို အာပတ်တို့မှ) ထလည်း ထ၏၊ ထိုသို့ဖြစ်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ဤအာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါမဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ်ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက် တည်၍ ကျင့်၏။ ထိုရဟန်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိကုန်သော ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အနာဂါမ်ဖြစ်၏၊ ဗြဟ္မာ့ဘုံ၌ ဥပပါတ် ပဋိသန္ဓေနေသူ ဖြစ်၏၊ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန် ပြု၏၊ ထို (ဘုံ) မှ ပြန်လည်ခြင်းသဘော မရှိ။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ ပညာ၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန်ငယ် ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ ထို (အာပတ်တို့မှ) ထလည်း ထ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ဤအာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါမဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ်ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက် သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေသော ရဟန္တာ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် တစ်စိတ်တစ်ဒေသ (အောက်မဂ်) ကို ပြုလေ့ရှိသော (သောတာပန် သကဒါဂါမ် အနာဂါမ်) ပုဂ္ဂိုလ်သည် တစ်စိတ်တစ်ဒေသ (အောက်မဂ်) ကို ပြီးစေ၏၊ အပြည့်အစုံ (အရဟတ္တဖိုလ်) ကို ပြုလေ့ရှိသော (ရဟန္တာ) ပုဂ္ဂိုလ်သည် အပြည့်အစုံ (အရဟတ္တဖိုလ်) ကို ပြီးစေ၏။ ရဟန်းတို့ ဤသိက္ခာပုဒ်တို့ကို မမြုံ ‘အချည်း အနှီးမဟုတ်’ကုန်ဟူ၍သာလျှင် ငါဆို၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
၁။ အာပတ်မသင့်ထိုက်ကြောင်းကို မဟောဟုဆိုသဖြင့် အာပတ်သင့်ထိုက်ကြောင်းကို ဟောသည်ဟု အဓိပ္ပါယ်ရသည်၊ ထို့ကြောင့် ရဟန္တာများသည် လောကပြစ် အာပတ်မျိုးသာ မသင့်၊ ဓမ္မပြစ် အာပတ်ကြီး အာပတ်ငယ်များ သင့်ကြသေးသည်ကို အဋ္ဌကထာ အစောင်စောင်တို့ ဖွင့်သည်၊ ဝိနည်း၌ကား သာ၍ ထင်ရှား စုံလင်သည်။