အင်္ဂုတ္တရနိကာယ်

(၁၁) ၁-ဝလာဟကဝဂ်

၁ဝ-အာသီဝိသသုတ်

၁၁ဝ။ ရဟန်းတို့ မြွေတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— လျင်စွာ့တက်သော အဆိပ်သာရှိ၍ မကြမ်းသော အဆိပ်ရှိသော မြွေ၊ ကြမ်းသော အဆိပ်သာရှိ၍ လျင်စွာ တက်သော အဆိပ်မရှိသော မြွေ၊ လျင်စွာတက်သော အဆိပ်လည်းရှိ ကြမ်းသော အဆိပ်လည်း ရှိသော မြွေ၊ လျင်စွာတက်သော အဆိပ်လည်း မရှိ၊ ကြမ်းသော အဆိပ်လည်း မရှိသော မြွေတို့တည်း။ ရဟန်းတို့ မြွေတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအတူသာလျှင် မြွေနှင့်တူသော ပုဂ္ဂိုလ် လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်လေး မျိုးတို့နည်းဟူမူ— လျင်စွာတက်သော အဆိပ်သာရှိ၍ ကြမ်းသော အဆိပ်မရှိသော ပုဂ္ဂိုလ်၊ ကြမ်းသော အဆိပ်သာရှိ၍ လျင်စွာတက်သော အဆိပ်မရှိသော ပုဂ္ဂိုလ်၊ လျင်စွာတက်သော အဆိပ်လည်းရှိ ကြမ်းသော အဆိပ်လည်း ရှိသော ပုဂ္ဂိုလ်၊ လျင်စွာတက်သော အဆိပ်လည်း မရှိ၊ ကြမ်းသော အဆိပ်လည်း မရှိသော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် လျင်စွာ တက်သော အဆိပ်သာရှိ၍ ကြမ်းသော အဆိပ် မရှိသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက် တတ်၏၊ ထိုသူ၏ ယင်းအမျက်သည်ကား ကာလရှည်စွာ မကိန်းအောင်း။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် လျင်စွာတက်သော အဆိပ်သာရှိ၍ ကြမ်းသော အဆိပ်မရှိသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို မြွေသည် လျင်စွာ တက်သော အဆိပ်သာရှိ၍ ကြမ်းသော အဆိပ်မရှိသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို မြွေနှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ကြမ်းသော အဆိပ်သာရှိ၍ လျင်စွာ တက်သော အဆိပ် မရှိသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်မထွက် တတ်၊ ထိုပုဂ္ဂိုလ်၏ ယင်းအမျက်သည်ကား ကာလရှည်စွာ ကိန်းအောင်း၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ကြမ်းသော အဆိပ်သာရှိ၍ လျင်စွာတက်သော အဆိပ်မရှိသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို မြွေသည် ကြမ်းသော အဆိပ်သာရှိ၍ လျင်စွာတက်သော အဆိပ်မရှိသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို မြွေနှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် လျင်စွာ တက်သော အဆိပ်လည်းရှိ ကြမ်းသော အဆိပ်လည်းရှိသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက် ထွက်တတ်၏၊ ထို ပုဂ္ဂိုလ်၏ ယင်းအမျက်သည်ကား ကာလရှည်စွာ ကိန်းအောင်း၏။ ရဟန်းတို့ ဤသို့ လျှင် ပုဂ္ဂိုလ်သည် လျင်စွာတက်သော အဆိပ်လည်းရှိသော ကြမ်းသော အဆိပ်လည်းရှိသော ပုဂ္ဂိုလ် မည်၏။ ရဟန်းတို့ ထို မြွေသည် လျင်စွာတက်သော အဆိပ်လည်းရှိ၍ ကြမ်းသော အဆိပ်လည်း ရှိသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထို မြွေနှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် လျင်စွာတက်သော အဆိပ်လည်း မရှိ ကြမ်းသော အဆိပ်လည်းမရှိသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက် မထွက်တတ်၊ ထို ပုဂ္ဂိုလ်၏ ယင်းအမျက်သည်ကား ကာလရှည်စွာ မကိန်းအောင်း။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် လျင်စွာ တက်သော အဆိပ်လည်း မရှိ၊ ကြမ်းသော အဆိပ်လည်း မရှိသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို မြွေသည် လျင်စွာ တက်သော အဆိပ်လည်း မရှိ, ကြမ်းသော အဆိပ်လည်း မရှိသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို မြွေနှင့်တူ၏ဟု ငါဆို၏။ ရဟန်းတို့ မြွေနှင့်တူသော ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော ဝလာဟကဝဂ် ပြီး၏။