အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ပုဂ္ဂလဝဂ်
၇-ဒုတိယ သီလသုတ်
၁၃၇။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ သီလ သမာဓိ ပညာတို့ကို အလေးမပြု အကြီးအမှူးမပြုသော ပုဂ္ဂိုလ်တစ်မျိုး။ ရဟန်းတို့ ဤလောက၌ သီလကိုသာ အလေးပြု အကြီးအမှူးပြု၍ သမာဓိနှင့် ပညာကို အလေးမပြု အကြီးအမှူးမပြုသော ပုဂ္ဂိုလ်တစ်မျိုး။ ရဟန်းတို့ ဤလောက၌ သီလနှင့် သမာဓိကို အလေးပြု အကြီးအမှူးပြု၍ ပညာကို အလေးမပြု အကြီးအမှူးမပြုသော ပုဂ္ဂိုလ်တစ်မျိုး။ ရဟန်းတို့ ဤလောက၌ သီလ သမာဓိ ပညာကို အလေးပြု အကြီးအမှူးပြုသော ပုဂ္ဂိုလ်တစ်မျိုးတို့တည်း။ ရဟန်း တို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။