အင်္ဂုတ္တရနိကာယ်
(၁၇) ၂-ပဋိပဒါဝဂ်
၁ဝ-ယုဂနန္ဓသုတ်
၁၇ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသမ္ဗီ ပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟု ခေါ်၏။ ရဟန်းတို့သည် “ငါ့သျှင်”ဟု အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ထား ကုန်၏။ အသျှင်အာနန္ဒာသည် ဤစကားကို မိန့်ဆို၏—
ငါ့သျှင်တို့ ရဟန်းယောကျာ်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ငါ၏ အထံ၌ အရဟတ္တဖိုလ်သို့ ရောက်ခြင်းကို ပြောကြား၏၊ ထိုရဟန်းယောကျာ်း ရဟန်းမိန်းမအားလုံးသည် မဂ်လေးပါးတို့ဖြင့်သော်လည်းကောင်း၊ ထို မဂ်လေးပါးတို့တွင် တစ်ပါးပါးဖြင့်သော်လည်းကောင်း (အရဟတ္တဖိုလ်သို့ ရောက်ကြောင်း ကို ပြောကြား၏)။
အဘယ်လေးပါးတို့နည်းဟူမူ— ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သမထလျှင် ရှေ့သွား ရှိသော ဝိပဿနာကို ပွါးများ၏၊ သမထလျှင် ရှေ့သွားရှိသော ဝိပဿနာကို ပွါးများသော ထိုရဟန်းအား (သောတာပတ္တိ) မဂ်သည် ထင်၏၊ ထိုရဟန်းသည် ထို မဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထို မဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုရဟန်းအား သံယောဇဉ်တို့သည် ပျောက် ကုန်၏၊ အနုသယတို့သည် ကင်းကုန်၏။
ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ဝိပဿနာလျှင် ရှေ့သွားရှိသော သမထကို ပွါးများ၏၊ ဝိပဿနာလျှင် ရှေ့သွားရှိသော သမထကို ပွါးများသော ထိုရဟန်းအား မဂ်သည် ထင်၏၊ ထိုရဟန်းသည် ထို မဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထို မဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုရဟန်းအား သံယောဇဉ်တို့သည် ပျောက်ကုန်၏၊ အနုသယတို့သည် ကင်းကုန်၏။
ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် သမထ + ဝိပဿနာ ကို အစုံဖွဲ့၍ ပွါးများ၏၊ သမထ + ဝိပဿနာကို အစုံဖွဲ့၍ပွါးများသော ထိုရဟန်းအား မဂ်သည် ထင်၏၊ ထိုရဟန်းသည် ထို မဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထို မဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုရဟန်းအား သံယောဇဉ်တို့သည် ပျောက်ကုန်၏၊ အနုသယတို့သည် ကင်းကုန်၏။
ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းအားတရားတို့၌ ပျံ ့လွင့်ခြင်း ‘ဓမ္မုဒ္ဓစ္စ’သည် အထူးသဖြင့် ယူအပ်သော စိတ်ဖြစ်၏၊ ငါ့သျှင်တို့ အကြင် အခါ၌ ထို ဝိပဿနာစိတ်သည် (ဂေါစရဇ္ဈတ္တ) နိဗ္ဗာန်၌သာလျှင် ကောင်းစွာ တည်၏၊ ကောင်းစွာ နစ်၏၊ ကောင်းစွာ တည်ကြည်၏၊ စိတ်ကို ကောင်းစွာ ထား၏၊ ထိုအခါ ထိုရဟန်းအား မဂ်သည် ထင်၏၊ ထိုရဟန်းသည် ထို မဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထို မဂ်ကို ပွါးများသော မှီဝဲသော ကြိမ်ဖန်များစွာပြုသော ထိုရဟန်းအား သံယောဇဉ်တို့သည် ပျောက်ကုန်၏၊ အနုသယတို့သည် ကင်းကုန်၏။
ငါ့သျှင်တို့ ရဟန်းယောကျာ်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ငါ၏ အထံ၌ အရဟတ္တဖိုလ်သို့ ရောက်ခြင်းကို ပြောကြား၏၊ ထိုရဟန်းယောကျာ်း ရဟန်းမိန်းမအားလုံးသည် ဤမဂ်လေးပါးတို့ဖြင့်သော်လည်းကောင်း၊ ထို မဂ်လေးပါးတို့တွင် တစ်ပါးပါးဖြင့်သော်လည်းကောင်း (အရဟတ္တဖိုလ်သို့ ရောက်ခြင်းကို ပြောကြား၏)ဟု (မိန့်ဆို၏)။
ဒသမသုတ်။
နှစ်ခုမြောက် ပဋိပဒါဝဂ် ပြီး၏။