အင်္ဂုတ္တရနိကာယ်

(၁၉) ၄-ဗြာဟ္မဏဝဂ်

၂-ပါဋိဘောဂသုတ်

၁၈၂။ ရဟန်းတို့ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သည့်ပုဂ္ဂိုလ်ပင်ဖြစ်စေတရားလေးမျိုးတို့ကို တာဝန်ခံနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေ။

အဘယ်လေးမျိုးတို့နည်းဟူမူ— သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ လောက၌ မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်စေ အိုခြင်းသဘောကို “မအိုစေအံ့”ဟု တာဝန်ခံနိုင်သူ တစ်စုံ တစ်ယောက်မျှ မရှိပေ။ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သည့်ပုဂ္ဂိုလ်ပင်ဖြစ်စေ နာခြင်းသဘောကို “မနာစေအံ့”ဟု တာဝန်ခံနိုင်သူ တစ်စုံ တစ်ယောက်မျှ မရှိပေ။ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သည့်ပုဂ္ဂိုလ်ပင်ဖြစ်စေ သေခြင်းသဘောကို “မသေစေအံ့”ဟု တာဝန်ခံနိုင်သူ တစ်စုံ တစ်ယောက်မျှ မရှိပေ။ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သည့်ပုဂ္ဂိုလ်ပင်ဖြစ်စေ ကိလေသာ၏ အာရုံဖြစ်ကုန်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ် ကုန်သော ပူပန်ခြင်းနှင့် တကွဖြစ်ကုန်သော ဆင်းရဲသော အကျိုးရှိကုန်သော နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကုန်သော ရှေးက မိမိသည် ပြုအပ်ပြီးကုန်သော ယုတ်ညံ့ကုန်သော ကံတို့၏ အကျိုးကို “မဖြစ်စေအံ့”ဟု တာဝန်ခံနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေ။

ရဟန်းတို့ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်စေ ဤတရားလေးမျိုးတို့ကို တာဝန်ခံနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။