အင်္ဂုတ္တရနိကာယ်

၁-ဘဏ္ဍဂါမဝဂ်

၂-ပပတိတသုတ်

၂။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် မပြည့်စုံသော သူကို “ဤသာသနာတော်မှ လျောကျသူ”ဟု ဆိုထိုက်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ မြတ်သော သီလနှင့် မပြည့်စုံသော သူကို “ဤသာသနာတော်မှ လျောကျသူ”ဟု ဆိုထိုက်၏၊ ရဟန်းတို့ မြတ်သော သမာဓိနှင့် မပြည့်စုံသော သူကို “ဤသာသနာတော်မှ လျောကျသူ”ဟု ဆိုထိုက်၏၊ ရဟန်းတို့ မြတ်သော ပညာနှင့် မပြည့်စုံသော သူကို “ဤသာသနာတော်မှ လျောကျသူ”ဟု ဆိုထိုက်၏၊ ရဟန်းတို့ မြတ်သော ထွက်မြောက်မှု ‘အရဟတ္တဖိုလ်’ နှင့် မပြည့်စုံသော သူကို “ဤသာသနာတော်မှ လျောကျသူ”ဟု ဆိုထိုက်၏။ ရဟန်းတို့ ဤတရား လေးမျိုးတို့နှင့် မပြည့်စုံသော သူကို “ဤသာသနာတော်မှ လျောကျသူ”ဟု ဆိုထိုက်၏။

ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသူကို “ဤသာသနာတော်မှ မလျောကျသူ”ဟု ဆိုထိုက်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ မြတ်သော သီလနှင့် ပြည့်စုံသော သူကို “ဤသာသနာတော်မှ မလျောကျသူ”ဟု ဆိုထိုက်၏၊ ရဟန်းတို့ မြတ်သော သမာဓိနှင့် ပြည့်စုံသော သူကို “ဤသာသနာ တော်မှ မလျောကျသူ”ဟု ဆိုထိုက်၏၊ ရဟန်းတို့ မြတ်သော ပညာနှင့် ပြည့်စုံသော သူကို “ဤသာသနာတော်မှ မလျောကျသူ”ဟု ဆိုထိုက်၏၊ ရဟန်းတို့ မြတ်သောလွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ နှင့် ပြည့်စုံသောသူကို “ဤသာသနာတော်မှ မလျောကျသူ”ဟု ဆိုထိုက်၏။ ရဟန်းတို့ ဤတရား လေးမျိုးတို့နှင့် ပြည့်စုံသော သူကို “ဤသာသနာတော်မှ မလျောကျသူ”ဟု ဆိုထိုက်၏ဟု (မိန့်တော်မူ၏)။

(သာသနာတော်မှ) ရွေ့လျောသော သူတို့သည် လျောကျသည် မည်ကုန်၏၊ လျောကျသော သူတို့သည် (တဏှာဖြင့်) တပ်မက်ကုန်သည်ဖြစ်၍ တစ်ဖန်ဖြစ်ခြင်း သို့ ရောက်ရကုန်၏၊ (အရိယဓမ္မလေးပါးနှင့် ပြည့်စုံသူသည်) မဂ်ကိစ္စ တစ်ဆယ့် ခြောက်ရပ်ကို ပြုပြီးပြီ၊ မွေ့လျော်ဖွယ် (ကျေးဇူးတရား) ၌ မွေ့လျော်ပြီ၊ ချမ်းသာ တစ်ခုဖြင့် ချမ်းသာတစ်ခုသို့ အစဉ်ရောက်ရသတည်း။

ဒုတိယသုတ်။