အင်္ဂုတ္တရနိကာယ်

(၂၁) ၁-သပ္ပုရိသဝဂ်

၁ဝ-စတုတ္ထ ပါပဓမ္မသုတ်

၂၁ဝ။ ရဟန်းတို့ ယုတ်ညံ့သော တရားရှိသူကိုလည်းကောင်း၊ ယုတ်ညံ့သော တရားရှိသူအောက် ယုတ်ညံ့သော တရားရှိသူကိုလည်းကောင်း၊ ကောင်းမြတ်သော တရားရှိသူကိုလည်းကောင်း၊ ကောင်းမြတ် သော တရားရှိသူထက် ကောင်းမြတ်သော တရားရှိသူကိုလည်းကောင်း သင်တို့အား ဟောကြားပေအံ့၊ ထို (တရား) ကို နာကြကုန်လော့။ပ။

ရဟန်းတို့ ယုတ်ညံ့သော တရားရှိသူဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မှားသော အယူရှိ၏။ပ။ မှားသော အသိဉာဏ်ရှိ၏။ မှားသော လွတ်မြောက်မှုရှိ၏။ ရဟန်းတို့ ဤသူကို ယုတ်ညံ့သော တရားရှိသူဟု ဆိုအပ်၏။

ရဟန်းတို့ ယုတ်ညံ့သော တရားရှိသူအောက် ယုတ်ညံ့သော တရားရှိသူဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မိမိလည်း မှားသော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည်စေ၏။ပ။ မိမိလည်း မှားသော အသိဉာဏ်ရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အသိဉာဏ်၌ ဆောက်တည်စေ၏၊ မိမိလည်း မှားသော လွတ်မြောက်မှုရှိ၏၊ သူတစ်ပါးကိုလည်း မှားသော လွတ်မြောက်မှု၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို ယုတ်ညံ့သော တရားရှိသူအောက် ယုတ်ညံ့သော တရားရှိသူဟု ဆိုအပ်၏။

ရဟန်းတို့ ကောင်းမြတ်သော တရားရှိသူဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မှန်သော အယူရှိ၏။ပ။ မှန်သော အသိဉာဏ်ရှိ၏၊ မှန်သော လွတ်မြောက်မှုရှိ၏။ ရဟန်းတို့ ဤသူကို ကောင်းမြတ်သော တရားရှိသူဟု ဆိုအပ်၏။

ရဟန်းတို့ ကောင်းမြတ်သော တရားရှိသူထက် ကောင်းမြတ်သော တရားရှိသူဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မိမိလည်း မှန်သော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှန်သော အယူ၌ ဆောက်တည်စေ၏။ပ။ မိမိလည်း မှန်သော အသိဉာဏ်ရှိ၏၊ သူတစ်ပါးကိုလည်း မှန် သော အသိဉာဏ်၌ ဆောက်တည်စေ၏။ မိမိလည်း မှန်သော လွတ်မြောက်မှု ရှိ၏၊ သူတစ်ပါးကိုလည်း မှန်သော လွတ်မြောက်မှု၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို ကောင်းမြတ်သော တရားရှိသူထက် ကောင်းမြတ်သော တရားရှိသူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော သပ္ပုရိသဝဂ် ပြီး၏။