အင်္ဂုတ္တရနိကာယ်

(၂၃) ၃-ဒုစ္စရိတဝဂ်

၂-ဒိဋ္ဌိသုတ်

၂၂၂။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော မိုက်သော မလိမ္မာသော သူယုတ်မာသည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို ရွက်ဆောင်၏၊ အပြစ်လည်းရှိ၏၊ ပညာရှိတို့လည်း ကဲ့ရဲ့အပ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ကာယဒုစရိုက်၊ ဝစီ ဒုစရိုက်၊ မနောဒုစရိုက်၊ မိစ္ဆာဒိဋ္ဌိတို့တည်း။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော မိုက်သော မလိမ္မာသော သူယုတ်မာသည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို ရွက်ဆောင်၏၊ အပြစ်လည်းရှိ၏၊ ပညာရှိတို့လည်း ကဲ့ရဲ့အပ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။

ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြိုအပ် မဖျက်ဆီးအပ်သော မိမိကိုယ်ကို ရွက်ဆောင်၏၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်၊ များစွာသော ကုသိုလ်ကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ကာယ သုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်၊ သမ္မာဒိဋ္ဌိတို့တည်း။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံ သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် ဂုဏ်ကျေးဇူးကို မတူးဖြိုမဖျက်ဆီးအပ်သော မိမိ ကိုယ်ကို ရွက်ဆောင်၏၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။