အင်္ဂုတ္တရနိကာယ်

(၂၇) ၇-ကမ္မပထဝဂ်

၁-ပါဏာတိပါတီသုတ်

၂၆၄။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— မိမိကိုယ်တိုင်လည်း သူ့အသက်ကို သတ်၏၊ သူတစ်ပါးကိုလည်း သူ့အသက်သတ်ခြင်း၌ ဆောက်တည်စေ၏၊ သူ့အသက်သတ်ခြင်း၌ နှစ်သက်သဘော့တူ၏၊ သူ့အသက် သတ်ခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— မိမိကိုယ်တိုင်လည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ သူ့ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ နှစ်သက် သဘောတူ၏၊ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထား အပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။