အင်္ဂုတ္တရနိကာယ်

(၆) ၁-ပုညာဘိသန္ဒဝဂ်

၇-သုပ္ပဝါသာသုတ်

၅၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောလိယဇနပုဒ်ဝယ် ကောလိယမင်းမျိုးတို့၏ ပဇ္ဇနိက မည်သော နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် ကောလိယမင်းသမီး သုပ္ပဝါသာ၏ အိမ်သို့ ချဉ်းကပ်ပြီး လျှင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ ကောလိယမင်းသမီး သုပ္ပဝါသာသည် မြတ်စွာဘုရားကို မွန်မြတ်သော ခဲဖွယ် စားဖွယ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏၊ ဆွမ်းစားပြီးနောက် သပိတ်တော်မှ လက်ကို ဖယ်ပြီးသော မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေသော ကောလိယမင်းသမီး သုပ္ပဝါသာအား မြတ်စွာဘုရားသည်— ိံသုပ္ပဝါသာ ဘောဇဉ် ကို ပေး လှူသော အရိယာတပည့် မသည် အလှူခံပုဂ္ဂိုလ်တို့ အား လေး မျိုးသော အရာတို့ကို ပေးလှူသည် မည်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— အသက်ကို ပေးလှူသည် မည်၏၊ အဆင်းကို ပေးလှူသည် မည်၏၊ ချမ်းသာကို ပေးလှူသည် မည်၏၊ ခွန်အားကို ပေးလှူသည် မည်၏။ အသက်ကို ပေးလှူသည်မည်ခြင်းကြောင့် နတ်သက်သော်လည်းကောင်း၊ လူသက်သော်လည်းကောင်း ရှည်ရန် ဖြစ်၏၊ အဆင်းကို ပေးလှူသည်မည်ခြင်းကြောင့် နတ်အဆင်းသော်လည်းကောင်း၊ လူအဆင်းသော်လည်းကောင်း လှရန်ဖြစ်၏၊ ချမ်းသာကို ပေးလှူသည်မည်ခြင်းကြောင့် နတ်ချမ်းသာသော်လည်းကောင်း၊ လူချမ်းသာသော်လည်းကောင်း ရရန်ဖြစ်၏၊ ခွန်အားကို ပေးလှူသည်မည်ခြင်းကြောင့် နတ် ခွန်အားသော်လည်းကောင်း၊ လူခွန်အားသော်လည်းကောင်း ကြီးရန် ဖြစ်၏။ သုပ္ပဝါသာဘောဇဉ်ကို ပေးလှူသော အရိယာတပည့်မသည် အလှူခံပုဂ္ဂိုလ်တို့အား ဤလေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏ဟု မိန့်တော်မူ၏။ အကြင် အရိယာတပည့်မသည် အကျင့် ‘စရဏ’ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံကုန်သော မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်သော ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့၌ စင်ကြယ်သော မွန်မြတ်သော အရသာနှင့် ပြည့်စုံသော ကောင်းစွာ စီရင်အပ်သော ဘောဇဉ်ကို ပေးလှူ၏၊ ထို အရိယာတပည့်မ၏ အလှူကို ကောင်းမှု အချင်းချင်း ဆက်စပ်လျက် ကြီးမြတ်သောအကျိုးရှိ၏ဟူ၍ လောက သုံးပါးကို သိတော်မူသော မြတ်စွာဘုရားတို့သည် ချီးမွမ်းတော်မူအပ်၏။ လောက၌ အကြင်သူတို့သည် ထိုသို့သဘောရှိသော ကောင်းမှုကို အဖန်တလဲလဲ အောက်မေ့ကုန်လျက် နှစ်သက်ခြင်းရှိကုန်သည် ဖြစ်၍ ဝန်တိုခြင်း အညစ်အကြေးကို အမြစ်အရင်းနှင့် တကွ ပယ်ဖျောက်၍ လှည့်လည်ကုန်၏၊ ထိုသူတို့သည် မကဲ့ရဲ့ အပ်ကုန်မူ၍ မြတ်သော နတ်ပြည်ဌာနသို့ ကပ်ရောက်ရကုန်သတည်း။

သတ္တမသုတ်။