အင်္ဂုတ္တရနိကာယ်
(၈) ၃-အပဏ္ဏကဝဂ်
၂-သမ္မာဒိဋ္ဌိသုတ်
၇၂။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မချွတ်ယွင်းသော အကျင့်ကို ကျင့်သည် မည်၏၊ ထိုရဟန်းအား အာသဝေါတရားတို့ ကုန်ရန်အကြောင်းသည်လည်း ပြည့်စုံ၏။ အဘယ် လေးမျိုးတို့နည်းဟူမူ— ကာမဂုဏ်မှ ထွက်မြောက်ရန် ကြံခြင်း ‘နေက္ခမ္မဝိတက်’ နှင့်လည်းကောင်း၊ မပျက်စီးစေရန် ကြံခြင်း ‘အဗျာပါဒဝိတက်’ နှင့်လည်းကောင်း၊ မညှဉ်းဆဲရန် ကြံခြင်း ‘အဝိဟိံသာဝိတက်’ နှင့်လည်းကောင်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’နှင့်လည်းကောင်း (ပြည့်စုံခြင်းတည်း)။ ရဟန်းတို့ ဤတရား လေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မချွတ်ယွင်းသော အကျင့်ကို ကျင့်သည် မည်၏၊ ထိုရဟန်းအား အာသဝေါတရားတို့ ကုန်ရန်အကြောင်းသည်လည်း ပြည့်စုံ၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။