အင်္ဂုတ္တရနိကာယ်

(၈) ၃-အပဏ္ဏကဝဂ်

၈-ဒက္ခိဏသုတ်

၇၈။ ရဟန်းတို့ အလှူ၏ စင်ကြယ်ကြောင်းတို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုး တို့နည်းဟူမူ— ရဟန်းတို့ အလှူပေးပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သော အလှူမျိုးသည် ရှိ၏။ ရဟန်းတို့ အလှူခံပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူပေးပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သော အလှူမျိုးသည် ရှိ၏။ ရဟန်းတို့ အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ် အလှူခံ ပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ်သော အလှူမျိုးသည် ရှိ၏။ ရဟန်းတို့ အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ် အလှူခံပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်သော အလှူမျိုးသည် ရှိ၏။

ရဟန်းတို့ အဘယ်သို့လျှင် အလှူသည် အလှူပေးပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သနည်း၊ ရဟန်းတို့ ဤလောက၌ အလှူပေးသူသည် သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ အလှူခံပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်မာသော သဘော ရှိ၏။ ရဟန်းတို့ ဤသို့လျှင် အလှူသည် အလှူပေးပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်။

ရဟန်းတို့ အဘယ်သို့လျှင် အလှူသည် အလှူခံပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူပေးပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သနည်း၊ ရဟန်းတို့ ဤလောက၌ အလှူပေးပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်မာသော သဘော ရှိ၏၊ အလှူခံပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် အလှူသည် အလှူခံပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူပေးပုဂ္ဂိုလ်ကြောင့် မစင်ကြယ်။

ရဟန်းတို့ အဘယ်သို့လျှင် အလှူသည် အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ် အလှူခံပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ်သနည်း၊ ရဟန်းတို့ ဤလောက၌ အလှူပေးပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်မာ သော သဘော ရှိ၏၊ အလှူခံပုဂ္ဂိုလ်သည်လည်း သီလမရှိ၊ ယုတ်မာသော သဘော ရှိ၏။ ရဟန်းတို့ ဤသို့လျှင် အလှူသည် အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ် အလှူခံပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ်။

ရဟန်းတို့ အဘယ်သို့လျှင် အလှူသည် အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ် အလှူခံ ပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်သနည်း၊ ရဟန်းတို့ ဤလောက၌ အလှူပေးပုဂ္ဂိုလ်သည်လည်း သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ အလှူခံပုဂ္ဂိုလ်သည်လည်း သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ ရဟန်းတို့ ဤသို့လျှင် အလှူသည် အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ် အလှူခံပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်၏။ ရဟန်းတို့ အလှူ၏ စင်ကြယ်ကြောင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။