အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-ကကုဓဝဂ်

၁ဝ-ကကုဓထေရသုတ်

၁ဝဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်၏ အလုပ်အကျွေး ကကုဓမည်သော ကောလိယ၏ သားသည် ယခုပင်သေလွန်၍ ဈာန်စိတ်ဖြင့်ပြီးသော တစ်ခုသော ဗြဟ္မာဘုံ၌ ဖြစ်၏၊ ထိုကကုဓအား မဂဓတိုင်းရှိ ရွာနယ် နှစ်နယ် သုံးနယ်မျှလောက်သော အတ္တဘော ‘ခန္ဓာကိုယ်’ ကို ရ၏၊ ထိုကကုဓဗြဟ္မာသည် ထိုမျှလောက်သော အတ္တဘောကို ရခြင်းဖြင့် မိမိကိုယ်ကိုလည်း မပင်ပန်းစေ၊ သူတစ်ပါးကိုလည်း မပင်ပန်းစေ။

ထိုအခါ ကကုဓဗြဟ္မာသည် အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက် အသျှင်မဟာမောဂ္ဂလာန်အား —

“အသျှင်ဘုရား ‘ငါသည် ရဟန်းသံဃာကို ဆောင်အံ့’ဟု ဒေဝဒတ်အား ဤသို့သဘောရှိသော အလိုဆိုးဖြစ်ပေါ်ပါ၏၊ အသျှင်ဘုရား ဒေဝဒတ်သည် စိတ်ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် ထို (ရပြီးသော) တန်ခိုးမှဆုတ်ယုတ်ပါ၏”ဟု လျှောက်၏။

ဤစကားကို လျှောက်ပြီးလျှင် အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌ပင်ကွယ်ပျောက်လေ၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—

အသျှင်ဘုရား အကျွန်ုပ်၏ အလုပ်အကျွေးဖြစ်သော ကကုဓမည်သော ကောလိယ၏ သားသည် ယခုပင်သေလွန်၍ ဈာန်စိတ်ဖြင့်ပြီးသော တစ်ခုသော ဗြဟ္မာဘုံ၌ ဖြစ်ပါသည်၊ ထိုကကုဓဗြဟ္မာအား မဂဓ တိုင်းရှိရွာနယ် နှစ်နယ် သုံးနယ်မျှလောက်သော အတ္တဘော ‘ခန္ဓာကိုယ်’ ကို ရပါ၏၊ ထိုကကုဓဗြဟ္မာသည်ထိုမျှလောက်သော အတ္တဘောကို ရခြင်းဖြင့် မိမိကိုယ်ကိုလည်း မပင်ပန်းစေပါ၊ သူတစ်ပါးကိုလည်းမပင်ပန်းစေပါ။ အသျှင်ဘုရား ထိုအခါ ကကုဓဗြဟ္မာသည် အကျွန်ုပ်ထံသို့ ချဉ်းကပ်၍ အကျွန်ုပ်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်နေလျက် အကျွန်ုပ်အား —

“အသျှင်ဘုရား ‘ငါသည် ရဟန်းသံဃာကို ဆောင်အံ့’ဟု ဒေဝဒတ်အား ဤသို့သဘောရှိသော အလိုဆိုးဖြစ်ပေါ်ပါ၏၊ အသျှင်ဘုရား ဒေဝဒတ်သည် စိတ်ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် ထို (ရပြီးသော) တန်ခိုးမှဆုတ်ယုတ်ပါ၏”ဟု လျှောက်၏။

အသျှင်ဘုရား ဤစကားကို လျှောက်ပြီးလျှင် အကျွန်ုပ်ကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌ပင်ကကုဓဗြဟ္မာသည် ကွယ်သွားပါ၏ဟု လျှောက်၏။

မောဂ္ဂလာန် သင်သည် ကကုဓဗြဟ္မာကို (သင်၏) စိတ်ဖြင့် (ကကုဓဗြဟ္မာ၏) စိတ်ကို ပိုင်းခြား၍သိသလော၊ “ကကုဓဗြဟ္မာပြောဆိုသော စကားအလုံးစုံသည် ထိုဆိုသည့် အတိုင်းသာလျှင် မှန်ကန်သလော၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်ဘဲ ရှိသလော”ဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် ကကုဓဗြဟ္မာကို (အကျွန်ုပ်၏) စိတ်ဖြင့် (ကကုဓဗြဟ္မာ၏) စိတ်ကိုပိုင်းခြား၍ သိပါ၏၊ “ကကုဓဗြဟ္မာပြောဆိုသော စကားအလုံးစုံသည် ထိုဆိုသည့် အတိုင်းသာလျှင့်မှန်ကန် ပါ၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်ပါ”ဟု (လျှောက်၏)။

မောဂ္ဂလာန် ဤစကားကိုစောင့်စည်းဦးလော့၊ မောဂ္ဂလာန် ဤစကားကိုစောင့်စည်းဦးလော့၊ ယခုအခါ၌ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းသည် မိမိသည်ပင် မိမိကိုယ်ကို ထင်ရှားစွာပြုလတ္တံ့။

မောဂ္ဂလာန် လောက၌ ဤဆရာငါးမျိုးတို့သည် ထင်ရှားရှိကြကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

မောဂ္ဂလာန် ဤလောက၌ အချို့သော ဆရာသည် သီလမစင်ကြယ်သည်ဖြစ်လျက် “ငါသည်စင်ကြယ်သော သီလရှိ၏၊ ငါ၏ သီလသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း”ဟု ဝန်ခံ၏။ ထိုဆရာကို (သူ၏) တပည့်တို့သည် ဤသို့ သိကြကုန်၏၊ “ဤအသျှင်ဆရာသည် သီလမစင်ကြယ်သည် ဖြစ်ပါလျက် ‘ငါသည် စင်ကြယ်သော သီလရှိ၏၊ ငါ၏ သီလသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း’ဟုဝန်ခံ၏၊ ငါတို့သည် ထိုအကြောင်းကို လူတို့အား ပြောကြားကြမူ ထိုဆရာအား မြတ်နိုးမှု မဖြစ်ရာ၊ ထိုဆရာအား ယင်းမမြတ်နိုးဖွယ် စကားဖြင့် ငါတို့သည် အဘယ်ကြောင့် ပြောကြားကုန်မည်နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ငါတို့ကို ကောင်းစွာမြတ်နိုးစေသည်သာလျှင်တည်း၊ ထိုဆရာသည်ပင် ထို (မိမိ) ပြုမည့်အမှုဖြင့် ထင်ရှားလာလိမ့်မည်”ဟု (သိကြကုန်၏)။

မောဂ္ဂလာန် ဤသို့သဘောရှိသော ဆရာကို တပည့်ဖြစ်သူတို့သည် သီလမှ ကာကွယ်စောင့်ရှောက်ကုန်၏၊ ဤသို့သဘောရှိသော ဆရာသည်လည်း သီလမှ ကာကွယ်စောင့်ရှောက်မှုကို တပည့်တို့ထံမှလိုလားတောင့်တ၏။

မောဂ္ဂလာန် နောက်တစ်မျိုးကား ဤလောက၌ အချို့သော ဆရာသည် အသက်မွေးမှု မစင်ကြယ် သည်ဖြစ်လျက် “ငါသည် စင်ကြယ်သော အသက်မွေးမှုရှိ၏၊ ငါ၏ အသက်မွေးမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း”ဟု ဝန်ခံ၏။ ထိုဆရာကို (သူ၏) တပည့်တို့သည် ဤသို့ သိကြကုန်၏၊ “ဤအသျှင်ဆရာသည် မစင်ကြယ်သော အသက်မွေးမှုရှိသည်ဖြစ်ပါလျက် ‘ငါသည် စင်ကြယ်သော အသက်မွေးမှုရှိ၏၊ ငါ၏အသက်မွေးမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း’ဟု ဝန်ခံ၏။ ငါတို့သည်ထိုအကြောင်းကို လူတို့အား ပြောကြားကြမူ ထိုဆရာအား မြတ်နိုးမှု မဖြစ်ရာ၊ ထိုဆရာအား ယင်းမမြတ်နိုးဖွယ် စကားဖြင့် ငါတို့သည် အဘယ့်ကြောင့် ပြောကြားကုန်မည်နည်း၊ သင်္ကန်း ဆွမ်း ကျောင်းသူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ငါတို့ကို ကောင်းစွာ မြတ်နိုးစေသည်သာလျှင်တည်း၊ ထိုဆရာသည်ပင် ထို (မိမိ) ပြုမည့်အမှုဖြင့် ထင်ရှားလာလိမ့်မည်”ဟု (သိကြကုန်၏)။

မောဂ္ဂလာန် ဤသို့သဘောရှိသော ဆရာကို တပည့်ဖြစ်သူတို့သည် အသက်မွေးမှုမှ ကာကွယ်စောင့်ရှောက်ကုန်၏၊ ဤသို့သဘောရှိသော ဆရာသည်လည်း အသက်မွေးမှုမှ ကာကွယ်စောင့်ရှောက်မှုကိုတပည့်တို့ထံမှ လိုလားတောင့်တ၏။

မောဂ္ဂလာန် နောက်တစ်မျိုးကား ဤလောက၌ အချို့သော ဆရာသည် တရားဟောမှု မစင်ကြယ် သည်ဖြစ်ပါလျက် “ငါသည် စင်ကြယ်သော တရားဟောမှုရှိ၏၊ ငါ၏ တရားဟောမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း”ဟု ဝန်ခံ၏။ ထိုဆရာကို (သူ၏) တပည့်တို့သည် ဤသို့ သိကြကုန်၏၊ “ဤအသျှင်ဆရာသည် တရားဟောမှု မစင်ကြယ်သည်ဖြစ်လျက် ‘ငါသည် စင်ကြယ်သော တရားဟောမှုရှိ၏၊ ငါ၏ တရားဟောမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း’ဟု ဝန်ခံ၏။ ငါတို့သည်ထိုအကြောင်းကို လူတို့အား ပြောကြားကြမူ ထိုဆရာအား မြတ်နိုးမှု မဖြစ်ရာ၊ ထိုဆရာအားယင်းမမြတ်နိုးဖွယ်စကား ဖြင့် ငါတို့သည် အဘယ်ကြောင့် ပြောကြားကုန်မည်နည်း၊ သင်္ကန်း ဆွမ်းကျောင်း သူနာ၏ အထောက် အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ငါတို့ကို ကောင်းစွာ့မြတ်နိုးစေသည်သာလျှင်တည်း၊ ထိုဆရာသည်ပင် ထို (မိမိ) ပြုမည့်အမှုဖြင့် ထင်ရှားလာလိမ့်မည်”ဟု (သိကြကုန်၏)။

မောဂ္ဂလာန် ဤသို့သဘောရှိသော ဆရာကို တပည့်ဖြစ်သူတို့သည် တရားဟောမှုမှ ကာကွယ်စောင့်ရှောက်ကုန်၏၊ ဤသို့သဘောရှိသော ဆရာသည်လည်း တရားဟောမှုမှ ကာကွယ်စောင့်ရှောက်မှုကိုတပည့်တို့ထံမှ လိုလားတောင့်တ၏။

မောဂ္ဂလာန် နောက်တစ်မျိုးကား ဤလောက၌ အချို့သော ဆရာသည် ဖြေဆိုမှု မစင်ကြယ်သည်ဖြစ်ပါလျက် “ငါသည် စင်ကြယ်သော ဖြေဆိုမှုရှိ၏၊ ငါ၏ ဖြေဆိုမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း”ဟု ဝန်ခံ၏။ ထိုဆရာကို (သူ၏) တပည့်တို့သည် ဤသို့ သိကြကုန်၏၊ “ဤအသျှင်ဆရာသည် ဖြေဆိုမှု မစင်ကြယ်သည်ဖြစ်ပါလျက် ‘ငါ၏ ဖြေဆိုမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း’ဟု ဝန်ခံ၏။ ငါတို့သည် ထိုအကြောင်းကို လူတို့အား ပြောကြားကြကုန်မူ ထိုဆရာအားမြတ်နိုးမှု မဖြစ်ရာ၊ ထိုဆရာအား ယင်းမမြတ်နိုးဖွယ် စကားဖြင့် ငါတို့သည် အဘယ်ကြောင့် ပြောကြားကုန်မည်နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ငါတို့ကိုကောင်းစွာ မြတ်နိုးစေသည်သာလျှင်တည်း၊ ထိုဆရာသည်ပင် ထို (မိမိ) ပြုမည့်အမှုဖြင့် ထင်ရှားလာလိမ့်မည်”ဟု (သိကြကုန်၏)။

မောဂ္ဂလာန် ဤသို့သဘောရှိသော ဆရာကို တပည့်ဖြစ်သူတို့သည် ဖြေဆိုမှုမှ ကာကွယ်စောင့်ရှောက်ကုန်၏၊ ဤသို့သဘောရှိသော ဆရာသည်လည်း ဖြေဆိုမှုမှ ကာကွယ်စောင့်ရှောက်ခြင်းကိုတပည့်တို့ထံမှ လိုလားတောင့်တ၏။

မောဂ္ဂလာန် နောက် တစ်မျိုးကား ဤလောက၌ အချို့သော ဆရာသည် ဉာဏ်အမြင် မစင်ကြယ် သည်ဖြစ်ပါလျက် “ငါသည် စင်ကြယ်သော ဉာဏ်အမြင်ရှိ၏၊ ငါ၏ ဉာဏ်အမြင်သည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း”ဟု ဝန်ခံ၏။ ထိုဆရာကို (သူ၏) တပည့်ဖြစ်သူတို့သည် ဤသို့ သိကြကုန်၏၊ “ဤအသျှင်ဆရာသည် ဉာဏ်အမြင် မစင်ကြယ်သူဖြစ်ပါလျက် ‘ငါသည် စင်ကြယ်သော ဉာဏ်အမြင်ရှိ၏၊ ငါ၏ ဉာဏ်အမြင်သည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း’ဟု ဝန်ခံ၏။ ငါတို့သည် ထိုအကြောင်းကိုလူတို့အား ပြောကြားကြကုန်မူ ထိုဆရာအား မြတ်နိုးမှု မဖြစ်ရာ၊ ထိုဆရာအား ယင်းမမြတ်နိုးဖွယ်စကားဖြင့် ငါတို့သည် အဘယ်ကြောင့် ပြောကြားကုန်မည်နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ငါတို့ကို ကောင်းစွာ မြတ်နိုးစေသည်သာလျှင်တည်း၊ ထိုဆရာသည်ပင် ထို (မိမိ) ပြုမည့်အမှုဖြင့် ထင်ရှားလာလိမ့်မည်”ဟု (သိကြကုန်၏)။

မောဂ္ဂလာန် ဤသို့သဘောရှိသော ဆရာကို တပည့်ဖြစ်သူတို့သည် ဉာဏ်အမြင်မှစောင့်ရှောက်ကာကွယ်ကုန်၏၊ ဤသို့သဘောရှိသော ဆရာသည်လည်း ဉာဏ်အမြင်မှ ကာကွယ်စောင့်ရှောက်မှုကိုတပည့်တို့ထံမှ လိုလားတောင့်တ၏။

မောဂ္ဂလာန် လောက၌ ဤဆရာငါးမျိုးတို့သည် ထင်ရှားရှိကုန်၏။

မောဂ္ဂလာန် ငါသည်ကား သီလစင်ကြယ်သည်ဖြစ်၍ “ငါသည် စင်ကြယ်သော သီလရှိ၏၊ ငါ၏သီလသည် စင်ကြယ်၏၊ တောက်ပ၏၊ ညစ်နွမ်းခြင်း မရှိ”ဟု ဝန်ခံ၏၊ တပည့်တို့သည်လည်း ငါ့ကို သီလမှမကာကွယ် မစောင့်ရှောက်ကြကုန်၊ ငါသည်လည်း သီလမှ ကာကွယ်စောင့်ရှောက်ခြင်းကို တပည့်တို့ထံမှမလိုလား မတောင့်တ။

အသက်မွေးမှု စင်ကြယ်သည်ဖြစ်၍ “ငါသည် စင်ကြယ်သော အသက်မွေးမှုရှိ၏၊ ငါ၏ အသက်မွေးမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ ညစ်နွမ်းခြင်း မရှိ”ဟု ဝန်ခံ၏၊ တပည့်တို့သည်လည်း ငါ့ကိုအသက်မွေးမှုမှ မကာကွယ် မစောင့်ရှောက်ကြကုန်၊ ငါသည်လည်း အသက်မွေးမှုမှ ကာကွယ်စောင့်ရှောက်ခြင်းကို တပည့်တို့ထံမှ မလိုလား မတောင့်တ။

တရားဟောမှု စင်ကြယ်သည်ဖြစ်၍ “ငါသည် စင်ကြယ်သော တရားဟောမှုရှိ၏၊ ငါ၏ တရားဟောမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ ညစ်နွမ်းခြင်း မရှိ”ဟု ဝန်ခံ၏၊ တပည့်တို့သည်လည်း ငါ့ကိုတရားဟောမှုမှ မကာကွယ် မစောင့်ရှောက်ကြကုန်၊ ငါသည်လည်း တရားဟောမှုမှ ကာကွယ်စောင့်ရှောက်ခြင်းကို တပည့်တို့ထံမှ မလိုလား မတောင့်တ။

ဖြေဆိုမှု စင်ကြယ်သည်ဖြစ်၍ “ငါသည် စင်ကြယ်သော ဖြေဆိုခြင်းရှိ၏၊ ငါ၏ ဖြေဆိုမှုသည်စင်ကြယ်၏၊ တောက်ပ၏၊ ညစ်နွမ်းခြင်း မရှိ”ဟု ဝန်ခံ၏၊ တပည့်တို့သည်လည်း ငါ့ကို ဖြေဆိုမှုမှမကာကွယ် မစောင့်ရှောက်ကြကုန်၊ ငါသည်လည်း ဖြေဆိုမှုမှ ကာကွယ်စောင့်ရှောက်ခြင်းကိုတပည့်တို့ထံမှ မလိုလား မတောင့်တ။

ဉာဏ်အမြင် စင်ကြယ်သည်ဖြစ်၍ “ငါသည် စင်ကြယ်သော ဉာဏ်အမြင်ရှိ၏၊ ငါ၏ ဉာဏ်အမြင်သည်စင်ကြယ်၏၊ တောက်ပ၏၊ ညစ်နွမ်းခြင်း မရှိ”ဟု ဝန်ခံ၏၊ တပည့်တို့သည်လည်း ငါ့ကို ဉာဏ်အမြင်မှမကာကွယ် မစောင့်ရှောက်ကြကုန်၊ ငါသည်လည်း ဉာဏ်အမြင်မှ ကာကွယ်စောင့်ရှောက်ခြင်းကိုတပည့်တို့ ထံမှ မလိုလား မတောင့်တဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် ကကုဓဝဂ် ပြီး၏။

ဒုတိယ သုတ်ငါးဆယ် ပြီး၏။