အင်္ဂုတ္တရနိကာယ်

(၁၁) ၁-ဖာသုဝိဟာရဝဂ်

၁ဝ-အရညသုတ်

၁၁ဝ။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲခြင်းငှါ သင့်လျော်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —

သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။

အကြားအမြင်များ၏။ပ။ ဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏။

ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံစွာ အားထုတ်မှုရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။

မျက်မှောက်၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် လွန်မြတ်သော စိတ်ကို ဖြစ်စေတတ်သော ရူပါဝစရဈာန့်လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏။

အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အစွန်အဖျားကျသော တောကျောင်း တို့ကိုမှီဝဲခြင်းငှါ သင့်လျော်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော ဖာသုဝိဟာရဝဂ် ပြီး၏။