အင်္ဂုတ္တရနိကာယ်
၂-ဗလဝဂ်
၅-ဒဋ္ဌဗ္ဗသုတ်
၁၅။ ရဟန်းတို့ အားတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ယုံကြည်မှု ‘သဒ္ဓါ’အား၊ အားထုတ်မှု ‘ဝီရိယ’အား၊ အောက်မေ့မှု ‘သတိ’အား၊ တည်ကြည်မှု ‘သမာဓိ’အား၊ သိမှု ‘ပညာ’အား တို့တည်း။
ရဟန်းတို့ အဘယ်တို့၌ ယုံကြည်မှု ‘သဒ္ဓါ’ အားကို (အကြီးအမှူးဟူ၍) မှတ်အပ်သနည်း၊ သောတာပန်ဖြစ်ကြောင်း အင်္ဂါလေးမျိုးတို့၌ ယုံကြည်မှု ‘သဒ္ဓါ’အားကို (အကြီးအမှူးဟူ၍) မှတ်အပ်၏။
ရဟန်းတို့ အဘယ်တို့၌ အားထုတ်မှု’ဝီရိယ’အားကို မှတ်အပ်သနည်း၊ သမ္မပ္ပဓာန်လေးပါးတို့၌ အားထုတ်မှု ‘ဝီရိယ’အားကို မှတ်အပ်၏။
ရဟန်းတို့ အဘယ်တို့၌ အောက်မေ့မှု’သတိ’အားကို မှတ်အပ်သနည်း၊ သတိပဋ္ဌာန်လေးပါးတို့၌ အောက်မေ့မှု ‘သတိ’အားကို မှတ်အပ်၏။
ရဟန်းတို့ အဘယ်တို့၌ တည်ကြည်မှု’သမာဓိ’အားကို မှတ်အပ်သနည်း၊ ဈာန်လေးပါးတို့၌ တည်ကြည်မှု ‘သမာဓိ’အားကို မှတ်အပ်၏။
ရဟန်းတို့ အဘယ်တို့၌ သိမှု’ပညာ’အားကို မှတ်အပ်သနည်း၊ အရိယသစ္စာလေးပါးတို့၌ သိမှု’ပညာ’ အားကို မှတ်အပ်၏။
ရဟန်းတို့ အားတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။