အင်္ဂုတ္တရနိကာယ်
(၁၆) ၁-သဒ္ဓမ္မဝဂ်
၁ဝ-ဒုပ္ပဋိဝိနောဒယသုတ်
၁၆ဝ။ ရဟန်းတို့ ဖြစ်ပေါ်လာသည့် ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ဖြစ်ပေါ်လာသည့် စွဲမက်မှု ‘ရာဂ’ကို ဖျောက်နိုင်ခဲလှ၏။
ဖြစ်ပေါ်လာသည့် အမျက်ထွက်မှု ‘ဒေါသ’ကို ဖျောက်နိုင်ခဲလှ၏။
ဖြစ်ပေါ်လာသည့် တွေဝေမှု ‘မောဟ’ကို ဖျောက်နိုင်ခဲလှ၏။
ဖြစ်ပေါ်လာသည့် ဉာဏ်၌ ထင်မြင်မှုကို ဖျောက်နိုင်ခဲလှ၏။
ဖြစ်ပေါ်လာသည့် ခရီးသွားလိုစိတ်ကို ဖျောက်နိုင်ခဲလှ၏။
ရဟန်းတို့ ဖြစ်ပေါ်လာသည့် ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ရှေးဦးစွာသော သဒ္ဓမ္မဝဂ် ပြီး၏။